Sunday, May 3, 2020

ဂရိဒဏ္ဍာရီ (၅)

ပါဆီရပ်စ် (Perseus)
****************

"ကောင်းလှပြီ ဘုရင် ‌ပေါ်လီဒက်တပ်စ် ။
 သင်အလိုရှိသော မိစ္ဆာမ မက်ဒူးဆာ၏ ဦးခေါင်းကို ကျွန်ုပ်ရအောင်ဆောင်ကျဥ်းခဲ့အံ့။
 မက်ဒူးဆာ၏ဦးခေါင်း မပါလာသည်ဖြစ်အံ့...ဤ ဆရီဖို့စ်ကျွန်းသို့ ကျွန်ုပ် ခြေမချတော့ပြီ "

ဒေါသရယ်၊မာနအပြည့်ရယ်နဲ့  ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားအောင် အော်ပြောလိုက်တဲ့ အသံကြောင့် သောက်စားပြီး ဆူညံပွက်လောရိုက်နေတဲ့ ဘုရင့်ဧည့်သည် သူကောင်းမျိုးတွေအားလုံး ရုတ်တရက်တိတ်သွားကြတယ်။
အဲဒီနောက်တော့ ဘုရင်ပေါ်လီဒက်တပ်စ် (Polydectes) ကို ရင်ဆိုင်ပြောဆိုနေတဲ့ ကြံခိုင်တဲ့ကိုယ်ခန္ဓာ၊ ပျိုမျစ်တဲ့မျက်နှာ ၊နွမ်းပါးတဲ့အဝတ်အစားတွေနဲ့ လုလင်ပျိုကိုကြည့်ပြီး လှောင်ပြောင်ရယ်မောကြတော့တယ်။

ကျေနပ်သွားတဲ့မျက်နှာနဲ့ ဘုရင်ပေါ်လီဒက်တပ်စ်ကတော့ ကျောခိုင်းပြီးခန်းမထဲကထွက်သွားတဲ့လူငယ်ကို

" သင်၏ စကားတည်ပါစေ...မာနကြီးမြင့်လှသည့် သူငယ် ပါဆီရပ်စ်။
သင့်ဂတိကို မထိန်းသိမ်းပဲ ဤကျွန်းငယ်သို့ပြန်လာပါက နတ်ဘုရားတို့၏ အမျက်သိုခြင်းခံရလိမ့်မည်" လို့လှမ်းအော်ပြောလိုက်တယ်။

ဘုရင်ပေါ်လီဒက်တပ်စ်က တစ်ကယ်‌တော့ ပါဆီရပ်စ်ရဲ့အမေကို သဘောကျပြီး သိမ်းပိုက်လိုသူပါ။
ပါဆီရပ်စ်ရဲ့ နုပျိုချောမောလှတဲ့အမေဖြစ်သူကို ကြိုက်ပေမယ့် သားဖြစ်သူပါဆီရပ်စ်ရှိနေလို့ ဘာမှမတတ်သာပဲ ပါဆီရပ်စ်ကိုရှင်းထုတ်ပစ်ဖို့ အခွင့်အရေးကိုစောင့်နေခဲ့တာပါ။

ဒီနေ့မှာတော့ သူ့မိတ်ဆွေဘုရင်တစ်ပါးရဲ့သမီးနဲ့ လက်ဆက်မှာမို့၊ ကျွန်းပေါ်ကလူတိုင်းသူ့အတွက်လက်ဆောင်တစ်ခုစီ ယူခဲ့ရမယ်လို့ ဘုရင်ကလီဆယ်ပြီး အမိန့်ထုတ်လိုက်ပါတယ်။
လူတိုင်းလက်ဆောင်တွေယူခဲ့နိုင်ပေမယ့် တံငါသည်တစ်ယောက်ရဲ့မွေးစားသားဖြစ်တဲ့ ပါဆီရပ်စ်ကတော့ ဆင်းရဲလွန်းလို့ ဘာလက်ဆောင်မှ မပေးနိုင်ပါဘူး။

အကြံရှိတဲ့ ပေါ်လီဒက်တပ်စ်က လက်ဆောင်မပေးနိုင်တဲ့ ပါဆီရပ်စ်ကို စိတ်ဆိုးဟန်ပြုပြီး အမျိုးမျိုး ထေ့ငေါ့ နှိမ်ချ ပြောဆိုပါတယ်။

စော်ကားမှုကိုမခံနိုင်တဲ့အဆုံးမှာ ပါဆီရပ်စ်ဆီက
"ဘုရင် ပေါ်လီဒက်တပ်စ်...ကျွန်ုပ်အား လူပုံအလယ်တွင် အရှက်ရအောင် နှိမ်ချပြောဆိုနေမည့်အစား သင်အလိုရှိရာလက်ဆောင်ကို ပြောပါက ကျွန်ုပ် မရ,ရအောင်ဆောင်ကျဥ်းခဲ့အံ့"
ဆိုတဲ့ စကားထွက်လာတဲ့အထိပါပဲ။

အဲဒီတော့မှ အကွက်ဝင်သွားပြီဖြစ်လို့ မက်ဒူးဆာရဲ့ဦးခေါင်းကို ဆောင်ယူခဲ့ဖို့ ဘုရင်ပေါ်လီဒက်တပ်စ်က တောင်းဆိုပါတယ်။
 ပါဆီရပ်စ်တစ်ယောက် ဘယ်မှာမှန်းမသိတဲ့ မက်ဒူးဆာခေါင်းကိုရှာဖွေရင်းတစ်သက်လုံးပြန်မလာနိုင်အောင်၊ ဒါမှမဟုတ် မက်ဒူးဆာရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားအောင်ရည်ရွယ်ပြီး ဥပါယ်တံမျဥ်နဲ့ခိုင်းလိုက်တာပါ။

သူမသိတာက ပါဆီရပ်စ်က သာမာန်လူတစ်ယောက်မဟုတ်ဘူးဆိုတာပါပဲ။
ပါဆီရပ်စ်ရဲ့ အဖေကနတ်ဘုရားတစ်ပါးဖြစ်တဲ့ ဇူးစ်(Zeus) ဖြစ်ပြီး အမေကတော့ လူသားတစ်ယောက်ဖြစ်တဲ့ ဒါနေ (Danae) ပါ။

ဒါနေ (Danae)
***********
ဒါနေ ရဲ့အဖေက အာဂိုစ် (Argos) တိုင်းပြည်ကိုစိုးမိုးတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။
ဒီတော့ အင်မတန်လှပတဲ့ဒါနေကလဲ မင်းသမီးတစ်ပါးပေါ့။
တစ်နေ့မှာတော့ ဒါနေရဲ့ဖခမည်းတော် ဘုရင်ကြီး  အာခရစ်ဆီးရာ့စ်(Acrisius) က သမီးတော်လေးတစ်ပါးကလွဲပြီး ထီးမွေနန်းလျာဆက်ခံမယ့် သားတော်မမွေးတဲ့အတွက် အပိုလိုနတ်ကွန်းမှာ နတ်သွားမေးတယ်။

နတ်ဝင်သည်က
" အို....ဘုရင်ကြီး အာခရစ်ဆီးရာ့စ်...သင်၌ သားယောကျ်ားရဖို့ရာ လမ်းမမြင်။
သို့သော် မြေးယောကျ်ားလေးတစ်ယောက်ရလိမ့်မည်။
ထိုမြေးယောက်ျား၏ လက်ချက်ဖြင့်ပင် သင်လဲနတ်ရွာစံရအံ့"
လို့ ဟောကိန်းတစ်ခုထုတ်ပေးလိုက်တယ်။

ဒီရှေ့ဖြစ်အဟောကြောင့် ဘုရင်ကြီးလဲ သမီးတော်လေး ဒါနေကို ခိုင်မာတဲ့ကြေးသတ္တုနဲ့လုပ်ထားတဲ့ မျှော်စင်ကြီးမှာ အလုံပိတ်ပြီး ဘယ်ယောကျ်ားနဲ့မှ မတွေ့စေပဲ ထိန်းသိမ်းထားလိုက်တော့တယ်။
သမီးတော်လေး ယောကျ်ားမယူရင်၊ မြေး‌တော်လဲရဖို့မရှိလို့ သူ့အသက်အန္တရာယ်လုံခြုံမယ်ဆိုတဲ့အတွေးနဲ့ပေါ့။

မြင့်မားတဲ့မျှော်စင်ထိပ်မှာ ပြတင်းပေါက်လေးတစ်ခုပဲရှိတဲ့ ဒါနေကို ဇူးစ်နတ်ဘုရားကတွေ့သွားပြီး မျက်စိကျသွားပါတယ်။
အဲဒီနောက် သူ့ကိုယ်သူ ရွှေရောင်မိုးရေစက်တွေအဖြစ်ဖန်ဆင်းပြီး ချောမောလှပတဲ့ မင်းသမီးလေး ဒါနေရဲ့ ကိုယ်ပေါ်ကို ရွာချပါလေရော။

ဒီလိုနဲ့ အချိန်တန်လို့ သမီးတော်လေးကိုကြည့်ဖို့ ဘုရင်ကြီး အာခရစ်ဆီးရားစ် လာတဲ့အချိန်၊ ဘယ်သူမှဝင်ခွင့်မရှိတဲ့မျှော်စင်ထဲမှာ ပါဆီရပ်စ်လို့ အမည်ပေးထားတဲ့ ကလေးလေးတစ်ယောက်ပိုက်ထားတဲ့ သမီးတော်လေးကို တွေ့လိုက်ရလို့ အံ့အားသင့်သွားတယ်။
တုန်လှုပ်သွားတဲ့ ဘုရင်ကြီးဟာ မြေးတော်လေးကိုမသတ်ရက်သလို၊ ဇူးစ်နတ်ဘုရားရဲ့ အမျက်ဒဏ်မသင့်ချင်လို့ သတ်လဲမသတ်ရဲပါဘူး။

ဒါနဲ့ပဲ သမီးတော်လေး ဒါနေ နဲ့ မြေးတော်လေး ပါဆီရပ်စ်တို့ရဲ့ ကံကြမ္မာကို  နတ်ဘုရားတို့ရဲ့ အဆုံးအဖြတ်အတိုင်းခံယူမယ်လို့ စိတ်ပိုင်းဖြတ်ပြီး  သားအမိနှစ်ယောက်ကို သစ်သားသေတ္တာလေးထဲမှာထည့်၊ ပင်လယ်ထဲကိုမျှောလို့ တိုင်းပြည်နဲ့ဝေးရာကိုတွန်းထုတ်စေလိုက်တယ်။

ပင်လယ်နတ်သား၊ နတ်သမီးလေးတွေရဲ့စောင့်ရှောက်မှုနဲ့ သေတ္တာလေးဟာ တစ်ဖြည်းဖြည်းမျောသွားလိုက်တာ ဘုရင်ပေါ်လီဒက်တပ်စ်စိုးစံတဲ့ ဆရီဖို့စ် (Serifos) ကျွန်းကို‌ရောက်သွားတဲ့အထိပဲ။
ကျွန်းနားအ‌ရောက်မှာ ဘုရင်ပေါ်လီဒက်တပ်စ်ရဲ့ ညီတော် ဒစ်တစ်စ် ( Dictys) ရဲ့ ငါးဖမ်းပိုက်ကွန်ထဲမှာသွားငြိနေလို့ ဒစ်တစ်စ်က ဆယ်ယူပြီး သားအမိနှစ်ယောက်လုံးကိုလွှတ်ပေးလိုက်တယ်။
ပြီးတော့ သူပိုင်ဆိုင်တဲ့ တံငါသည်အိမ်လေးတစ်လုံးမှာ နေခွင့်ပေးထားခဲ့တယ်။
ဒါ့အပြင် အလိုရမ္မက်ကြီးမားတဲ့ အစ်ကိုအကြောင်းကိုသိတဲ့အတွက် နုပျိုချောမောလှပဆဲ ဒါနေကို သူ့အစ်ကိုတော် ဘုရင်ကြီး ပေါ်လီဒက်တပ်စ် မမြင်အောင်လုံခြုံစွာစောင့်ရှောက်ထားပေးခဲ့တယ်။

လူတစ်ပိုင်းနတ်တစ်ပိုင်း (demigod)  ပါဆီရပ်စ်လေးကလဲ တစ်ဖြည်းဖြည်းနဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်လေးအဖြစ်အရွယ်ရောက်လာခဲ့တယ်။
အဲဒီအချိန်မှာပဲ ဘုရင်ပေါ်လီဒက်တပ်စ်က ဇူးစ်နတ်ဘုရား‌တောင်မျက်စိကျရလောက်တဲ့ အလှကိုပိုင်ဆိုင်တဲ့ ဒါနေကိုတွေ့သွားပြီး စိတ်ဝင်စားသွားတော့တယ်။
ဒါပေမယ့် ပါဆီရပ်စ်ရှိနေလို့ သူစိတ်ထင်တိုင်းလုပ်ခွင့်မရတဲ့အတွက် ဟန်ဆောင်မင်္ဂလာပွဲကျင်းပပြီး ပါဆီရပ်စ်ကို ပထုတ်ဖို့ကြံစည်ခဲ့တော့တာပါ။

ပါဆီရပ်စ်၏ ခရီး
*************

"သားတော် ပါဆီရပ်စ်...သင်သွားရမည့် ခရီးလမ်းနှင့် သင်ရင်ဆိုင်ရမည့်ရန်သူမှာ သာမာန်မဟုတ်။
အန္တရာယ်ကြီးမားလွန်းလှသည်။
သို့သော်...မပူပန်နှင့်။
သားတော်သည်လဲ သာမာန်လူသားမဟုတ်။
သင့် ဖခင်မှာ အိုလံပစ်တောင်ကို အစိုးရသော နတ်ဘုရားတို့သနင်း ဇူးစ်နတ်ဘုရားဖြစ်သည်။
သင့်ခရီးလမ်းတွင် နတ်ဘုရားများက ကူညီစောင့်ရှောက်ကြလိမ့်မည်။
သင်၏ သာမာန်လူတို့ထက်သာလွန်သော လုံ့လဝီရီယ၊ ဉာဏ်ပညာ၊ ခွန်အားဗလနှင့် ရဲစွမ်းသတ္တိတို့ကို အသုံးပြု၍ မမေ့မလျော့ မပေါ့မဆသော သတိဖြင့် အစွမ်းကုန်ကြိုးစားပါလေ"

မိခင်ဖြစ်သူ ဒါနေရဲ့ အမှာစကားကိုနား‌ဆင်ပြီးတဲ့နောက် မက်ဒူးဆာကို ရှာဖွေသုတ်သင်ဖို့အတွက် ကျွန်းလေးကိုစွန့်ခွာပြီး ပါဆီရပ်စ်တစ်ယောက် ခရီးရှည်ကြီး စခဲ့တော့တယ်။

သူထွက်သွားတာနဲ့ တစ်ပြိုင်နက် ဘုရင်ပေါ်လီဒက်တပ်စ်က ပါဆီရပ်စ်ရဲ့မိခင် ဒါနေးကိုကျွန်အဖြစ်သိမ်းပိုက်ပြီး စတင်ထိပါးစော်ကားဖို့ကြိုးစားတော့တာကိုတော့ ပါဆီရပ်စ်တစ်ယောက်သိမသွားရှာခဲ့ပါဘူး။

မောင်ဇိ ( ၀၅၊ ၀၄၊ ၂၀၂၀)










No comments:

Post a Comment