မက်ဒူးဆာကို သတ်မယ့်သူ
*********************
မက်ဒူးဆာကို သတ်မယ်လို့ကြုံးဝါးပြီးထွက်လာတဲ့ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ ပါဆီရပ်စ်။
ရက်သတ္တပါတ်ပေါင်းများစွာကြာသွားပြီး ကမ္ဘာမြေပြင်အနှံ့ခြေဆန့်ခဲ့တာတောင် မက်ဒူးဆာနဲ့ပက်သက်တဲ့ ဘာသတင်းမှမရ။
အဲလိုနဲ့လျှောက်သွားရင်းက တစ်နေ့မှာ တောအုပ်တစ်ခုထဲက သစ်ပင်တစ်ပင်အောက်မှာ မောမောနဲ့ သူအိပ်ပျော်သွားခဲ့တယ်။
အိပ်ရာကနိုးလို့ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါ ရွှေရောင်အဆင်းရှိတဲ့သစ်ရွက်တွေကိုပိုင်ဆိုင်တဲ့ အပင်တွေကြားထဲကိုရောက်နေတာကို အံ့သြဖွယ်ရာတွေ့လိုက်ရတယ်။
သူ့ဘေးမှာ မတ်တပ်ရပ်နေတာက အရပ်အမောင်းမြင့်မားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာတွေကိုဝတ်ဆင်လို့ လက်မှာလဲလှံတံရှည်တစ်ခုကိုကိုင်ဆွဲထားတဲ့ ရုပ်ရည်ချောမောပြေပြစ်လွန်းတဲ့ မိန်းမပျိုတစ်ယောက်နဲ့ တောင်ပံပါတဲ့ဖိနပ်တစ်ရံကိုစီးထားတဲ့ လုလင်ပျိုတစ်ယောက်။
ပါးကာ၊ နားကာအပြည့်နဲ့ ရွှေရောင်စစ်ပွဲဝင်သံခမောက်ကိုဆောင်းထားတဲ့ မိန်းမပျိုက ကြည်လင်တဲ့ အသံနဲ့ စ,ပြောတယ်။
"ဇူးစ်နတ်ဘုရားနှင့် လူသားမိန်းမတို့၏ ရင်သွေး ပါဆီရပ်စ်၊ သင် ငါ့ကို သိပါသလား "
"မသိပါ"
" ငါသည် ဇူးစ်နတ်ဘုရား၏ ဦးခေါင်းမှ မွေးဖွားခဲ့သော စစ်အတတ်ကိုကျွမ်းကျင်သည့် အသီးနား ဖြစ်သည်။
ငါ၏ဘေးတွေရပ်နေသူကား ငါ၏အဖေတူအမေကွဲမောင်တော်သူ သေခြင်းနှင့်ရှင်ခြင်းတို့ကြားပို့ဆောင်ပေးသူ၊ နတ်ဘုရားတို့၏တမန် ဟာမီးစ်ပင် "
နတ်ဘုရားမ အသီးနား(Athena) နဲ့ နတ်ဘုရား ဟာမီးစ်(Hermes)တို့က ဇူးစ်ရဲ့သားတော်၊ သူတို့ရဲ့အဖေတူအမေကွဲ လူသား ညီမောင် ပါဆီရပ်စ်ကိုကူညီဖို့ လာကြတာပါ။
ဟက်စ်ပီးရိုက် (Hesperides) တွေရဲ့ ရွှေရောင်ပန်းသီးပင်ရှိတဲ့ ရွှေရောင်ဥယျာဥ်ထဲမှာ ပါဆီရပ်စ်ကိုတွေ့ဖို့ ဖန်တီးစီမံခဲ့ကြတာပေါ့။
ဟာမီးစ်ကဘာမှ မပြောပဲပြုံးပြီးခေါင်းပဲငြိမ့်ပြတယ်။
အသီးနားကဆက်ပြောတယ်။
"သန်မြန်တက်ကြွသည့် သူရဲကောင်း ပါဆီရပ်စ်...
သင် သတ်လိုသော မက်ဒူးဆာမိစ္ဆာမကို သာမာန်လူသားတို့မသတ်နိုင်။
သူ၏ခေါင်းတွင် မြောက်များစွာသောမြွေဆိုးများ ဆံပင်များအစားရှင်သန်နေရုံမက စပါးကြီးမြွေကဲ့သို့ရုပ်ဆိုးသောကိုယ်ခန္ဓာကြီးကိုပိုင်ဆိုင်သည့် သူ၏ခွန်အားမှာလဲ ကြီးမားလှသည်။
သူ၏ အေးစက်စူးရှသောမျက်လုံးများမှာ ရင်ဆိုင်ကြည့်မိသူကို ကျောက်စိုင်ကျောက်သားအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်းရှိ၍ ရင်ဆိုင်မိသူမည်သည်မဆိုပြန်လမ်းမရှိပေ။
မရေမတွက်နိုင်သော လူသားသူရဲကောင်းတို့သည် မက်ဒူးဆာကြောင့် သေကြေပျက်စီးခဲ့ကြပေါင်းများလေပြီ။
သင် မကြောက်လော"
"ကျွန်ုပ် မကြောက်ပါ"
"ကောင်းပါပြီ...ရဲရင့်သည့် လူငယ်သူရဲကောင်းပါဆီရပ်စ်...
မက်ဒူးဆာ၏ ဒုစရိုက်မှုသည် ငါ၏တာဝန်မကင်းဖြစ်မူ၍ မက်ဒူးဆာ၏ ခါးသည်းသောအမုန်းတရားနှင့် လောင်မြိုက်သောအမျက်ဒေါသမှာ ငါ့တွင်တာဝန်ရှိပေသည်။
ကျိန်စာသင့်နေသော ထိုသတ္တဝါ၏အကြည်းတန်သည့်ဘဝကို အဆုံးသတ်ပေးခြင်းဖြင့် ငါ့အားအကျိုးဆောင်လော့"
နတ်ဘုရားများ၏လက်ဆောင်
**********************
မားမားစွင့်စွင့်အရပ်၊ ဝင်းလက်တဲ့ရွှေရောင်သံချပ်ဝတ်စုံနဲ့ပြိုးပြက်တောက်ပနေတဲ့ နတ်ဘုရားမအသီးနားက သူ့ကျောမှာလွယ်ထားတဲ့ ရွှေရောင်ဒိုင်းနဲ့ ခါးမှာချိတ်ထားတဲ့ဓါးကောက်ကိုဖြုတ်ပြီး ပါဆီရပ်စ်ကိုကမ်းပေးလိုက်တယ်။
" ငါ၏ကိုယ်နှင့်မကွာထားသည့် ငါ့လက်စွဲဖြစ်သောဤဒိုင်းနှင့် နတ်ဘုရားခရိုးနက်ကိုပင်သွေးမြေကျစေခဲ့သည့်ဤဓါးကောက်ကိုအသုံးပြု၍ မက်ဒူးဆာကို ရင်ဆိုင်ပါလေ"
ဟာမီးစ်ကလဲ သူ့ရဲ့ တောင်ပံတွေပါတဲ့ဖိနပ်ကို ပါဆီရပ်စ်ကိုပေးတယ်။
"ခုနစ်နှစ်တာခရီးကို ခုနစ်ရက်နှင့်ရောက်အောင် ဤဖိနပ်ကစွမ်းဆောင်ပေးအံ့"
ဥယျာဥ်မှူးတွေဖြစ်တဲ့ နေဝင်ချိန်ကိုစောင့်ရှောက်သူ ဟက်စ်ပီးရိုက်နတ်သမီးလေးတွေလည်းရောက်လာပြီး
ငရဲဘုံကနတ်ဘုရား ဟေးဒီးစ် (Hades) ရဲ့ကိုယ်ပျောက်စေနိုင်တဲ့ သံခမောက်ကိုပေးတယ်။
" သံခမောက်ကိုဆောင်းထားက သင့်အားနတ်ဘုရားများပင် မမြင်နိုင်"
ပြီးတော့ ဟက်စ်ပီးရိုက်နတ်သမီးလေးတွေက မက်ဒူးဆာရှိရာအရပ်ကိုသိတဲ့ မက်ဒူးဆာရဲ့ ညီအစ်မတွေဖြစ်သူ ဂရေးရာ (Graeae) ညီအစ်မသုံးယောက်ရှိရာကို လမ်းညွှန်ပေးလိုက်တယ်။
" နေဝင်ရာ ဤအရပ်မှ ထာဝရဆည်းဆာဖြစ်ရာအရပ်သို့သွားပါ။
ထိုအရပ်၌ မက်ဒူးဆာ၏ အစ်မများဖြစ်သော ဂရေးရာ ညီအစ်မများနေထိုင်ကြသည်ကိုတွေ့လိမ့်မည်။
သူတို့သည် အထူးရက်စက်၍ အထူးကောက်ကျစ်ကြ၏။
သတိအထူးထား၍ မက်ဒူးဆာရှိရာအရပ်ကို ရသည့်နည်းနှင့်စုံစမ်းပါလေ"
ဂရေးရာညီအစ်မများ (Graeae sisters)
******************************
တိုက်တန်တွေကနေဆင်းသက်လာတဲ့ ပင်လယ်စောင့်နတ်တွေဖြစ်တဲ့ ဖောဆစ် (Phorcys) နဲ့ ဆီတို (Ceto) တို့မှာ ထင်ရှားကျော်ကြားတဲ့ သားသမီးတွေအများကြီးရှိတယ်။
အထင်ရှားဆုံးက မက်ဒူးဆာနဲ့ သူ့အစ်မနှစ်ယောက်ပါတဲ့ ဂေါ်ဂွန်ညီအစ်မသုံးယောက်။
နောက် သူတို့ရဲ့ တစ်ခြားညီအစ်မတွေဖြစ်တဲ့ ဂရေးရာညီအစ်မတွေ။
ဂရေးရာညီအစ်မတွေဆိုတာက ဆံပင်တွေဖွေးဖွေးဖြူနေပြီး အလွန်အင်မတန်အိုမင်းပုံပေါက်နေတဲ့ စုန်းမအိုကြီး သုံးယောက်ဖြစ်ပြီး သူတို့သုံးယောက်ပေါင်းမှာမှ သွားတစ်ချောင်းနဲ့ မျက်လုံးတစ်လုံးပဲရှိတယ်။
အဲဒီသွားတစ်ချောင်းနဲ့ မျက်လုံးတစ်လုံးကိုပဲ ညီအစ်မသုံးယောက် တစ်လှည့်စီ ဖြုတ်လိုက်၊တပ်လိုက်လုပ်ပြီး သုံးကြရတယ်။
ဟက်စ်ပီးရိုက် ဥယျာဥ်ကို ဟက်စ်ပီးရိုက်နတ်သမီးလေးတွေနဲ့အတူ စောင့်ရှောက်ရတဲ့ ခေါင်းအလုံးပေါင်း တစ်ရာရှိတဲ့ မြွေနဂါး လေဒန် (Ladon)ကလဲ ဂရေးရာညီအစ်မတွေနဲ့ ဂေါ်ဂွန်ညီအစ်မတွေရဲ့ မောင်နှမတစ်ယောက်။
ဂရေးရာညီအစ်မသုံးယောက်ရဲ့ နာမည်တွေက မယ်ကြောက်ဖွယ် ဒီနို (Deino)၊ မယ်စစ်မက် အီညို (Enyo) နဲ့ မယ်ဖျက်မှောင့် ပါစစ် (Persis) တဲ့။
မက်ဒူးဆာတို့ ဂေါ်ဂွန်ညီအစ်မသုံးယောက်ဘယ်မှာရှိတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို သူတို့ညီအစ်မသုံးယောက်ကသိကြတယ်။
အသီးနားပေးတဲ့ ဒိုင်းနဲ့ဓါးကိုလွယ်၊ ဟေးဒီးစ်ရဲ့သံခမောက်ကိုခါးမှာချိတ်၊ ဟာမီးစ်ပေးတဲ့ဖိနပ်ပျံလေးကိုစီးလို့ ဂရေးရာညီအစ်မတွေရှိရာကို ပါဆီရပ်စ်ရောက်လာတယ်။
"အဖွားတို့...ကျွန်ုပ်အား ဂေါ်ဂွန်မက်ဒူးဆာရှိရာအရပ်ကိုလမ်းညွှန်ခြင်းဖြင့် အကူအညီပေးနိုင်ပါမည်လော"
"ရာရာစစ ငါတို့နယ်သို့ ကျူးကျော်ဝင်လာသူသည် မည်သူနည်း"
"ငါ့အားသွားကိုပေးလော့...ထိုသတ္တဝါကို ငါကိုက်သတ်မည်"
" ငါ့အား မျက်လုံးကို လက်ဆင့်ကမ်းလော့...ထိုသတ္တဝါ၏ ရုပ်ရည်အဆင်းမည်မျှဆိုးညစ်သည်ကို ငါကြည့်စမ်းမည်"
ညီအစ်မသုံးယောက်ငြင်းခုန်ပြီး မျက်လုံးကို လက်ဆင့်ကမ်းနေတုန်းမှာပဲ ပါဆီရပ်စ်က သူတို့ရဲ့တစ်လုံးတည်းသောမျက်လုံးကို ဖြတ်ပြီးလုယူလိုက်တယ်။
"မက်ဒူးဆာရှိရာအရပ်ကို မပြောက သင်တို့တစ်သက်တာလုံး အကန်းဘဝနှင့် အမှောင်တိုက်ထဲမှာသာ နေကြလော့"
တစ်ဘဝလုံး အကန်းဘဝနဲ့နေရမှာကြောက်တဲ့အတွက် ဂရေးရာညီအစ်မတွေက ပါဆီရပ်စ်ကို မက်ဒူးဆာတို့ညီအစ်မသုံးယောက်ရှိရာကိုလမ်းညွှန်လိုက်တယ်။
" သင့်အသက်ကို မနှမြောပါက ငါတို့ညွှန်ပြသည့်အတိုင်းသွားပါလေ၊ အရက်စက်အကြမ်းကြုတ်ဆုံးဂေါ်ဂွန်ညီအစ်မသုံးဦးကို လမ်းအဆုံးတွင်တွေ့လိမ့်မည်"
ဂေါ်ဂွန်ညီအစ်မများ
***************
နောက်ဆုံးမှာတော့ ပါဆီရပ်စ်က ဂေါ်ဂွန်ညီအစ်မတွေရှိရာကို ရောက်လာခဲ့တယ်။
ဂူသုံးဂူရှိတဲ့ထဲက ဂရေးရာတွေလမ်းညွှန်လိုက်တဲ့အတိုင်း မက်ဒူးဆာရှိရာ အလယ်ဂူထဲကို ဟေးဒီးစ်ရဲ့ ကိုယ်ပျောက်ခမောက်ဆောင်းပြီးဝင်သွားလိုက်တယ်။
ဓါးကောက်ကို လက်မှာကိုင်၊ ရွှေဒိုင်းမှာပေါ်တဲ့ပုံရိပ်ကိုကြည့်ပြီးနောက်ပြန်လျှောက်သွားလိုက်တာ မက်ဒူးဆာအိပ်နေတဲ့နေရာကိုရောက်သွားတော့တယ်။
ပါဆီရပ်စ်လဲ မက်ဒူးဆာမနိုးလာခင် ဒိုင်းပေါ်ကအရိပ်ကိုကြည့်ပြီး လည်ပင်းနေရာကို ထက်မြတဲ့ဓါးကောက်နဲ့ အားကုန်သုံးပြီးပိုင်းချလိုက်တယ်။
စူးစူးရွားရွားအော်သံနဲ့အတူမက်ဒူးဆာရဲ့ခေါင်းက ပြတ်ထွက်သွားပြီး လည်ပင်းနေရာကနေ ပဂေးဆပ် (Pagasus) လို့ခေါ်တဲ့ ဆွတ်ဆွတ်ဖြူနေတဲ့အဆင်း၊ အတောင်ပံနှစ်ဖက်နဲ့ နတ်မြင်းပျံရယ်၊ ရွှေရောင်လူထွားကြီး ခရီဆော (Chrysoar) ရယ် ခုန်ထွက်မွေးဖွားလာတယ်။
သူတို့တွေက ရေနတ်ဘုရားပိုဆီဒင် (Poseidon) နဲ့ မက်ဒူးဆာရခဲ့တဲ့ ကိုယ်ဝန်ပါလာရာကနေ မွေးလာတဲ့ကလေးတွေ။
အဲဒီအချိန်မှာပဲ မက်ဒူးဆာရဲ့ကြောက်မက်ဖွယ်အော်သံကြောင့် တစ်ခြားဂေါ်ဂွန်ညီအစ်မတွေဖြစ်တဲ့ စတက်နို (Stheno) နဲ့ ယူရီရေးလ် (Euryale) တို့လဲနိုးလာပြီး သူတို့ရဲ့ လင်းနို့တောင်ပံတွေကို တစ်ဝုန်းဝုန်းခတ်လို့ ပြေးလာကြတယ်။
ခေါင်းပေါ်မှာ ကိုယ်ပျောက်ခမောက်ကိုဆောင်းထားတဲ့ ပါဆီရပ်စ်က ဒိုင်းကနေတစ်ဆင့်ကြည့်ပြီး မက်ဒူးဆာရဲ့ခေါင်းကိုကောက်၊ ဟက်စ်ပီးရိုက်နတ်သမီးလေးတွေပေးလိုက်တဲ့ မှော်အိတ်ထဲကိုထည့်ပြီး ဟာမီးစ်ရဲ့ဖိနပ်ပျံအစွမ်းနဲ့ အစွမ်းကုန်သုတ်ခြေတင်ရတော့တယ်။
ဒေါသတကြီးနဲ့ တောင်ပံတွေတစ်ဖြောင်းဖြောင်းခတ်၊ နားကွဲမတတ်စူးရှတဲ့အသံတွေနဲ့ အော်ဟစ်ရင်း ရန်သူကိုလိုက်ရှာနေတဲ့ ဂေါ်ဂွန်ညီအစ်မနှစ်ယောက်ရဲ့အသံတွေ တစ်ဖြည်းဖြည်း နောက်မှာဝေးပြီးကျန်ခဲ့တဲ့အထိပါပဲ။
မက်ဒူးဆာရဲ့ခေါင်းကိုရပေမယ့် ပါဆီရပ်စ်ရဲ့ခရီးက မပြီးဆုံးသေးပါဘူး။
နောက်ထပ် စိန်ခေါ်မှုတွေ၊ စွန့်စားခန်းအသစ်တွေက သူ့ကို အသင့်စောင့်လို့နေတယ်။
မောင်ဇိ (၀၅၊ ၀၅၊ ၂၀၂၀)

No comments:
Post a Comment