Wednesday, December 23, 2020

သီဟသူ

 သီဟသူ

မြန်မာရာဇဝင်မှာက နာမည်တူနေကြတဲ့မင်းတွေ၊ မြို့စားတွေများပါတယ်။ အဲဒီထဲကမှ မောင်ဇိသိတဲ့သီဟသူ လေးယောက်အကြောင်းကို ဖတ်ဖူးသလောက် ပြောပြချင်ပါတယ်။ မပြောခင်မှာ ပိုပြီးတိကျအောင်လို့ သူတို့အားလုံးအကြောင်းကို ပြန်ရှာဖတ်ပြီးမှ ရေးတာပါလို့။

(၁) နရသီဟပတေ့ရဲ့ အစ်ကိုသီဟသူ (ပုဂံခေတ် အေဒီ၁၂၃၀-၁၂၅၆)
______________________________________________________
ဥဇနာမင်းမှာ ထင်ရှားတဲ့ သားတော်နှစ်ပါးရှိတယ်။
တစ်ပါးကသီဟသူ။ မိဖုရား‌ခေါင်ကြီး သုံးလူလကမွေးတဲ့ အကြီးဆုံးသား။ မိဘုရားခေါင်ကြီးကမွေးတဲ့သားတော်ကြီးဆိုတော့ အိမ်ရှေ့စံပေါ့။

နောက်တစ်ပါးက မြစ်သာရွာက ပန်းပွတ်သည်မရဲ့သမီးကိုကောက်ယူထားရာကနေ မွေးတဲ့သားတော် နရသီပတေ့။ နရသီဟပတေ့က ရာဇသင်္ကြန်အမတ်ကြီးတို့လို နန်းတော်မှာ သြဇာရှိတဲ့အမတ်ကြီးတွေကို တန်စိုးလက်ဆောင်ပေးထားပြီး သူ့ကိုစောင့်ရှောက်ဖို့ပြောထားတယ်။

တစ်နေ့မှာတော့ ညီလာခံကို သီဟသူဝင်လာတာကိုမမြင်မိလို့ မင်းသားလာရာလမ်းဘေးမှာထိုင်နေတဲ့ ရာဇသင်္ကြန်အမတ်ကြီးက အင်္ကျီလက်မသိမ်းမိတာကို သူ့အပေါ်မခန့်လေးစားလုပ်တယ်လို့မင်းသားကထင်သွားပြီး အင်္ကျီလက်ပေါ်ကွမ်းတံတွေး ထွေးသွားတယ်။ ဘုရင်ကိုမျက်နှာမူပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာဆိုတော့ လက်ဝကျယ်ကျယ်၊ ပိတ်သားရှည်ရှည်နဲ့ အမတ်အင်္ကျီအကြီးကြီးရဲ့ လက်က ညီလာခံအလယ်က လူသွားလမ်းပေါ်ထိရောက်နေတယ်နဲ့တူပါတယ်။ ရာဇသင်္ကြန်က မှတ်ထားပြီး အင်္ကျီကြီးကိုလဲမလျှော်ပဲသိမ်းထားတယ်။ ဘုရင်ဥဇနာနတ်ရွာစံတော့မှ အင်္ကျီကိုတခြားအမတ်တွေကိုထုတ်ပြပြီး သီဟသူဟာ ရုန့်ရင်းကြမ်းတမ်းကြောင်းသက်သေပြတာပေါ့။
တခြားအမတ်တွေကလဲ ဘုရင်မဖြစ်ခင်မင်းသားဘဝမှာတောင် ဒီလိုပညာကြီးမြင့်အမတ်ကြီးမျိုးကို ဒီလောက်ရိုင်းစိုင်းရင် ဘုရင်သာဖြစ်သွားရင် ကျန်တဲ့အမတ်တွေလောက်ကတော့ မစားသာဘူးဆိုပြီး တညီတညွတ်တည်း နရသီဟပတေ့ကိုနန်းတင်လိုက်ကြရာက နရသီဟပတေ့ဘုရင်ဖြစ်လာတယ်။ သီဟသူကိုတော့ နောက်ပိုင်းမှာ ကွပ်မျက်လိုက်ကြတယ်လို့ သမိုင်းရေးသူတွေက ယူဆကြတယ်။

နရသီဟပတေ့ဘုရင်ဖြစ်ပြီးမှ အမတ်ကြီးရာဇသင်္ကြန်နဲ့ အချင်းများကြတဲ့အကြောင်းတွေကတော့ နောက်ဇာတ်လမ်းတစ်ခုပေါ့။

၂။ နရသီဟပတေ့ရဲ့သား ပြည်စားသီဟသူ(ပုဂံခေတ် အေဒီ ၁၂၅၀-၁၂၈၈)
_________________________________________________
ပြည်စားသီဟသူကို နရသီဟပတေ့ရဲ့မိဖုရားတွေထဲကတစ်ပါးဖြစ်တဲ့ ရှင်မောက်ကနေ ၁၂၅၀ ဝန်းကျင်လောက်မှာမွေးတယ်လို့ဆိုတယ်။ အသက် ၂၅နှစ်မှာပြည်မြို့စားဖြစ်လာခဲ့တယ်။
သီဟသူငယ်ငယ်က နရသီဟပတေ့မင်းက လူတွေကြားထဲမှာ အရှက်ရအောင်မကြာခဏကြည်စယ်ခဲ့လို့ သီဟသူက အငြှိုးထားပြီး သူ့ခမည်းတော် ပြည်ကိုရောက်ချိန်မှာလုပ်ကြံခဲ့တာ။ နရသီဟပတေ့မင်းကလဲ အမျက်ဒေါသကြီးတဲ့နေရာ၊ အရှက်ရအောင်ကြည်စယ်တဲ့နေရာမှာ နာမည်ကြီးတယ်။ မိဖုရားစောလုံတုန်းကလဲ ရေမွမ်းတဲ့ထိ ရံရွှေတော်တွေကိုရေပက်ခိုင်းပြီး ကြည်စယ်ခဲ့လို့ စောလုံကလဲသူ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတာပဲ။ အဲဒီအချိန်က စောလုံအဆိတ်ခတ်ပြီးပို့ခိုင်းလိုက်တဲ့ဟင်းခွက်ကိုသွားပို့ပေးရတာက သီဟသူရဲ့မယ်တော် ရှင်မောက်ပေါ့။

ဇာတ်လမ်းကိုပြန်ဆက်ရရင် နရသီဟပတေ့ကမွန်ဂိုတွေရန်ကြောင့် အောက်ပြည်ကိုပြေးလာတယ်။ အဲဒီနောက် မွန်ဂိုတွေကိုနှစ်စဥ်ပဏ္ဍာဆက်ပါ့မယ်ဆိုပြီး မွန်ဂိုလက်အောက်ခံအဖြစ်စစ်ပြေငြိမ်းလိုက်လို့ စစ်ကြီးပြီးသွားတဲ့နောက် ပုဂံကိုအပြန် ပြည်မှာနားချိန်မှာ "ဝက်လက်ခိုးမသား" လို့သူအမြဲခေါ်ခဲ့တဲ့ ပြည်စားသီဟသူက ဖမ်းပြီးအဆိပ်ခတ်ထားတဲ့စားတော်ပွဲနဲ့ ဓါးလက်နက်ကိုကြိုက်ရာရွေးခိုင်းလို့ အဆိပ်ခတ်ထားတဲ့ဟင်းစားပြီးနတ်ရွာစံသွားခဲ့တယ်။ သီဟသူအကြောင်းပြောချင်တာဖြစ်လို့ နရသီဟပတေ့ဘယ်လိုနတ်ရွာစံတယ်ဆိုတဲ့အကြောင်းအသေးစိတ်ကိုတော့မပြောတော့ပါဘူး။

ဖခင်ဘုရင်ကိုလုပ်ကြံပြီးတဲ့နောက် အဖေတူအမေကွဲနောင်တော်ဖြစ်သူ ဥဇနာ (သူ့အဖိုးနဲ့နာမည်တူ)ရဲ့ ပုသိမ်ကို ကြည်းကြောင်း၊ရေကြောင်းနဲ့သွားတိုက်ပြီး မကျန်းမာတဲ့ဥဇနာကို နုတ်နုတ်စင်းပြီးသတ်တယ်လို့ဆိုတယ်။ ပြီးတော့ ဒလကိုတိုက်တာမရ။ ပဲခူးကိုတိုက်တော့ ပဲခူးစား ငပမွန်က မြို့ရိုးပေါ်ကပြောင်ပြလို့ ဒေါသထွက်ပြီး မြားနဲ့ပစ်ဖို့လေးငင်ရာမှာ အငင်လွန်၊ သူ့ကိုယ်သူမြားစူးရာက ကိစ္စချောသွားရှာတယ်။ အသက် (၃၈) နှစ်လောက်ပဲရှိဦးမှာပေါ့။

၃။ ပုဂံခေတ်ပျက်ပြီး ရှမ်းညီနောင် သုံးပါးထဲက ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ( ပင်းယခေတ် အေဒီ ၁၂၆၅-၁၃၂၅)
__________________________________________________________
ပုဂံနောက်ဆုံးမင်းဖြစ်တဲ့ နရသီဟပတေ့လုပ်ကြံခံရပြီးတဲ့နောက် ပုဂံမှာ နရသီဟပတေ့ရဲ့သားလတ် ကျော်စွာကိုနန်းတင်ကြပေမဲ့ ကျော်စွာကဘုရင် (၈)နှစ်ပဲဖြစ်လိုက်တယ်။ တစ်နိုင်ငံလုံးပုန်ကန်နေကြတော့ ကျော်စွာကမွန်ဂိုရဲ့အသိအမှတ်ပြုမှုကိုယူပြီး မွန်ဂိုလက်အောက်ခံအဖြစ်နဲ့ ဘုရင်လုပ်တာတောင်ပုဂံနဲ့အနီးတဝိုက်ကိုပဲ အာဏာရှိတော့တယ်။ နောက်ဆုံးမှာ မြင်စိုင်းက အသင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူဆိုတဲ့ ရှမ်းညီနောင်သုံးယောက်ရဲ့နန်းချတာခံရပြီး အတင်းသင်္ဃန်းဆီးပေးခံရလို့ ဘုန်းကြီးဘဝရောက်သွားတယ်။ အဲဒီနောက်တော့ ကွပ်မျက်ခံရတယ်လို့တချို့စာတွေမှာဆိုတယ်။

၄။ဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်စွာရဲ့ညီ အင်းဝဆင်ဖြူရှင်သီဟသူ (အင်းဝခေတ် ၁၃၉၄-၁၄၂၅)

အနောက်ဖက်လွန်မင်း (၁၆၀၆-၁၆၂၈)

No comments:

Post a Comment