Saturday, May 9, 2020

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၇) { ပါဆီရပ်စ်-၃}

တိုက်တန်လူ့ဘီလူးကြီး အတ်လတ်စ်
****************************
ဂေါ်ဂွန်မက်ဒူးဆာ (Gorgon Medusa) ရဲ့ ခေါင်းကိုဖြတ်၊ မှော်အိတ်နက်မှာ သွတ်သွင်း၊ အဲဒီနောက်...သူ့ကိုသတ်ဖို့လိုက်ရှာနေကြတဲ့ မက်ဒူးဆာရဲ့ ‌ကြောက်မက်ဖွယ် အစ်မနှစ်ယောက်လက်ကနေအမိမခံပဲ ထွက်ပြေးလာခဲ့တဲ့ ပါဆီရပ်စ်။

ဟာမီးစ်(Hermes)ရဲ့ အရောင်တလက်လက်တောက်နေတဲ့ရွှေဖိနပ်ပျံလေးကိုစီးပြီး မရပ်မနားခရီးနှင်လာလိုက်တာ ကမ္ဘာမြေရဲ့အနောက်ဖက်အစွန်းနားနေဝင်ရာအရပ်ကိုတောင်ရောက်ပေါ့။
ပင်ပန်းနွမ်းနယ်မှုကိုဖြေဖျောက်ဖို့ သာယာလှပတဲ့ စိမ်းစိမ်းစိုစိုမြက်ခင်းပြင်ကြီးရှိရာအရပ်မှာ ခေတ္တရပ်လိုက်တယ်။
သူ့ရှေ့မှားမားမားကြီးရပ်လို့ ငုံ့ကြည့်နေသူက ကောင်းကင်ကိုထမ်းထားသူ တိုက်တန် (Titan)လူ့ဘီလူးကြီး အတ်လတ်စ် (Atlas)။

" သင်သည် မည်သူနည်း။
မည်သည့်အတွက်ကြောင့် စိမ်းလန်းလှပသောကျွန်ုပ်၏ နယ်မြေကို ကျူးကျော်လာရသနည်း"

" အမည်မှာပါဆီရပ်စ်ဖြစ်၍ ‌‌အသီးနားနတ်ဘုရားနှင့် ဟာမီးစ်နတ်ဘုရားတို့၏စောင့်ရှောက်မှုဖြင့် ဂေါ်ဂွန်မက်ဒူးဆာကိုသုတ်သင်ခဲ့သူဖြစ်သည်။
ကြမ်းတမ်းသည့်ခရီးကို အသက်ဘေးမှလွတ်မြောက်သည်အထိအပြင်းနှင်ခဲ့ရ၍ သင်၏နယ်မြေတွင် ခဏတာမျှအနားယူခွင့်ပေးပါက နတ်ဘုရားများ၏ကျေးဇူးတင်ခြင်းကို ခံရပါလိမ့်မည်"

" သင်၏ နတ်ဘုရားများနှင့် ငါသည် မည်သည့်အခါကမှမိတ်ဆွေကောင်းများမဟုတ်ခဲ့။
ငါ့အားဤအရပ်၌ ကောင်းကင်ကိုထမ်းစေ၍ တစ်သက်ပတ်လုံး ဒုက္ခခံစေခဲ့သူမှာလဲ ဇူးစ်နှင့် အပေါင်းအပါနတ်ဘုရားများပင် ဖြစ်သည်။"

"နတ်ဘုရားများ၏ မျက်နှာထောက်ထားစရာမရှိသော် သေခြင်းကင်းသည့် တိုက်တန်မျိုးနွယ်တစ်ယောက်က သေမျိုး၊သေနွယ်လူသားတစ်ယောက်ကို ထောက်ညှာသောအားဖြင့် တစ်ညတာမျှနားခိုခွင့်ပြုပါ"
"ငါ၏အစ်ကိုဖြစ်သူ ပရိုမီးသီးရပ်စ်ဖန်တီးခဲ့သော သေမျိုးသေနွယ်လူသားများသည်လဲ ကောင်းသူများမဟုတ်ကြ။
ဟာရကလိ ဟုအမည်တွင်သော လူသားတစ်ဦးမှ ငါ့အားလှည့်ဖျား၍ ငါ့သမီးများ၏ရွှေရောင်ဥယျာဥ်မှ ရွှေရောင်ပန်းသီးကို ရယူသွားခဲ့ဖူးလေပြီ။
သင်သည်လဲ ရွှေရောင်ပန်းသီးကို ခိုးယူလိုသူ အခြားလူသားတစ်ဦးပင် ဖြစ်ရမည်။
ဤ တစ်ကြိမ်၌ ငါသည်းမခံတော့။
သင်၏အလိမ်အညာမုသားစကားများကိုလဲ နားမဆင်လိုတော့ပြီ"

တိုက်တန်လူ့ဘီလူးကြီး အတ်လတ်စ်က ပြောပြောဆိုဆိုနဲ့ပဲ ပါဆီရပ်စ်ကို စတင်တိုက်ခိုက်တော့တယ်။
ဒီလောက်သန်မာထွားကြိုင်းပြီး ကောင်းကင်ကိုတောင်ထမ်းနိုင်လောက်အောင်ကြီးမားတဲ့ အတ်လတ်စ်ကို ပါဆီရပ်စ်က ဘယ်လိုမှနိုင်အောင်မတိုက်နိုင်ပါဘူး။
မနိုင်မှန်းလဲသိပါတယ်။
ဒီတော့ ရွှေဖိနပ်ပျံနဲ့ကောင်းကင်ကိုဝဲ၊ သူ့အိတ်ထဲမှာထည့်ထားတဲ့ သေသွားတာတောင်အစွမ်းထက်နေဆဲဖြစ်တဲ့ မက်ဒူးဆာရဲ့ခေါင်းကိုထုတ်ပြီး တိုက်တန်ကြီး အတ်လတ်စ်ရဲ့ မျက်နှာရှေ့မှာပြလိုက်တယ်။
မက်ဒူးဆာရဲ့ စူးရှအေးစက်နေဆဲမျက်လုံးတွေကိုတွေ့လိုက်ရပြီးတဲ့နောက် အတ်လတ်စ်ရဲ့တစ်ကိုယ်လုံး တစ်ဖြည်းဖြည်းလေးလံလာပြီးလဲကျသွားလို့ ကျောက်စိုင်ကျောက်သားတွေအဖြစ်ပြောင်းသွားတော့တယ်။
သူရဲ့ကိုယ်လုံးကြီးကတောင်တန်းကြီးဖြစ်သွားပြီး သူ့ရဲ့မုတ်ဆိတ်တွေ၊ ဆံပင်တွေကတော့ သစ်တောသစ်ပင်တွေဖြစ်သွားတယ်။
သူရဲ့ဦးခေါင်းကတော့ တောင်ထိပ်တစ်ခုဖြစ်သွားပြီး အရိုးတွေကလဲကျောက်တုံး၊ ကျောက်ခဲတွေဖြစ်သွားတယ်။
ဒီလိုနဲ့ အတ်လတ်စ်တောင်တန်းကြီးပေါ်ပေါက်လာတော့တယ်။

ရေနဂါးကြီး ဆီးတက်စ် (Cetus)
************************
နောက်တစ်နေ့ နေထွက်ချိန်မှာ အတ်လတ်စ် တောင်တန်းကြီးကိုကျောခိုင်းပြီး အိမ်ပြန်ခရီးကိုဆက်ထွက်လာတဲ့ ပါဆီရပ်စ်ဟာ ဆာဟာရသဲကန္တာရပေါ်ကဖြတ်ပျံလာခဲ့တယ်။
မက်ဒူးဆာရဲ့ ခေါင်းပြတ်ကကျတဲ့သွေးတစ်ချို့ဟာ ဆာဟာရသဲကန္တာရထဲမှာ မြွေဆိုးတွေအဖြစ် အသွင်းပြောင်းသွားပြီး ဆက်လက်ရှင်သန်ကျန်နေခဲ့တယ်။
အဲဒီနောက် တောင်ပိုင်းကိုဆက်ပြီးပျံသန်းလာတဲ့အခါ အီသီးရိုးပီးယားနိုင်ငံ (Ethiopia) ကိုရောက်လို့လာတယ်။
အီသီးရိုးပီးယားရဲ့အရှေ့ ပင်လယ်နားကဖြတ်ပျံစဥ်မှာကျောက်ဆောင်တစ်ခုပေါ်မှာ သံကြိုးတွေနဲ့ချည်နှောင်ခံထားရတဲ့ နတ်မိမယ်အလားလှပသူလေးတစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်။

ကျောက်ဆောင်ပေါ်ဆင်းသက်လို့ မိန်းကလေးရဲ့အမည်၊ မျိုးရိုးနဲ့ အဖြစ်ကိုမေးတဲ့အခါ၊ မိန်းမငယ်လေးက ရှက်ပြီးသူ့မျက်နှာတွေကိုလက်ဖဝါးနှစ်ဖက်နဲ့အုပ်၊ ဆံနွယ်တွေကြားမှာမျက်နှာဝှက်လို့ ထားတဲ့အတွက် အခက်ကြုံရတယ်။
အကြိမ်ကြိမ်မေးတော့မှ
" အကျွန့်မှာ အီသီးရိုးပီးယားနိုင်ငံ၏ ပြည့်ရှင်မင်း ဆီးဖီးရပ်စ် နှင့် မိဖုရားကြီး ကက်စီယိုပီးရာ ၏တစ်ဦးတည်းသော သမီးတော် အန်ဒရိုမီးဒ ဖြစ်သည်။
မိခင် ကက်စီယိုပီးရားစ်မှာ အကျွန့်အလှအတွက်ဂုဏ်ယူလွန်းလှသဖြင့် နတ်ဘုရားပိုဆီဒန် လက်အောက်မှ ပင်လယ်စောင့်နတ်သမီးများထက်ပင် အဆများစွာ သာလွန်လှပသည့် သမီးတော်လေး ဟုကြွားဝါခဲ့မိပါသည်။
ထိုစကားကို သမုဒ္ဒရာစောင့်နတ်ဘုရားဖြစ်သည့် ပိုဆီဒန်မှ အမျက်ထွက်သဖြင့် အကျွန့်တိုင်းပြည်အား ရေနဂါးကြီးတစ်ကောင်ကိုလွှတ်၍ အကြိမ်ကြိမ်ဖျက်စီးစေခဲ့ရာ ကျွန်ုပ်၏ဖခင်ဘုရင်ကြီးမှာလဲ ဘာမှမတတ်နိုင်ခဲ့ပါ။
နတ်ဝင်သည်မှ အကျွန့်အား ပင်လယ်သတ္တဝါဆိုးကြီးထံတွင် စတေးခြင်းနည်းလမ်းကသာ တိုင်းပြည်ကိုကယ်တင်နိုင်မည်ဆိုသဖြင့် ယခုကဲ့သို့ပင်လယ်ကျောက်ဆောင်ပေါ်တွင်ချည်နှောင်ကာ သတ္တဝါကြီးထံယဇ်ပူဇော်ခံရခြင်းဖြစ်ပါသည်"

ပါဆီရပ်စ်နဲ့ အန်ဒရိုမီဒ (Andromeda) တို့ပြောဆိုနေတုန်းမှာပဲ ပင်လယ်လှိုင်းလုံးကြီးတွေထကြွလာပြီး ပင်လယ်ထဲကနေ ကြီးမားပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ရေနဂါးကြီးဆီးတက်စ် (Cetus)ပေါ်လာတော့တယ်။

ကမ်းခြေမှာ အီသီးရိုးပီးရားဘုရင် ဆီးဖီးရပ်စ် (Cepheus) နဲ့ မိဖုရား ကက်စီယိုပီးရာ (Cassiopeia) တို့ကလဲ သမီးတော်လေးကို စိတ်ပူပန်စွာနဲ့ကြည့်နေကြပြီး ကက်စီယိုပီးရာကတော့ အော်ဟစ်ငိုကြွေးနေတယ်။

" အို...ဘုရင်မင်းမြတ် ဆီးဖီးရပ်စ်နှင့် မိဖုရား ကက်စီယိုပီးရာ...
ဤ ရေသတ္တဝါမိစ္ဆာကောင်ဆိုးအား သုတ်သင်နိုင်ပါက သင့်သမီးတော်၏လက်ကို ကျွန်ုပ်ထံ နှင်းအပ်နိုင်ပါမည်လော"

ကမ်းခြေနဲ့မလှမ်းမကမ်းရေပြင်ပေါ်ကိုပျံသန်းသွားပြီးကောင်းကင်ကနေ လှမ်းအော်မေးလိုက်တဲ့ ပါဆီရပ်စ်ရဲ့အသံကိုကြားတဲ့အခါ သမီးဇောကပ်နေတဲ့မိဖုရားကြီးက
" ရဲရင့်၍ ယောကျ်ားပီသလှသည့် သူရဲကောင်းလူငယ်...ရေနဂါးထံတွင် သမီးတော်လေးကိုဆုံးရှုံးရခြင်းထက် သင်ကဲ့သို့လူစွမ်းကောင်းတစ်ယောက်ထံတွင် သမီးတော်လေးကိုအပ်နှံရခြင်းက ကျွန်ုပ်ရင်မှအပူမီးအား ငြှိမ်းသတ်ခြင်းငှာစွမ်းပါလိမ့်မည်"
ဘုရင်ကြီးကလဲ
 
" အကယ်၍ ရေနဂါးမိစ္ဆာအား အောင်မြင်စွာသုတ်သင်နိုင်ပါက သင့်အား သမီးတော်လေးနှင့် လက်ဆက်ရန် သဘောတူပါသည်"

ပါဆီရပ်စ်က ရေနဂါးကြီးဆီးတက်စ်ဆီကို ပျံသန်းသွားလိုက်ပြီး နတ်ဘုရားမအသီးနားပေးတဲ့ဓါးကောက်နဲ့ဝင်ရောက်တိုက်ခိုက်တာ့တယ်။
ပင်လယ်တစ်ခုလုံး လှိုင်းတွေတစ်ဝုန်းဝုန်းထနေပြီး ရေမှုန်ရေမွှားတွေကလဲ အရပ်မျက်နှာအဖက်ဖက်ကိုလွင့်လို့။
မြွေနဂါးကြီးက‌ဒေါသတစ်ကြီးနဲ့ ပါဆီရပ်စ်ကို ထိုးကိုက်လိုက်တဲ့အချိန်မှာ လျင်မြန်ဖျတ်လတ်တဲ့ပါဆီရပ်စ်က လွတ်အောင်ရှောင်တိမ်းလို့မြွေနဂါးကြီးရဲ့အနောက်ကိုပျံသန်းသွားပြီး ကြီးမားရှည်လျားလှတဲ့ ကျောကုန်းတစ်နေရာကို ဓါးနဲ့ထိုးစိုက်ချလိုက်တယ်။
အချိန်အတော်ကြာတိုက်ခိုက်ပြီးလို့ ဒဏ်ရာနဲ့ ခြေကုန်လက်ပန်းကျမှုကြောင့် ရေနဂါးကြီးရဲ့လှုပ်ရှားမှုတွေနှေးကွေးသွားချိန်မှ ပါဆီရပ်စ်ကပွဲသိမ်းလက်နက်ကို ထုတ်သုံးလိုက်တယ်။
မြင့်မားတဲ့ကျောက်ဆောင်တစ်ခုပေါ်မှာတွယ်ကပ်နေရာကနေ မက်ဒူးဆာရဲ့ဦးခေါင်းကိုထုတ်ပြလိုက်တဲ့ ပါဆီရပ်စ်ကိုစိုက်ကြည့်ရင်း ရေနဂါးကြီးဟာ ကျောက်ရုပ်တုကြီးတစ်ခုအဖြစ် တစ်ဖြည်းဖြည်းအသွင်ပြောင်းသွားပြီး မကြာခင်မှာပဲလုံးဝဥဿုံ ငြိမ်သက်သွားတော့တယ်။

ဆရီဖို့စ်ကျွန်းသို့အပြန်
******************

ပိုဆီဒန် (Poseidon) ရဲ့ ရေနဂါးကြီးကိုအောင်နိုင်ခဲ့တဲ့ ပါဆီရပ်စ်တစ်ယောက်၊ ချောမောလှပတဲ့မင်းသမီးလေး အန်ဒရိုမီဒ ကိုလက်ဆက်၊ ကြင်ယာအဖြစ် သူနဲ့တစ်ပါတည်းဆောင်ယူလို့ အိမ်ပြန်ခရီးကို ဆက်ထွက်ခဲ့တော့တာပေါ့။
ပေးထားတဲ့ကတိအတိုင်း ဘုရင်ပေါ်လီဒက်တပ်စ် (Polydectes)ကိုမက်ဒူးဆာဦးခေါင်းလက်ဆောင်ပေးဖို့ ဆရီဖို့စ်ကျွန်း (Serifos)ကိုပြန်ရောက်လာတဲ့ ပါဆီရပ်စ်ဟာ သူ့အမေကိုတွေ့ဖို့အတွက် တံငါအိမ်လေးကို အရင်ဆုံးပြန်သွားခဲ့တယ်။
သူ့တို့သားအမိကိုကယ်တင်စောင့်ရှောက်ခဲ့တဲ့ ဒစ်တစ်စ် (Dictys) ကအကြောင်းစုံပြန်ပြောတာကြောင့် ဘုရင်ပေါ်လီဒက်တပ်စ်ရဲ့ ကောက်ကျစ်တဲ့အကြံကိုသူသိသွားတယ်။
သူ့အမေကိုဘုရင်ပေါ်လီဒက်တပ်စ်က သိမ်းပိုက်ပြီးကျွန်အဖြစ်ထားကာ နှိပ်စက်ကလူပြူနေတယ်ဆိုတဲ့အကြောင်းကို ကြားရတဲ့အခါမှာတော့ ဒေါသအကြီးအကျယ်ထွက်သွားတဲ့ပါဆီရပ်စ်တစ်ယောက်နန်းတော်ကိုဒုန်းစိုင်းပြီးသွားတော့တယ်။

ပေါ်လီဒက်တပ်စ် (Polydectec)
************************
"ဝုန်း"
ဆိုတဲ့အသံကြီးနဲ့ နန်းတော်ရဲ့ ခန်းမတံခါးကြီးပွင့်သွားတဲ့အခါမှာတော့ အထဲမှာသောက်စားနေကြတဲ့ ဆရီဖို့စ်ကျွန်းရဲ့ဘုရင်ပေါ်လီဒက်တပ်စ်နဲ့ သူ့လူတွေအားလုံး တိတ်ဆိတ်သွားပြီး တံခါးဝကိုလှမ်းကြည့်လိုက်ကြတယ်။
တံခါးဝမှာ အလင်းရောင်ကိုကျောပေးပြီးရပ်နေတဲ့ သန်စွမ်းကျစ်လျစ်တဲ့ ကိုယ်ခန္ဓာနဲ့ ပါဆီရပ်စ်။

" ဆိုးညစ်သည့်ဘုရင် ပေါ်လီဒက်တပ်စ်...
သင်လိုချင်သည့် မက်ဒူးဆာခေါင်းအား ငါ‌ဆောင်ကျဥ်းခဲ့ပြီ။
ငါ၏ မိခင်အား အချိန်မဆိုင်းပဲ ယခုပင်ပြန်ပေးလော့"

" အပြောကြီးကာ ဘဝင်မြင့်သည့် အညတရ လူမွဲသူငယ်...
 သင်ကဲ့သို့သောသူက မက်ဒူးဆာခေါင်းကိုဆောင်ယူနိုင်သည်မှာ အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။
သင်သည် ဤကျွန်းသို့အရှက်တရား ကင်းမဲ့စွာပြန်လာရဲသေးသည်။
သင်၏ ကြွားဝါခြင်းနှင့် အလိမ်အညာတို့ကို ဤနေရာတွင် နိဌိတံစေ၍  သင်၏တံငါသည်ဒူးများအား ကျွန်ုပ်ရှေ့မှောက်တွင် ထောက်ကာတောင်းပန်ပါက သင်၏အသက်ကိုချမ်းသာပေးကောင်းပေးလိမ့်မည်။
သင့်မိခင်မှာကား ကျွန်ုပ်ပိုင်ဖြစ်နေပြီဖြစ်၍ သင့်နှင့်မဆိုင်ချေ"

ဘုရင်ပေါ်လီဒက်တပ်စ်ရဲ့စကားကို သူ့ရဲ့နောက်လိုက်နောက်ပါတွေကထောက်ခံပြီး တစ်ဝါးဝါး၊ တစ်ဟားဟား ရယ်မောကြရုံမက သီဆီရပ်စ်ကိုပါ ဖရုဿဝါစာတွေနဲ့ပြောဆိုလို့ လှောင်ပြောင်ရယ်မောကြလေတယ်။

" အို...ယုတ်ကမ်းမှုတွင်ပြိုင်ဘက်ကင်းသည် ‌ပေါ်လီဒက်တပ်စ်နှင့်အပေါင်းအပါများ...
သင်တို့တွေ့ချင်သည့် မက်ဒူးဆာခေါင်းကို ဤတွင်ကြည့်ကြလော့"

ပါဆီရပ်စ်နဲ့ သူ့လက်ထဲကမက်ဒူးဆာခေါင်းကို အံ့သြထိတ်လန့်စွာကြည့်ရင်းနဲ့ပဲ ပေါ်လီဒက်တပ်စ်နဲ့ ခန်းမထဲကသူ့လူအားလုံး နေရာမှာတင်ကျောက်ရုပ်တွေအဖြစ် အသွင်ပြောင်းကုန်ကြတော့တယ်။

ဒီတော့မှ ပါဆီရပ်စ်က သူ့အမေကိုကယ်တင်ပြီး ဘုရင်ပေါ်လီဒက်တပ်စ်ရဲ့ညီ တံငါဒစ်တစ်စ်ကိုနန်းတင်ပေးလို့ ၊ သူတို့သားအမိနဲ့ အန်ဒရိုမီဒကတော့ သူ့အဖိုးရဲ့တိုင်းပြည် အာဂိုစ် (Argos)ကိုထွက်ခွာခဲ့ကြတော့တယ်။
ရည်ရွယ်ချက်ကတော့ သူ့အဖိုး အာခရစ်ဆီးရာ့စ် (Acrisius)နဲ့ ငြိမ်းချမ်းရေးယူပြီး၊ သူဟာသူ့အဖိုးကိုသတ်မယ့်သူ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာ သက်သေပြဖို့ပါပဲ။

လက်ဆောင်များကိုပြန်အပ်ခြင်း
***********************
ဘုရင်ပေါ်လီဒက်တပ်စ်နဲ့ ပက်သက်တဲ့ကိစ္စအားလုံးပြီးသွားလို့ ရည်မှန်းချက်ပြည့်မြောက်သွားတဲ့အခါမှာ
မက်ဒူးဆာကိုသတ်ဖို့လိုအပ်တဲ့ပစ္စည်းကိရိယာတွေပေးခဲ့တဲ့ နတ်ဘုရားမ အသီးနား (Athena) နဲ့ ဟာမီးစ် (Hermes) တို့ ပါဆီရပ်စ်ရှေ့မှာ တဖန် ပြန်ပေါ်လာကြပြန်တယ်။
ဒီတစ်ခါကတော့ သူတို့ရဲ့ လက်နက်တန်ဆာ၊ အဆောင်အယောင်တွေကိုပြန်သိမ်းဖို့ပေါ့။

" အသင် ပါဆီရပ်စ်...
သင်၏ခရီးလမ်းတစ်လျှောက်တွင် သင်ထုတ်ဖော်ပြသခဲ့သော ရဲဝံ့စွန့်စားမှုနှင့် ကိုယ်ကျိုးမဖက်မှုတို့က နတ်ဘုရားများ၏အမြင်တွင် သင့်အားသူရဲကောင်းတစ်ယောက်အဖြစ် သက်သေတည်စေခဲ့ပြီ။
သင်သည် နတ်ဘုရားများ၏ကောင်းချီးပေးခြင်းကို အမှန်ပင်ထိုက်တန်သည့်  သူရသတ္တိနှင့်ပြည့်စုံရုံမက ဉာဏ်ပညာပါကိုလိုသလိုအသုံးချတတ်သော သူရဲကောင်းတစ်ယောက် စင်စစ်ဧကန်အမှန်ပင်"

ပါဆီရပ်စ်က သူ့ကိုခရီးတစ်လျောက်အကူအညီပေးခဲ့တဲ့ ဖိနပ်ပျံကို ဟာမီးစ်ကိုပြန်အပ်လိုက်ပြီး၊ ကိုယ်ပျောက်ခေါင်းဆောင်းခမောက်ကိုလဲ ဟေးဒီးစ်ကိုပြန်ပေးဖို့ဟာမီးစ်ကိုပဲပေးလိုက်တယ်။
မက်ဒူးဆာရဲ့ပုံရိပ်ကိုကြည့်ရာမှာသုံးခဲ့တဲ့ ရွှေရောင်ဒိုင်းနဲ့ မက်ဒူးဆာရဲ့ခေါင်းကိုဖြတ်ခဲ့တဲ့ဓါးကောက်ကိုတော့ အသီးနားကိုပေါ့။
ဒါ့အပြင် မက်ဒူးဆာရဲ့ ဦးခေါင်းကိုပါ နတ်ဘုရားမအသီးနားကို အပ်လိုက်တဲ့အခါ နတ်ဘုရားမအသီးနားက မှော်အိတ်နဲ့တကွ မက်ဒူးဆာရဲ့ခေါင်းကိုလက်ခံယူလိုက်တယ်။
ပြီးတော့ သူနဲ့မကွာ အမြဲဆောင်ထားတဲ့ဒိုင်းရှေ့မှာ မက်ဒူးဆာရဲ့ဦးခေါင်းကို အဆောင်အဖြစ်တပ်ဆင်ထားလိုက်တော့တယ်။

အာခရစ်ဆီးရာ့စ်၏နိဂုံး
*****************
အဖိုးနဲ့တွေ့ဖို့ခရီးရှည်ထွက်လာကြတဲ့ ပါဆီရပ်စ်နဲ့ကြင်ယာတော် အန်ဒရိုမီဒ၊ မယ်တော်ဒါနေ တို့ဟာ အာဂိုစ်‌‌‌‌ဒေသကိုမရောက်ခင် ဂရိပြည်က သက်စ်လေ (Thessaly) အရပ်ကိုအရောက်မှာ ခရီးတစ်ထောက်နားကြတယ်။
အဲဒီအချိန်မှာ သက်စ်လေရဲ့မြို့တော် လာရစ်ဆာ (Larissa) မှာ ကြီးကျယ်ခမ်းနားတဲ့ အားကစားပြိုင်ပွဲကြီးတစ်ခုကျင်းပနေတယ်။
အဖိုးဖြစ်သူ အာခရစ်ဆီးရားစ်ရဲ့ ဂုဏ်ကိုပိုတက်စေဖို့ အားကစားပြိုင်ပွဲကဆုတံဆိပ်တွေကိုပါ အာဂိုစ်ကိုယူသွားဖို့ဆုံးဖြတ်ပြီးတဲ့နောက် ပါဆီးရပ်စ် ကအားကစားပြိုင်ပွဲကြီးမှာဝင်နွှဲခဲ့တယ်။
သံပြားပစ်ပြိုင်ပွဲမှာ ပါဆီရပ်စ်က သံပြားဝိုင်းကြီးတစ်ခုကို အားရပါးရပစ်လိုက်တဲ့အခါ သံပြားကအရှိန်လွန်ပြီး ကွင်းထဲကလွင့်စင်ထွက်လို့ ပွဲကြည့်စင်မှာထိုင်ကြည့်နေကြတဲ့ ပရိသတ်ဆီကိုပါ‌ရောက်သွားခဲ့တယ်။
ပရိသတ်ထဲကမှ အဖိုးအိုတစ်ယောက်ကိုမှန်ပြီး အဖိုးအိုဟာနေရာမှာတင် ကွယ်လွန်အနိစ္စရောက်သွားတော့တယ်။
အဲဒီအဖိုးအိုက ပါဆီရပ်စ်ရဲ့အဖိုးတော်သူ ဘုရင်အာခရစ်ဆီးရာ့စ် ကိုယ်တိုင်ဖြစ်ပြီး ပွဲကြည့်ဖို့ သက်စ်လေကိုရောက်နေချိန်မှာ လွန်ခဲ့တဲ့နှစ်‌ပေါင်းများစွာကအပိုလိုနတ်ကွန်းဟောကိန်းအတိုင်း မြေးဖြစ်သူလက်ချက်နဲ့ နတ်ရွာစံကံကုန်ရှာရတာပါ။

မိုင်ဆီးနီ
******

အဖိုးကိုမရည်ရွယ်ပဲနဲ့ ကြိုတင်ဟောကိန်းထဲကအတိုင်း သတ်မိသွားတဲ့အတွက် ရှက်ရွံ့မိပြီး စိတ်မကောင်းခြင်းကြီးစွာဖြစ်သွားတဲ့ ပါဆီရပ်စ်က သူ့အဖိုးရဲ့တိုင်းပြည် အာဂိုစ်ကို မသွားတော့ပါဘူး။
အာခရစ်ဆီရာ့စ်ရဲ့ ထီနန်းကိုသိမ်းပိုက်ဖို့လဲ လိပ်ပြာမသန့်ပါဘူး။
ဒါကြောင့် သူ့ကြင်ရာတော် အန်ဒရိုမီဒနဲ့အတူ အာဂိုစ်နဲ့မနီးမဝေးမှာ မိုင်ဆီးနီး (Mycenae) ဆိုတဲ့မြို့သစ်ကိုတည်ထောင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် စီမံအုပ်ချုပ်ခဲ့တာ မကြာခင်မှာပဲ မြို့ကြီးတစ်မြို့ဖြစ်လာပါတော့တယ်။
အဲဒီနောက်တော့ လူစွန့်စားပါဆီရပ်စ်ဟာ အသက်အရွယ်အိုမင်းတဲ့တိုင်အောင် မိဖုရားဖြစ်သူ အန်ဒရိုမီဒရဲ့လက်ကိုတွဲပြီး မိုင်ဆီးနီးရဲ့ သူရဲကောင်းဘုရင်မင်းမြတ်အဖြစ် စိုးစံသွားပါတော့တယ်။

မောင်ဇိ ( ၀၈၊ ၀၅၊ ၂၀၂၀)
Pictures: Internet
(Side note: နတ်ဘုရားတွေထဲက Titan ဆိုတာ အရွယ်ပမာဏအားဖြင့်အင်မတန်ကြီးမားပြီး Giant ထက်ကြီးလို့ Titanic ဆိုတာဧရာမအကြီးကြီးဆိုတဲ့အဓိပ္ပါယ်မျိုးပါ။ ဒါကြောင့် ကြီးမားပြီးမနစ်မြုပ်နိုင်လို့ယုံကြည်ကြတဲ့ သင်္ဘောကြီးကို တိုက်တန်းနစ် လို့နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။)
















No comments:

Post a Comment