Friday, December 18, 2020

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၃) { အဲဆီးရ်နဲ့ ဗာနီးရ်နတ်ဘုရားများစစ်ခင်းခြင်း}

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၃) { အဲဆီးရ်နဲ့ ဗာနီးရ်နတ်ဘုရားများစစ်ခင်းခြင်း} ==================================== 
(‌၁)ဆေးဒါရ်မှော်ပညာ 
**************** 
အဲဆီးရ်နတ်ဘုရား (Aesir) တွေရဲ့ကမ္ဘာဖြစ်တဲ့ အော့စ်‌ဂေါ့(Asgard) ကို မှော်ဆရာမတစ်ဦးရောက်လာရာကနေစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ မှော်ဆရာမနာမည်က ဂူလ်ဗေ (Gullveig) တဲ့။ နယ်တကာလှည့်ပြီး ဒေသခံတွေရဲ့ ကံကြမ္မာကိုပြောင်းလဲစေမဲ့ မှော်အစီအရင်တွေလုပ်ပေးတယ်။ တောင်းဆိုသူတွေရဲ့ဆန္ဒရှိတဲ့အတိုင်း အခကြေးငွေယူလို့ ဆေးကုတာတွေလုပ်သလို ကျိန်စာတိုက်တာတွေလဲလုပ်ပေးတယ်။ ဆေးဒါရ် (Seidr) လို့ခေါ်တဲ့ မှော်ပညာအစီအရင်တွေက အမျိုးသမီးမှော်ဆရာမတွေကပဲ စီရင်လို့ရတာဖြစ်ပြီး အမျိုးသားတွေစီမံချင်ရင် အမျိုးသမီးတစ်ယောက်လိုဝတ်ဆင်ပြီးမှ စီရင်လို့ရတယ်။ ဒါပေမယ့်လဲ အော့စ်ဂေါ့မှာ ဆေးဒါရ်မှော်ပညာကိုတတ်မြောက်သူတစ်ယောက်မှတော့မရှိပါဘူး။ ဒီမှော်ပညာက နက်နဲပြီးလျှို့ဝှက်တဲ့အရာတစ်ခုဆိုတာ အားလုံးသိထားကြတယ်။ အဲဆီးရ်မှာ ဉာဏ်အမျှော်အမြင်နဲ့အပြည့်စုံဆုံး ဉာဏ်နီဉာဏ်နက်အများဆုံး အရာအားလုံးကိုမြင်နိုင်တယ်ဆိုတဲ့ အိုဒင် (All-father Odin) တောင် မှော်စာလုံးတွေဖြစ်တဲ့ ရွန်း(Rune) တွေရဲ့လျှို့ဝှက်ချက်ကို ကိုယ့်ကိုယ်ကိုယဇ်ပူဇော်ပြီး ဖော်ထုတ်နိုင်ခဲ့လို့ ရွန်းတွေကိုလိုသလိုခြယ်လှယ်အသုံးချနိုင်ပေမဲ့ ဆေးဒါရ်ရဲ့လျှို့ဝှက်ချက်ကိုတော့ မသိပါဘူး။ မှော်တောင်ဝှေးကို တဒေါက်ဒေါက်ထောက်ရင်း တစ်နေရာကနေတစ်နေရာ ပြောင်းရွှေ့ပြီးကံကောင်းစေမဲ့ယတြာအစီအရင်တွေ၊ ကျန်းမာစေတဲ့ အစီအရင်တွေ၊ ဒုက္ခတွေ့စေမဲ့ကျိန်စာအစီအရင်တွေကို လိုက်လုပ်‌ပေးနေတဲ့ မှော်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂူဗေလ်ကတစ်နေ့တစ်ခြား ‌အော့စ်ဂေါ့မှာ ထင်ရှားလာတယ်။ ဆန်းပြားတဲ့အဆောင်လက်ဖွဲ့တွေကိုသုံး၊ အထူးစီမံထားတဲ့စင်ပေါ်မှာ အငွေ့တထောင်းထောင်းထနေတဲ့ အိုးတစ်လုံးနဲ့‌ဆေးစီရင်ချင်စီရင်မယ်၊ နားလည်ဖို့ခက်ခဲတဲ့ မန္တာန်တွေရွတ်ပြီး မန်းမှုတ်လို့ ပုံသဏ္ဍာန်ထူးဆန်းတဲ့တောင်ဝှေးကိုကိုင်ရင်း ကျိန်စာတွေတိုက်ရင်တိုက်ပေးမယ်။ ကံကောင်းချင်သူတွေအတွက် အနာဂတ်ကိုကြိုတင်ပြီး မှန်းဆပေးရုံမက ကံကောင်းစေမဲ့ယတြာတွေကိုပါလုပ်ပေးမယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ အစွမ်းထက်မြက်လွန်းတဲ့ အစီအရင်တွေကိုဖန်တီးနိုင်တဲ့ မှော်ဆရာမကို တဖြည်းဖြည်းနဲ့ ကြောက်ရွံ့သူတွေများလာပြီး တစ်နေ့မှာတော့ အော့စ်ဂေါ့ရဲ့အရှင်သခင်တွေဖြစ်တဲ့ အဲဆီးရ်နတ်ဘုရားတွေက သူတို့နားမလည်တဲ့ပညာရပ်ကိုသုံးပြီး လူတွေကိုလွှမ်းမိုးထိတ်လန့်စေနိုင်တဲ့ မှော်ဆရာမကို မီးရှို့ပြီးသုတ်သင်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကပဲ အော့စ်ဂေါ့(Asgard)မှာနေတဲ့ အဲဆီးရ်နတ်ဘုရား (Aesir) နဲ့ ဗာနာဟိုင်းမ်(Vanaheim)က ဗာနီးရ်နတ်ဘုရား (Vanir) တွေအကြားမှာ စစ်ပွဲဖြစ်စေဖို့ ပထမဆုံးအချက်ဖြစ်လာတော့တယ်။ ဆေးဒါရ်မှော်ပညာကို တစ်ဖက်ကမ်းခတ်တဲ့ ဂူလ်ဗေကို အဲဆီးရ်နတ်ဘုရားတွေက လှံတွေနဲ့ဝိုင်းထိုးပြီး နတ်ဘုရားအိုဒင်(Odin) စံမြန်းရာခန်းမတွေထဲကတစ်ခုမှာပဲ မီးရှို့လိုက်ကြတယ်။ မီးငြိမ်းသွားချိန်မှာ ပြန်လည်ပြီးအသက်ရှင်သန်မွေးဖွားလာတဲ့ မှော်ဆရာမကို အံ့အားသင့်စရာတွေ့လိုက်ကြရတယ်။ နတ်ဘုရားတွေက လက်မလျှော့ပဲ နောက်တစ်ကြိမ် လှံရှည်တွေနဲ့ထိုးစိုက်လို့ မှော်ဆရာမဂူလ်ဗေကိုမီးလျှံစာကျွေးကြပြန်တယ်။ ဒီတစ်ကြိမ်မှာလဲ ဘေးမသီရန်မခ၊ အမွေးတစ်မျှင်မှမီးမလောင်ပဲ အကောင်းအတိုင်းပြန်ထွက်လာတဲ့မှော်ဆရာမကိုတွေ့ကြရပြန်လို့ နတ်ဘုရားတွေစိတ်ရှုပ်ရပြန်တယ်။ ဒီလိုနဲ့သုံးကြိမ်၊သုံးခါတိုင်အောင် လှံတွေနဲ့ထိုး၊မီးတောက်မီးလျှံတွေနဲ့ဝိုင်းပတ်ပြီးလောင်ကျွမ်းစေတာတောင် မြူတစ်မှုန်စာမှအထိအခိုက်မရှိတဲ့ မှော်ဆရာမက အဲဆီးရ်နတ်ဘုရားတွေရဲ့ပိုင်နက်ထဲကနေ အေးအေးဆေးဆေးပဲ ထွက်ခွာသွားတာကို နတ်ဘုရားတွေလက်ပိုက်ပြီးကြည့်နေလိုက်ရတယ်။ "ဒါဟာ ဗာနာဟိုင်းမ်ကမ္ဘာက ဗာနီးရ်နတ်ဘုရားတွေရဲ့စနက်ပဲဖြစ်ရမယ်" "ဟုတ်တယ်...ငါတို့အဲဆီးရ်တွေလို ရဲရဲရင့်ရင့်တိုက်ပွဲမဝင်ပဲ၊ မှော်ပညာတွေသုံးပြီးတိုက်ခိုက်တတ်တဲ့ ဗာနီးရ်တွေရဲ့သူလျှိုပဲဖြစ်မယ်" အဲဆီးနတ်ဘုရားတွေက အိုဒင်ရဲ့ ခန်းမထဲမှာစုဝေးကြပြီး တစ်ယောက်တစ်ပေါက်ထင်မြင်ချက်တွေပေးကြတယ်။ အဲဆီးရ်နတ်ဘုရင် အိုဒင်ကလဲသူ့ရဲ့လှံတံကို နတ်ဘုရားတွေရဲ့အလယ်ကို ချလိုက်ပြီးကာယသိဒ္ဓိပြီးစေဖို့ စီမံပေးလိုက်တယ်။ " ရာသီဥတုတွေပြောင်းအောင်လုပ်၊ အပင်တွေကြီးထွားဖို့လောက်ကိုစိုးမိုးခြယ်လှယ်တဲ့ လယ်သမား၊ ယာသမားသာသာ ဗာနီးရ်နတ်ဘုရားတွေကို တိုက်ရည်ခိုက်ရည်ကောင်းပြီးရဲရင့်တဲ့ငါတို့အဲဆီးရ်နတ်ဘုရားတွေအကြောင်းပြရမယ်" အိုဒင်နဲ့ အဲဆီးရ်နတ်ဘုရားတွေ အော့စ်ဂေါ့ဘုံမှာဆွေးနွေးတိုင်ပင်နေကြတုန်းမှာပဲ ဗာနာဟိုင်းမ်ဘုံမှာလဲ ဂူလ်ဗေကို ရက်ရက်စက်စက်လှံနဲ့ထိုးပြီးမီးရှို့ခဲ့ကြတဲ့ အဲဆီးရ်တွေရဲ့လုပ်ရပ်ကို ဗာနီးရ်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ နတ်ဘုရား ဖရေး (Frey) ဦးဆောင်လို့ရှုံ့ချကြတယ်။ တကယ်တော့ ဆေးဒါမှော်အတတ်ကိုပြိုင်ဘက်မရှိကျွမ်းကျင်သူက အီဒရာဆေး(Yggdrasil) သစ်ပင်ကြီးရဲ့ဘုံကိုးခုလုံးမှာ ဖရေယာ (Freyja) တစ်ယောက်ပဲရှိလို့ ဂူလ်ဗေအဖြစ်ရုပ်ဖျက်ထားသူဟာဘယ်သူလဲဆိုတာကို ပြောပြဖို့ကိုမလိုတော့ပါဘူး။ ရွှေရောင်ဆံနွယ်တွေနဲ့လှပချောမောလွန်းလှတဲ့ အချစ်နတ်ဘုရားမ ဖရေရာက ဆေးဒါရ်မှော်အတတ်ကိုတတ်မြောက်ကျွမ်းကျင်ရုံသာမက ဗာနီးရ်နတ်ဘုရားတွေရဲ့ခေါင်းဆောင် ဖရေးရဲ့ညီမလဲဖြစ်သေးတယ်။ သူတို့နှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ နတ်ဘုရား နျော့ထ် (Njord) ကတော့စွမ်းအားကြီးတဲ့ ပင်လယ်နတ်ဘုရားတစ်ပါးပါပဲ။ အတိုက်အခိုက်၊အသတ်အပုတ်ကိုစိတ်သန်ပြီး ခွန်အားကြီးမားကြတဲ့ အဲဆီးရ်နတ်ဘုရားမျိုးနွယ်တွေနဲ့ သဘာဝတရားကိုစိုးမိုးပြီး မြေဆီလွှာ၊သစ်ပင်နဲ့ ရာသီဥတုတွေကိုစီမံကြတဲ့၊ မှော်ပညာရပ်တွေသုံးတဲ့ ဗာနီးရ်နတ်ဘုရားတွေက အရင်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အထင်အမြင်သေးပြီး ဆက်ဆံရေးကောင်းခဲ့ကြတာတော့မဟုတ်ပါဘူး။ ခုတော့ စစ်ပွဲတစ်ခုဖြစ်ဖို့ မီးစ တစ်ခုရခဲ့ပြီပေါ့။
 
 (၂)စစ်ခင်းတဲ့နတ်မင်းများ **************** ဒီလိုနဲ့ အော့စ်ဂေါ့ဘုံနဲ့ ဗာနာဟိိုင်းမ်ဘုံကြားက နတ်ဘုရားမျိုးနွယ်စုနှစ်ခုကြားမှာစစ်ပွဲကြီးဖြစ်လာတော့တယ်။ ကြမ်းတမ်းသန်မာတဲ့ အဲဆီးရ်နတ်ဘုရားတွေက သူတို့ခွန်အားကိုအသုံးပြုပြီးတိုက်ခိုက်ကြတယ်။ အဲဆီးရ်တွေထဲမှာမှ အသန်မာဆုံး၊ အစွမ်းအထက်ဆုံးတိုက်ပွဲဝင်ခေါင်းဆောင် သောရ်(Thor)က ပုဆိန်တွေ၊ ဓါးတွေ၊ လှံတွေ တစ်ခုပြီးတစ်ခုကျိုးတဲ့ထိ မမောနိုင်မပမ်းနိုင် အဆက်မပြတ်ခုတ်ထစ်တိုက်ခိုက်တယ်။ မိုးကြိုးပစ်သလိုကျယ်‌လောင်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲဝင်ကြွေးကြော်သံကိုအော်ပြီး ဗာနီးရ်နတ်ဘုရားတွေကို အတင်းဝင်ထိုးခုတ်တယ်။ အဲဆီးရ်နတ်ဘုရင်အိုဒင်က ဉာဏ်များသူပီပီ တိုက်ပွဲတစ်ခုလုံးကိုခြုံငုံကြည့်ပြီး တိုက်ပွဲဝင်နည်းဗျူဟာတွေချမှတ်ပေးလို့ သူ့တပ်တွေကိုကောင်းကောင်းကွပ်ကဲနေခဲ့တယ်။ မှော်အတတ်ကျွမ်းကျင်ကြတဲ့ ဗာရ်နီးရ်တွေရဲ့ အကာအကွယ်မှော်ပညာအစီအမံတွေကြောင့် အဲဆီးရ်တွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေက အရာမထင်ဘူး။ လေမုန်တိုင်းလိုပြင်းထန်တဲ့ ထိုးနှက်မှုတွေက ဗာနီးရ်တွေဆီကျရောက်ချိန်မှာလေပြည်လို့နူးညံ့ကုန်ကြတယ်။ တော်ရုံတန်ရုံ ထိခိုက်ရှနာတွေကလည်း တမုဟုတ်ချင်းပြန်ကောင်းကုန်ကြတယ်။ တစ်ချိန်တည်းမှာပဲ ဗာနီးရ်တွေရဲ့ခေါင်းဆောင် ဖရေးကသူ့ရဲ့အလိုအလျှောက်ထိုးခုတ်တိုက်ခိုက်တဲ့ မှော်ဓါးကိုသုံးပြီး အသတ်အပုတ်ကျင်လည်တဲ့အဲဆီးရ်နတ်ဘုရားတွေကို ဟန့်တားတယ်။ အဲဆီးရ်စစ်သည်တော်တွေက အစွမ်းထက်တဲ့မှော်ဓါးရဲ့ရေပက်မဝင်‌အောင်ထိုးနှက်တိုက်ခိုက်မှုတွေကို မယှဥ်နိုင်ကြလို့ ဗာနီးရ်တွေကိုထိခိုက်အောင်မလုပ်နိုင်ကြပြန်ဘူး။ မူလကတည်းကသန်စွမ်းပြီး အကြမ်းပတမ်းခံမှုနဲ့ အိုဒင်ရဲ့လှံတံနဲ့ကောင်းချီး‌ပေး သိဒ္ဓိတင်ပေးထားမှုကြောင့်သာ အဲဆီးရ်မျိုးနွယ်တွေမှာအထိအခိုက်မရှိဖြစ်ရတယ်။ စစ်ပွဲက ဘယ်ဘက်မှာမှအသာစီးမရပဲ အကြာကြီး ဆက်ဖြစ်နေခဲ့တယ်။ တစ်ခါတစ်လေ ဗာနာဟိုင်းမ်မှာတိုက်ကြခိုက်ကြပြီး၊ တစ်ခါတစ်ရံ အော့စ်ဂေါ့မှာတိုက်ပွဲဖြစ်ကြတယ်။ နတ်ဘုရားတွေကိုမထိခိုက်ပေမဲ့ ပတ်ဝန်းကျင်ကတော့ စစ်ဒဏ်ကြောင့် နာရတယ်။ အဆောက်အဦးတွေပျက်စီး၊ အပင်တွေကျိုးပဲ့လဲကျနဲ့ စစ်မြေပြင်ကမသာယာသလို ဗာနီးရ်တွေမှာ မြေဆီလွှာတွေကောင်းမွန်ဖြစ်ထွန်းအောင်လုပ်ချိန်မရလို့ အပင်တွေမကြီးထွားမဖြစ်ထွန်းပဲသဘာဝတရားကလဲ ဖောက်ပြန်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ အနိုင်အရှုံးမပေါ်၊ အကျိုးအမြတ်မရှိပဲတိုက်နေရတဲ့ စစ်ပွဲကို နတ်ဘုရားမျိုးနွယ်စုနှစ်ခုလုံးစိတ်ပျက်လာတယ်။ နောက်ဆုံးမှာတော့ ခြေကုန်လက်ပန်းကျနေတဲ့ အဲဆီးရ်နတ်ဘုရားတွေနဲ့ ဗာနီးရ်နတ်ဘုရားတွေက ငြိမ်းချမ်းရေးယူကြဖို့ သဘောတူလိုက်ကြရတော့တယ်။ (၃)သူရဲကောင်းများလဲလှယ်ခြင်း ************************* စစ်ပွဲကိုရပ်နားပြီးတဲ့အခါ ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့ စီမံကြရပြန်တယ်။ တစ်ယောက်သဘောကို တစ်ယောက်ပိုနားလည်ပြီး၊ တစ်ဖက်နဲ့တစ်ဖက်ပိုရင်းနှီးစေဖို့ အော့စ်ဂေါ့ကနတ်ဘုရားတစ်ချို့ကို ဗာနာဟိိုင်းမ်ကိုသွားနေစေပြီး၊ ဗာနာဟိုင်းမ်ကနတ်ဘုရားတစ်ချို့ကိုလဲ အော့စ်ဂေါ့မှာသွားနေစေကြဖို့ စီစဥ်ကြတယ်။ ပင်လယ်နတ်ဘုရား နျော့ထ် နဲ့သူ့သားသမီးနှစ်ယောက်ဖြစ်ကြတဲ့ ဖ‌ရေးနဲ့ဖရေယာတို့က အော့စ်ဂေါ့မှာ အဲဆီးရ်တွေနဲ့သွားနေကြပြီး၊ အော့စ်ဂေါ့ဘက်က အိုဒင်ရဲ့ဦးလေး မီမီးရား(Mimir) နဲ့ အဲဆီးရ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ ဟိုနီးရား (Hoenir) တို့က ဗာနာဟိုင်းမ်မှာနေဖို့ရွေးချယ်ခံရတယ်။ အဲဆီးရ်နတ်ဘုရားတွေက ပင်လယ်ကမ်းစပ်မှာနေရတာကိုသဘောကျတဲ့ ပင်လယ်နတ်ဘုရားနျော့ထ်၊ အတိုက်အခိုက်ကျင်လည်ပြီး အစွမ်းထက်မှော်ဓါးကိုပိုင်ဆိုင်သူစစ်နတ်ဘုရားဖရေး၊ လှပချောမွေ့တဲ့ အချစ်နတ်ဘုရားမ ဖရေယာတို့ကို ‌အော့စ်ဂေါ့ကနတ်ဘုရားခေါင်းဆောင်တွေမှာအပါအဝင်အဖြစ်အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် ဗာနာဟိိုင်းကိုသွားတဲ့ မီမီးရားနဲ့ဟိုနီးရားတို့ကတော့ ဗာနီးရ်တွေကြားမှာအဆင်မပြေပါဘူး။ မီမီးရားက ကမ္ဘာသစ်ပင်ကြီးရဲ့အမြစ်တစ်ခုစိုက်နေတဲ့ရေတွင်းကရေကိုနေ့စဥ်သောက်ခဲ့သူဖြစ်လို့ ဉာဏ်ကြီးသူဖြစ်ပေမယ့် အရပ်မြင့်မြင့်ရုပ်ချောချောနဲ့ရှင်ဘုရင်တစ်ပါးလို ခံ့ညားတဲ့ ဟိုနီးရားကတော့ ဉာဏ်သိပ်မရှိပါဘူး။ ဗာနီးရ်နတ်ဘုရားမျိုးနွယ်တွေစည်းဝေးပြီးတိုင်ပင်ကြတဲ့အခါ မီမီးရားရှိနေတဲ့အခါတိုင်း အဖိုးတန်တဲ့အကြံဉာဏ်တွေကို ဟိုနီးရားကပြောနိုင်ပေမဲ့ မီမီးရားမပါတဲ့အခေါက်တွေဆိုရင် "အင်း..အင်း အားလုံးသဘောအတိုင်းလုပ်ကြတာပေါ့" ဆိုတာမျိုးချည်းပြောလေ့ရှိတယ်။ ဒီလိုမျိုးအကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဗာနီးရ်တွေက သူတို့အပေါ်မှာအဲဆီးရ်တွေလူလည်ကျပြီး အသုံးမတည့်တဲ့သူတွေပေးလိုက်တယ်လို့ သံသယဝင်လာတယ်။ အဲဒါနဲ့ပဲ လက်စားချေတဲ့အနေနဲ့ ဘာမှဝင်ပြောလေ့မရှိတဲ့မီမီးရားကိုအထင်မှားခေါင်းဖြတ်လိုက်ပြီး အဲဒီခေါင်းနဲ့အတူ ဟိုနီရားကိုအော့စ်ဂေ့ါကိုပြန်လွှတ်လိုက်တယ်။ မီမီးရားရဲ့ တန်ဖိုးကိုသိတဲ့အိုဒင်က ခေါင်းပြတ်ကိုဆေးပင်၊ဆေးရွက်တွေနဲ့သေချာစိမ်ပြီး မန်းမှုတ်လိုက်တဲ့အခါမှာ မီမီးရားရဲ့မျက်လုံးတွေပြန်ပွင့်လာတယ်။ အဲဒီနောက်တော့ အိုဒင့်အတွက်အကြံဉာဏ်လိုတဲ့အခါတိုင်းမှာ မီမီးရားရဲ့ခေါင်းကနေ ကောင်းမွန်တဲ့အကြံဉာဏ်တွေကို အမြဲပေးလေ့ရှိတော့တယ်။ အဖိုးတန်တဲ့ မီမီးရားကိုပြန်ရတဲ့အတွက် အိုဒင်က ဗာနီးရ်နတ်ဘုရားတွေအပေါ်မှာ တုံ့ပြန်ဖို့မစဥ်းစားတော့ပဲ နျော့ထ်၊ ဖရေးနဲ့ ဖရေယာတို့ဟာလဲ အော့စ်ဂေါ့မှာနေထိုင်ရင်း အဲဆီးရ်နတ်ဘုရားတွေနဲ့ တစ်သားတည်းဖြစ်လာတော့တယ်။ မောင်ဇိ (Picture: The Æsir lift Gullveig on spears over fire as illustrated by Lorenz Frølich (1895) ) #MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ ----------------------------------------------------------------------- ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၃) { အဲဆီးရ္နဲ႔ ဗာနီးရ္နတ္ဘုရားမ်ားစစ္ခင္းျခင္း} ==================================== (‌၁)ေဆးဒါရ္ေမွာ္ပညာ **************** အဲဆီးရ္နတ္ဘုရား (Aesir) ေတြရဲ႕ကမာၻျဖစ္တဲ့ ေအာ့စ္‌ေဂါ့(Asgard) ကို ေမွာ္ဆရာမတစ္ဦးေရာက္လာရာကေနစၿပီး ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြတစ္ခုၿပီးတစ္ခုျဖစ္လာတယ္။ ေမွာ္ဆရာမနာမည္က ဂူလ္ေဗ (Gullveig) တဲ့။ နယ္တကာလွည့္ၿပီး ေဒသခံေတြရဲ႕ ကံၾကမၼာကိုေျပာင္းလဲေစမဲ့ ေမွာ္အစီအရင္ေတြလုပ္ေပးတယ္။ ေတာင္းဆိုသူေတြရဲ႕ဆႏၵရွိတဲ့အတိုင္း အခေၾကးေငြယူလို႔ ေဆးကုတာေတြလုပ္သလို က်ိန္စာတိုက္တာေတြလဲလုပ္ေပးတယ္။ ေဆးဒါရ္ (Seidr) လို႔ေခၚတဲ့ ေမွာ္ပညာအစီအရင္ေတြက အမ်ိဳးသမီးေမွာ္ဆရာမေတြကပဲ စီရင္လို႔ရတာျဖစ္ၿပီး အမ်ိဳးသားေတြစီမံခ်င္ရင္ အမ်ိဳးသမီးတစ္ေယာက္လိုဝတ္ဆင္ၿပီးမွ စီရင္လို႔ရတယ္။ ဒါေပမယ့္လဲ ေအာ့စ္ေဂါ့မွာ ေဆးဒါရ္ေမွာ္ပညာကိုတတ္ေျမာက္သူတစ္ေယာက္မွေတာ့မရွိပါဘူး။ ဒီေမွာ္ပညာက နက္နဲၿပီးလွ်ိဳ႕ဝွက္တဲ့အရာတစ္ခုဆိုတာ အားလုံးသိထားၾကတယ္။ အဲဆီးရ္မွာ ဉာဏ္အေမွ်ာ္အျမင္နဲ႔အျပည့္စုံဆုံး ဉာဏ္နီဉာဏ္နက္အမ်ားဆုံး အရာအားလုံးကိုျမင္ႏိုင္တယ္ဆိုတဲ့ အိုဒင္ (All-father Odin) ေတာင္ ေမွာ္စာလုံးေတြျဖစ္တဲ့ ႐ြန္း(Rune) ေတြရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ကိုယ့္ကိုယ္ကိုယဇ္ပူေဇာ္ၿပီး ေဖာ္ထုတ္ႏိုင္ခဲ့လို႔ ႐ြန္းေတြကိုလိုသလိုျခယ္လွယ္အသုံးခ်ႏိုင္ေပမဲ့ ေဆးဒါရ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုေတာ့ မသိပါဘူး။ ေမွာ္ေတာင္ေဝွးကို တေဒါက္ေဒါက္ေထာက္ရင္း တစ္ေနရာကေနတစ္ေနရာ ေျပာင္းေ႐ႊ႕ၿပီးကံေကာင္းေစမဲ့ယၾတာအစီအရင္ေတြ၊ က်န္းမာေစတဲ့ အစီအရင္ေတြ၊ ဒုကၡေတြ႕ေစမဲ့က်ိန္စာအစီအရင္ေတြကို လိုက္လုပ္‌ေပးေနတဲ့ ေမွာ္ဆရာမတစ္ေယာက္ျဖစ္တဲ့ ဂူေဗလ္ကတစ္ေန႔တစ္ျခား ‌ေအာ့စ္ေဂါ့မွာ ထင္ရွားလာတယ္။ ဆန္းျပားတဲ့အေဆာင္လက္ဖြဲ႕ေတြကိုသုံး၊ အထူးစီမံထားတဲ့စင္ေပၚမွာ အေငြ႕တေထာင္းေထာင္းထေနတဲ့ အိုးတစ္လုံးနဲ႔‌ေဆးစီရင္ခ်င္စီရင္မယ္၊ နားလည္ဖို႔ခက္ခဲတဲ့ မႏၲာန္ေတြ႐ြတ္ၿပီး မန္းမႈတ္လို႔ ပုံသ႑ာန္ထူးဆန္းတဲ့ေတာင္ေဝွးကိုကိုင္ရင္း က်ိန္စာေတြတိုက္ရင္တိုက္ေပးမယ္။ ကံေကာင္းခ်င္သူေတြအတြက္ အနာဂတ္ကိုႀကိဳတင္ၿပီး မွန္းဆေပး႐ုံမက ကံေကာင္းေစမဲ့ယၾတာေတြကိုပါလုပ္ေပးမယ္။ ဒီလိုနဲ႔ ၾကာလာတဲ့အခါမွာ အစြမ္းထက္ျမက္လြန္းတဲ့ အစီအရင္ေတြကိုဖန္တီးႏိုင္တဲ့ ေမွာ္ဆရာမကို တျဖည္းျဖည္းနဲ႔ ေၾကာက္႐ြံ႕သူေတြမ်ားလာၿပီး တစ္ေန႔မွာေတာ့ ေအာ့စ္ေဂါ့ရဲ႕အရွင္သခင္ေတြျဖစ္တဲ့ အဲဆီးရ္နတ္ဘုရားေတြက သူတို႔နားမလည္တဲ့ပညာရပ္ကိုသုံးၿပီး လူေတြကိုလႊမ္းမိုးထိတ္လန႔္ေစႏိုင္တဲ့ ေမွာ္ဆရာမကို မီးရႈိ႕ၿပီးသုတ္သင္လိုက္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။ ဒီဆုံးျဖတ္ခ်က္ကပဲ ေအာ့စ္ေဂါ့(Asgard)မွာေနတဲ့ အဲဆီးရ္နတ္ဘုရား (Aesir) နဲ႔ ဗာနာဟိုင္းမ္(Vanaheim)က ဗာနီးရ္နတ္ဘုရား (Vanir) ေတြအၾကားမွာ စစ္ပြဲျဖစ္ေစဖို႔ ပထမဆုံးအခ်က္ျဖစ္လာေတာ့တယ္။ ေဆးဒါရ္ေမွာ္ပညာကို တစ္ဖက္ကမ္းခတ္တဲ့ ဂူလ္ေဗကို အဲဆီးရ္နတ္ဘုရားေတြက လွံေတြနဲ႔ဝိုင္းထိုးၿပီး နတ္ဘုရားအိုဒင္(Odin) စံျမန္းရာခန္းမေတြထဲကတစ္ခုမွာပဲ မီးရႈိ႕လိုက္ၾကတယ္။ မီးၿငိမ္းသြားခ်ိန္မွာ ျပန္လည္ၿပီးအသက္ရွင္သန္ေမြးဖြားလာတဲ့ ေမွာ္ဆရာမကို အံ့အားသင့္စရာေတြ႕လိုက္ၾကရတယ္။ နတ္ဘုရားေတြက လက္မေလွ်ာ့ပဲ ေနာက္တစ္ႀကိမ္ လွံရွည္ေတြနဲ႔ထိုးစိုက္လို႔ ေမွာ္ဆရာမဂူလ္ေဗကိုမီးလွ်ံစာေကြၽးၾကျပန္တယ္။ ဒီတစ္ႀကိမ္မွာလဲ ေဘးမသီရန္မခ၊ အေမြးတစ္မွ်င္မွမီးမေလာင္ပဲ အေကာင္းအတိုင္းျပန္ထြက္လာတဲ့ေမွာ္ဆရာမကိုေတြ႕ၾကရျပန္လို႔ နတ္ဘုရားေတြစိတ္ရႈပ္ရျပန္တယ္။ ဒီလိုနဲ႔သုံးႀကိမ္၊သုံးခါတိုင္ေအာင္ လွံေတြနဲ႔ထိုး၊မီးေတာက္မီးလွ်ံေတြနဲ႔ဝိုင္းပတ္ၿပီးေလာင္ကြၽမ္းေစတာေတာင္ ျမဴတစ္မႈန္စာမွအထိအခိုက္မရွိတဲ့ ေမွာ္ဆရာမက အဲဆီးရ္နတ္ဘုရားေတြရဲ႕ပိုင္နက္ထဲကေန ေအးေအးေဆးေဆးပဲ ထြက္ခြာသြားတာကို နတ္ဘုရားေတြလက္ပိုက္ၿပီးၾကည့္ေနလိုက္ရတယ္။ "ဒါဟာ ဗာနာဟိုင္းမ္ကမာၻက ဗာနီးရ္နတ္ဘုရားေတြရဲ႕စနက္ပဲျဖစ္ရမယ္" "ဟုတ္တယ္...ငါတို႔အဲဆီးရ္ေတြလို ရဲရဲရင့္ရင့္တိုက္ပြဲမဝင္ပဲ၊ ေမွာ္ပညာေတြသုံးၿပီးတိုက္ခိုက္တတ္တဲ့ ဗာနီးရ္ေတြရဲ႕သူလွ်ိဳပဲျဖစ္မယ္" အဲဆီးနတ္ဘုရားေတြက အိုဒင္ရဲ႕ ခန္းမထဲမွာစုေဝးၾကၿပီး တစ္ေယာက္တစ္ေပါက္ထင္ျမင္ခ်က္ေတြေပးၾကတယ္။ အဲဆီးရ္နတ္ဘုရင္ အိုဒင္ကလဲသူ႔ရဲ႕လွံတံကို နတ္ဘုရားေတြရဲ႕အလယ္ကို ခ်လိုက္ၿပီးကာယသိဒၶိၿပီးေစဖို႔ စီမံေပးလိုက္တယ္။ " ရာသီဥတုေတြေျပာင္းေအာင္လုပ္၊ အပင္ေတြႀကီးထြားဖို႔ေလာက္ကိုစိုးမိုးျခယ္လွယ္တဲ့ လယ္သမား၊ ယာသမားသာသာ ဗာနီးရ္နတ္ဘုရားေတြကို တိုက္ရည္ခိုက္ရည္ေကာင္းၿပီးရဲရင့္တဲ့ငါတို႔အဲဆီးရ္နတ္ဘုရားေတြအေၾကာင္းျပရမယ္" အိုဒင္နဲ႔ အဲဆီးရ္နတ္ဘုရားေတြ ေအာ့စ္ေဂါ့ဘုံမွာေဆြးေႏြးတိုင္ပင္ေနၾကတုန္းမွာပဲ ဗာနာဟိုင္းမ္ဘုံမွာလဲ ဂူလ္ေဗကို ရက္ရက္စက္စက္လွံနဲ႔ထိုးၿပီးမီးရႈိ႕ခဲ့ၾကတဲ့ အဲဆီးရ္ေတြရဲ႕လုပ္ရပ္ကို ဗာနီးရ္တို႔ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ နတ္ဘုရား ဖေရး (Frey) ဦးေဆာင္လို႔ရႈံ႕ခ်ၾကတယ္။ တကယ္ေတာ့ ေဆးဒါေမွာ္အတတ္ကိုၿပိဳင္ဘက္မရွိကြၽမ္းက်င္သူက အီဒရာေဆး(Yggdrasil) သစ္ပင္ႀကီးရဲ႕ဘုံကိုးခုလုံးမွာ ဖေရယာ (Freyja) တစ္ေယာက္ပဲရွိလို႔ ဂူလ္ေဗအျဖစ္႐ုပ္ဖ်က္ထားသူဟာဘယ္သူလဲဆိုတာကို ေျပာျပဖို႔ကိုမလိုေတာ့ပါဘူး။ ေ႐ႊေရာင္ဆံႏြယ္ေတြနဲ႔လွပေခ်ာေမာလြန္းလွတဲ့ အခ်စ္နတ္ဘုရားမ ဖေရယာက ေဆးဒါရ္ေမွာ္အတတ္ကိုတတ္ေျမာက္ကြၽမ္းက်င္႐ုံသာမက ဗာနီးရ္နတ္ဘုရားေတြရဲ႕ေခါင္းေဆာင္ ဖေရးရဲ႕ညီမလဲျဖစ္ေသးတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဖခင္ျဖစ္တဲ့ နတ္ဘုရား ေန်ာ့ထ္ (Njord) ကေတာ့စြမ္းအားႀကီးတဲ့ ပင္လယ္နတ္ဘုရားတစ္ပါးပါပဲ။ အတိုက္အခိုက္၊အသတ္အပုတ္ကိုစိတ္သန္ၿပီး ခြန္အားႀကီးမားၾကတဲ့ အဲဆီးရ္နတ္ဘုရားမ်ိဳးႏြယ္ေတြနဲ႔ သဘာဝတရားကိုစိုးမိုးၿပီး ေျမဆီလႊာ၊သစ္ပင္နဲ႔ ရာသီဥတုေတြကိုစီမံၾကတဲ့၊ ေမွာ္ပညာရပ္ေတြသုံးတဲ့ ဗာနီးရ္နတ္ဘုရားေတြက အရင္ကတည္းက တစ္ဖက္နဲ႔တစ္ဖက္ အထင္အျမင္ေသးၿပီး ဆက္ဆံေရးေကာင္းခဲ့ၾကတာေတာ့မဟုတ္ပါဘူး။ ခုေတာ့ စစ္ပြဲတစ္ခုျဖစ္ဖို႔ မီးစ တစ္ခုရခဲ့ၿပီေပါ့။ (၂)စစ္ခင္းတဲ့နတ္မင္းမ်ား **************** ဒီလိုနဲ႔ ေအာ့စ္ေဂါ့ဘုံနဲ႔ ဗာနာဟိိုင္းမ္ဘုံၾကားက နတ္ဘုရားမ်ိဳးႏြယ္စုႏွစ္ခုၾကားမွာစစ္ပြဲႀကီးျဖစ္လာေတာ့တယ္။ ၾကမ္းတမ္းသန္မာတဲ့ အဲဆီးရ္နတ္ဘုရားေတြက သူတို႔ခြန္အားကိုအသုံးျပဳၿပီးတိုက္ခိုက္ၾကတယ္။ အဲဆီးရ္ေတြထဲမွာမွ အသန္မာဆုံး၊ အစြမ္းအထက္ဆုံးတိုက္ပြဲဝင္ေခါင္းေဆာင္ ေသာရ္(Thor)က ပုဆိန္ေတြ၊ ဓါးေတြ၊ လွံေတြ တစ္ခုၿပီးတစ္ခုက်ိဳးတဲ့ထိ မေမာႏိုင္မပမ္းႏိုင္ အဆက္မျပတ္ခုတ္ထစ္တိုက္ခိုက္တယ္။ မိုးႀကိဳးပစ္သလိုက်ယ္‌ေလာင္ၿပီးေၾကာက္မက္ဖြယ္ေကာင္းတဲ့ တိုက္ပြဲဝင္ေႂကြးေၾကာ္သံကိုေအာ္ၿပီး ဗာနီးရ္နတ္ဘုရားေတြကို အတင္းဝင္ထိုးခုတ္တယ္။ အဲဆီးရ္နတ္ဘုရင္အိုဒင္က ဉာဏ္မ်ားသူပီပီ တိုက္ပြဲတစ္ခုလုံးကိုၿခဳံငုံၾကည့္ၿပီး တိုက္ပြဲဝင္နည္းဗ်ဴဟာေတြခ်မွတ္ေပးလို႔ သူ႔တပ္ေတြကိုေကာင္းေကာင္းကြပ္ကဲေနခဲ့တယ္။ ေမွာ္အတတ္ကြၽမ္းက်င္ၾကတဲ့ ဗာရ္နီးရ္ေတြရဲ႕ အကာအကြယ္ေမွာ္ပညာအစီအမံေတြေၾကာင့္ အဲဆီးရ္ေတြရဲ႕ျပင္းထန္တဲ့တိုက္ခိုက္မႈေတြက အရာမထင္ဘူး။ ေလမုန္တိုင္းလိုျပင္းထန္တဲ့ ထိုးႏွက္မႈေတြက ဗာနီးရ္ေတြဆီက်ေရာက္ခ်ိန္မွာေလျပည္လို႔ႏူးညံ့ကုန္ၾကတယ္။ ေတာ္႐ုံတန္႐ုံ ထိခိုက္ရွနာေတြကလည္း တမုဟုတ္ခ်င္းျပန္ေကာင္းကုန္ၾကတယ္။ တစ္ခ်ိန္တည္းမွာပဲ ဗာနီးရ္ေတြရဲ႕ေခါင္းေဆာင္ ဖေရးကသူ႔ရဲ႕အလိုအေလွ်ာက္ထိုးခုတ္တိုက္ခိုက္တဲ့ ေမွာ္ဓါးကိုသုံးၿပီး အသတ္အပုတ္က်င္လည္တဲ့အဲဆီးရ္နတ္ဘုရားေတြကို ဟန႔္တားတယ္။ အဲဆီးရ္စစ္သည္ေတာ္ေတြက အစြမ္းထက္တဲ့ေမွာ္ဓါးရဲ႕ေရပက္မဝင္‌ေအာင္ထိုးႏွက္တိုက္ခိုက္မႈေတြကို မယွဥ္ႏိုင္ၾကလို႔ ဗာနီးရ္ေတြကိုထိခိုက္ေအာင္မလုပ္ႏိုင္ၾကျပန္ဘူး။ မူလကတည္းကသန္စြမ္းၿပီး အၾကမ္းပတမ္းခံမႈနဲ႔ အိုဒင္ရဲ႕လွံတံနဲ႔ေကာင္းခ်ီး‌ေပး သိဒၶိတင္ေပးထားမႈေၾကာင့္သာ အဲဆီးရ္မ်ိဳးႏြယ္ေတြမွာအထိအခိုက္မရွိျဖစ္ရတယ္။ စစ္ပြဲက ဘယ္ဘက္မွာမွအသာစီးမရပဲ အၾကာႀကီး ဆက္ျဖစ္ေနခဲ့တယ္။ တစ္ခါတစ္ေလ ဗာနာဟိုင္းမ္မွာတိုက္ၾကခိုက္ၾကၿပီး၊ တစ္ခါတစ္ရံ ေအာ့စ္ေဂါ့မွာတိုက္ပြဲျဖစ္ၾကတယ္။ နတ္ဘုရားေတြကိုမထိခိုက္ေပမဲ့ ပတ္ဝန္းက်င္ကေတာ့ စစ္ဒဏ္ေၾကာင့္ နာရတယ္။ အေဆာက္အဦးေတြပ်က္စီး၊ အပင္ေတြက်ိဳးပဲ့လဲက်နဲ႔ စစ္ေျမျပင္ကမသာယာသလို ဗာနီးရ္ေတြမွာ ေျမဆီလႊာေတြေကာင္းမြန္ျဖစ္ထြန္းေအာင္လုပ္ခ်ိန္မရလို႔ အပင္ေတြမႀကီးထြားမျဖစ္ထြန္းပဲသဘာဝတရားကလဲ ေဖာက္ျပန္လာတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် အႏိုင္အရႈံးမေပၚ၊ အက်ိဳးအျမတ္မရွိပဲတိုက္ေနရတဲ့ စစ္ပြဲကို နတ္ဘုရားမ်ိဳးႏြယ္စုႏွစ္ခုလုံးစိတ္ပ်က္လာတယ္။ ေနာက္ဆုံးမွာေတာ့ ေျခကုန္လက္ပန္းက်ေနတဲ့ အဲဆီးရ္နတ္ဘုရားေတြနဲ႔ ဗာနီးရ္နတ္ဘုရားေတြက ၿငိမ္းခ်မ္းေရးယူၾကဖို႔ သေဘာတူလိုက္ၾကရေတာ့တယ္။ (၃)သူရဲေကာင္းမ်ားလဲလွယ္ျခင္း ************************* စစ္ပြဲကိုရပ္နားၿပီးတဲ့အခါ ၿငိမ္းခ်မ္းေရးအဓြန႔္ရွည္ဖို႔ စီမံၾကရျပန္တယ္။ တစ္ေယာက္သေဘာကို တစ္ေယာက္ပိုနားလည္ၿပီး၊ တစ္ဖက္နဲ႔တစ္ဖက္ပိုရင္းႏွီးေစဖို႔ ေအာ့စ္ေဂါ့ကနတ္ဘုရားတစ္ခ်ိဳ႕ကို ဗာနာဟိိုင္းမ္ကိုသြားေနေစၿပီး၊ ဗာနာဟိုင္းမ္ကနတ္ဘုရားတစ္ခ်ိဳ႕ကိုလဲ ေအာ့စ္ေဂါ့မွာသြားေနေစၾကဖို႔ စီစဥ္ၾကတယ္။ ပင္လယ္နတ္ဘုရား ေန်ာ့ထ္ နဲ႔သူ႔သားသမီးႏွစ္ေယာက္ျဖစ္ၾကတဲ့ ဖ‌ေရးနဲ႔ဖေရယာတို႔က ေအာ့စ္ေဂါ့မွာ အဲဆီးရ္ေတြနဲ႔သြားေနၾကၿပီး၊ ေအာ့စ္ေဂါ့ဘက္က အိုဒင္ရဲ႕ဦးေလး မီမီးရား(Mimir) နဲ႔ အဲဆီးရ္နတ္ဘုရားတစ္ပါးျဖစ္တဲ့ ဟိုနီးရား (Hoenir) တို႔က ဗာနာဟိုင္းမ္မွာေနဖို႔ေ႐ြးခ်ယ္ခံရတယ္။ အဲဆီးရ္နတ္ဘုရားေတြက ပင္လယ္ကမ္းစပ္မွာေနရတာကိုသေဘာက်တဲ့ ပင္လယ္နတ္ဘုရားေန်ာ့ထ္၊ အတိုက္အခိုက္က်င္လည္ၿပီး အစြမ္းထက္ေမွာ္ဓါးကိုပိုင္ဆိုင္သူစစ္နတ္ဘုရားဖေရး၊ လွပေခ်ာေမြ႕တဲ့ အခ်စ္နတ္ဘုရားမ ဖေရယာတို႔ကို ‌ေအာ့စ္ေဂါ့ကနတ္ဘုရားေခါင္းေဆာင္ေတြမွာအပါအဝင္အျဖစ္အသိအမွတ္ျပဳၾကတယ္။ ဒါေပမယ့္ ဗာနာဟိိုင္းကိုသြားတဲ့ မီမီးရားနဲ႔ဟိုနီးရားတို႔ကေတာ့ ဗာနီးရ္ေတြၾကားမွာအဆင္မေျပပါဘူး။ မီမီးရားက ကမာၻသစ္ပင္ႀကီးရဲ႕အျမစ္တစ္ခုစိုက္ေနတဲ့ေရတြင္းကေရကိုေန႔စဥ္ေသာက္ခဲ့သူျဖစ္လို႔ ဉာဏ္ႀကီးသူျဖစ္ေပမယ့္ အရပ္ျမင့္ျမင့္႐ုပ္ေခ်ာေခ်ာနဲ႔ရွင္ဘုရင္တစ္ပါးလို ခံ့ညားတဲ့ ဟိုနီးရားကေတာ့ ဉာဏ္သိပ္မရွိပါဘူး။ ဗာနီးရ္နတ္ဘုရားမ်ိဳးႏြယ္ေတြစည္းေဝးၿပီးတိုင္ပင္ၾကတဲ့အခါ မီမီးရားရွိေနတဲ့အခါတိုင္း အဖိုးတန္တဲ့အႀကံဉာဏ္ေတြကို ဟိုနီးရားကေျပာႏိုင္ေပမဲ့ မီမီးရားမပါတဲ့အေခါက္ေတြဆိုရင္ "အင္း..အင္း အားလုံးသေဘာအတိုင္းလုပ္ၾကတာေပါ့" ဆိုတာမ်ိဳးခ်ည္းေျပာေလ့ရွိတယ္။ ဒီလိုမ်ိဳးအႀကိမ္ႀကိမ္ႀကဳံလာရတဲ့အခါမွာ ဗာနီးရ္ေတြက သူတို႔အေပၚမွာအဲဆီးရ္ေတြလူလည္က်ၿပီး အသုံးမတည့္တဲ့သူေတြေပးလိုက္တယ္လို႔ သံသယဝင္လာတယ္။ အဲဒါနဲ႔ပဲ လက္စားေခ်တဲ့အေနနဲ႔ ဘာမွဝင္ေျပာေလ့မရွိတဲ့မီမီးရားကိုအထင္မွားေခါင္းျဖတ္လိုက္ၿပီး အဲဒီေခါင္းနဲ႔အတူ ဟိုနီရားကိုေအာ့စ္ေဂ့ါကိုျပန္လႊတ္လိုက္တယ္။ မီမီးရားရဲ႕ တန္ဖိုးကိုသိတဲ့အိုဒင္က ေခါင္းျပတ္ကိုေဆးပင္၊ေဆး႐ြက္ေတြနဲ႔ေသခ်ာစိမ္ၿပီး မန္းမႈတ္လိုက္တဲ့အခါမွာ မီမီးရားရဲ႕မ်က္လုံးေတြျပန္ပြင့္လာတယ္။ အဲဒီေနာက္ေတာ့ အိုဒင့္အတြက္အႀကံဉာဏ္လိုတဲ့အခါတိုင္းမွာ မီမီးရားရဲ႕ေခါင္းကေန ေကာင္းမြန္တဲ့အႀကံဉာဏ္ေတြကို အၿမဲေပးေလ့ရွိေတာ့တယ္။ အဖိုးတန္တဲ့ မီမီးရားကိုျပန္ရတဲ့အတြက္ အိုဒင္က ဗာနီးရ္နတ္ဘုရားေတြအေပၚမွာ တုံ႔ျပန္ဖို႔မစဥ္းစားေတာ့ပဲ ေန်ာ့ထ္၊ ဖေရးနဲ႔ ဖေရယာတို႔ဟာလဲ ေအာ့စ္ေဂါ့မွာေနထိုင္ရင္း အဲဆီးရ္နတ္ဘုရားေတြနဲ႔ တစ္သားတည္းျဖစ္လာေတာ့တယ္။ ေမာင္ဇိ (Picture: The Æsir lift Gullveig on spears over fire as illustrated by Lorenz Frølich (1895) ) #MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား

No comments:

Post a Comment