မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၄) { နတ်ဘုရားများ၏ အော့စ်ဂေါ့တံတိုင်း အပိုင်း (၁) }
===============================================
စစ်ပွဲအလွန်
*********
နတ်ဘုရားမျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲကြီးပြီးသွားခဲ့ပြီ။
အော့စ်ဂေါ့(Asgard)က အဲဆီးရ် (Aesir) နတ်ဘုရားတွေရော၊ ဗာနာဟိုင်းမ်(Vanaheim) က ဗာနီးရ် (Vanir) နတ်ဘုရားတွေရော ဘတစ်ပြန်၊ကျားတစ်ပြန် အသေအကျေတိုက်ခိုက်ခဲ့ကြပေမဲ့ ပြတ်ပြတ်သားသားအောင်ပွဲခံနိုင်သူ မရှိခဲ့။ မျိုးနွယ်စုနှစ်ခု ငြိမ်းချမ်းစွာယှဥ်တွဲနေထိုင်ရေးကသာ အဖြေလို့သိသွားခဲ့ချိန်မှာ တစ်ဖက်နဲ့တစ်ဖက်ခေါင်းဆောင်တွေလဲလှယ်ပြီး တစ်ယောက်ကိုတစ်ယောက်အလေးအမြတ်ပြုလို့ စစ်ပွဲအတွင်းမှာပျက်စီးခဲ့တဲ့ အရာရာကိုပြန်တည်ဆောက်ဖို့အချိန်ရောက်လာပြီ။
" အော့စ်ဂေါ့ရဲ့တံတိုင်းကြီးက တိုက်ပွဲတွေကြားမှာ ပြိုကျသွားလို့ ပထမဆုံးလုပ်ရမှာက နံရံတံတိုင်းကြီးတစ်ခုအမြန်ဆုံးဆောက်ဖို့ပဲ"
ရွှေရောင်အမိုးတွေနဲ့ တန်ဆာဆင်ထားတဲ့ အိုဒင်(Odin) ရဲ့ တစ်ပိုင်းတစ်စပျက်စီးနေတဲ့ ဂလတ်စ်ဟိုင်းမ်(Gladsheim) ခန်းမကြီးထဲမှာ စုဝေးနေကြတဲ့နတ်ဘုရားတွေကို အကြီးအမှူးဖြစ်တဲ့ အိုဒင်ကပြောလိုက်တာပါ။
အဲဒီအခါမှာ အိုဒင်ရဲ့မိဖုရားဖြစ်တဲ့ ဖရစ်ဂျ် (Frigg) ကလဲ သူ့ခင်ပွန်းစကားကို ထောက်ခံတယ်။
" ဟုတ်တယ်...အဓိကရန်သူတွေဖြစ်တဲ့ နှင်းဘီလူး(Frost Giant)၊ ကျောက်ဘီလူး(Rock Giant) နဲ့ လူ့ဘီလူး (Giant) တွေရဲ့ရန်က ကာကွယ်ဖို့ တံတိုင်းထူထူထဲထဲ၊ မြင့်မြင့်မားမားတစ်ခုတော့ ခိုင်ခိုင်ခန့်ခန့်ပြန်ဆောက်ကြမှဖြစ်မယ်"
"ကျွန်တော်ကတော့ မြေဆီမြေလွှာတွေဖြစ်ထွန်းအောင် မန်းမှုတ်ပြီး ကောက်ပဲသီးနှံတွေအောင်မြင်ကြီးထွားအောင်လုပ်နိုင်ပေမဲ့ တံတိုင်းဆောက်ဖို့ကတော့ ဘယ်ကစရမလဲဆိုတာတောင်မသိဘူးဗျာ"
စစ်တိုက်ကျွမ်းကျင်တဲ့၊ မြေဆီနဲ့အပင်တွေပေါ်မှာသြဇာညောင်းတဲ့ နတ်ဘုရား ဖရေး(Frey) က စပြောတယ်။
"ဒါဖြင့်ဘယ်သူက ဗိသုကာကြီးလုပ်ပြီး တံတိုင်းကို ဆောက်ဖို့ဦးစီးမှာလဲ။ ကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက်ကတော့ ခေါင်းဆောင်ပြီးလုပ်မှဖြစ်မှာပေါ့ "
နတ်ဘုရားတွေထဲမှာ ရုပ်ချောသလောက် နူးညံ့သိမ်မွေ့သဘောကောင်းပြီး ဘယ်သူ့ကိုမှရန်မပြုတတ်လို့ အားလုံးကချစ်ခင်ကြတဲ့ အိုဒင်ရဲ့ဒုတိယသား ဘောလ်ဒါ (Balder) ကမေးတယ်။
အိုဒင်ရဲ့သားကြီး သောရ်(Thor) ရဲ့ကြင်ယာဖြစ်တဲ့ ရွှေရောင်ဆံကေသာပိုင်ရှင် ဆစ်ဖ်(Sif) က "အခုလိုမျိုး သောရ်အဝေးကိုရောက်နေချိန်မျိုးမှာ လူ့ဘီလူးတွေလာခဲ့ရင် သောရ်ပြန်ရောက်ချိန်ထိခုခံနိုင်ဖို့အတွက် တံတိုင်းကောင်းကောင်းတစ်ခုတော့လိုတာအမှန်ပဲ"
သောရ်က နတ်ဘုရားတွေအားလုံးထဲမှာ ခွန်အားအကြီးဆုံး၊ တိုက်ရည်ခိုက်ရည်အကောင်းဆုံးဖြစ်လို့ နတ်ဘုရားအားလုံးကို ကာကွယ်စောင့်ရှောက်သူတစ်ယောက်အဖြစ် လူတိုင်းကအမြဲ အားကိုးရလေ့ရှိတယ်မဟုတ်လား။
"နတ်ဘုရားတွေအားလုံး လူ့ဘီလူးကြီးတွေပုံ အသွင်ပြောင်းပြီးတော့ ကျောက်တုံးတွေကို ပခုံးမှာထမ်း၊ ထမ်းလာတဲ့ကျောက်တုံးတွေ တစ်လုံးပြီးတစ်လုံးဆင့်ပြီး တံတိုင်းဆောက်ကြလေ၊ ဘာခက်လို့လဲ"
နတ်ဘုရားတွေရဲ့ သွေးသောက်ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဉာဏ်များတဲ့နေရာမှာ ဧတဒဂ်ရနိုင်တဲ့ လိုကီ(Loki) က သရော်တော်တော်၊ ငေါ့တော့တော့ဝင်ပြောတယ်။
" လူ့ဘီလူးသွေးပါတဲ့ လော်ဖေးရဲ့သား သင့်ကိုထမ်းခိုင်းရမယ်"
ဒေါသထွက်သွားတဲ့နတ်ဘုရားတွေက လိုကီ့ကိုပြန်ပက်ကြတော့ပေါ့။
ဒီခန်းမထဲမှာ အဲဆီးရ်မျိုးနွယ်ရော၊ ဗာနီးရ်ရောမဟုတ်ပဲ နတ်ဘုရားတွေထဲမှာရောနှောနေတာ လိုကီတစ်ယောက်ပဲရှိတာပါ။ လိုကီရဲ့အဖေက အန္တရာယ်ကြီးကြီးပေးနိုင်တဲ့ လူ့ဘီလူးတစ်ယောက်ဖြစ်ပြီး နာမည်က ဖာဘော့တီ(Farbauti) လို့ခေါ်တယ်။ သူ့နာမည်က "ကြမ်းကြုတ်တဲ့ လက်သီးမိုးပိုင်ရှင်" လို့ အဓိပ္ပါယ်ရတယ်။ သူ့အမေကတော့ သေးသေးသွယ်သွယ်လို့ အဓိပ္ပါယ်ရတဲ့ လော်ဖေး(Laufey)။ လော်ဖေးက နတ်ဘုရားမတစ်ပါးလို့လဲဆိုကြတယ်။
အိုဒင်နဲ့လိုကီ ဘယ်လိုကနေစပြီး သွေးသောက်ညီအစ်ကိုတွေဖြစ်၊ ဘယ်ကတည်းက နတ်ဘုရားတွေကြားကို လိုကီရောက်နေလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြဘူး။ သေချာတာကတော့ ဉာဏ်များတယ်ဆိုတဲ့ အိုဒင်ထက်ကို လိုကီကအဆပေါင်းများစွာဉာဏ်များပြီး၊ ကလိမ်ဉာဏ်ဆင်ရာမှာလဲ ပြိုင်ဘက်ကင်းတယ်ဆိုတာပါပဲ။
လိုကီက နတ်ဘုရားစစ်စစ်တစ်ပါးမဟုတ်ပေမဲ့ သူ့ရဲ့ဟာသဉာဏ်တွေနဲ့ နတ်ဘုရားတွေကို ရယ်ရွှင်အောင်လုပ်နိုင်တယ်။ တစ်ခါတစ်ခါမှာ ပြဿနာတွေသယ်လာတတ်ပေမဲ့ လိုအပ်ချိန်မှာ စဥ်းလဲတဲ့အကြံကောင်းဉာဏ်ကောင်းတွေလဲပေးနိုင်ပြန်တာပဲ။ သူအရက်မူးချိန်ဆို သူ့ပါးစပ်ကစည်းကမ်းတစ်စက်မှမရှိတော့ပဲ ပြောချင်ရာတွေလျှောက်လျှောက်ပြောတတ်လို့ နတ်ဘုရားတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်ကြရပေမဲ့လဲ သူမရှိတဲ့အချိန်တွေမှာ အော့စ်ဂေါ့က ခြောက်ကပ်ကပ်ဖြစ်နေတတ်ပြန်တယ်။ အစအနောက်သန်သလောက်၊ သူများကိုညစ်ကျယ်ကျယ်နဲ့ဒုက္ခပေးတတ်လွန်းလို့ ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် လိုကီရဲ့လက်ချက်ဟုတ်မဟုတ်အရင်ဆုံး ဆန်းစစ်ရတာကလဲ ထုံးစံတစ်ခုဖြစ်နေပြီ။ စိတ်ဆတ်သလောက်၊ ဟောဟောဒိုင်းဒိုင်းလုပ်တတ်တဲ့ သောရ်နဲ့လိုကီကတော့ အမြဲတကျက်ကျက်ပေါ့။ ဘယ်လိုပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်အောင် ဖန်တီးတတ်ပေမဲ့ ဝိုင်းပြီးကြိမ်းမောင်းကြ၊ ခြိမ်းခြောက်ကြလုပ်လိုက်ရင် သူရှာလာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်နီဉာဏ်နက်ပေါင်းများစွာနဲ့ပဲ ပြေလည်သွားအောင် ပြန်ပြန်ရှင်းပေးတဲ့အတွက် နတ်ဘုရားတွေကသူ့ကို ပြန်လက်ခံရတာပါပဲ။
အခုလဲ ပုံပန်းသဏ္ဍာန်အမျိုးမျိုးကို ကြိုက်သလို၊ လိုသလိုပြောင်းနိုင်တဲ့လိုကီက တံတိုင်းကြီးတစ်ခုဆောက်ဖို့ရာ ကျွမ်းကျင်မှုမရှိတဲ့နတ်ဘုရားတွေကို အကြံပေးသလိုလိုနဲ့ လှောင်ပြောင်သရော်ပြီး ရယ်စရာလုပ်လို့ နတ်ဘုရားတွေကဒေါသထွက်ကြရတာပေါ့။
တံတိုင်းပညာရှင်
************
နတ်ဘုရားတွေကြားမှာ ငြင်းကြ၊ခုန်ကြနဲ့ တံတိုင်းကိစ္စကမပြီးပြတ်ပဲ လပေါင်းများစွာကြာသွားတယ်။ အော့စ်ဂေါ့ကနတ်ဘုရားတွေက ကြီးမားခိုင်ခံ့ပြီး မပျက်စီးနိုင်တဲ့အထူးတံတိုင်းတစ်ခုဆောက်ချင်နေတယ်ဆိုတဲ့ သတင်းစကားကလဲ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံနဲ့ အီဒရာဆေး (Yggdrasil) သစ်ပင်ကြီးရဲ့ အထက်အောက်ဘေးက ကမ္ဘာကိုးခုကိုပျံ့နှံ့သွားတယ်။
အဲဒီလိုနဲ့ နွေရာသီခြောက်လကုန်ခါနီး ဆောင်းရာသီမစခင် တစ်ရက်နှစ်ရက် အလိုကိုရောက်လာတယ်။ နတ်ဘုရားတွေရဲ့မျက်လုံးဖြစ်တဲ့ အော့စ်ဂေါ့ကိုစောင့်ကြပ်တဲ့နတ်ဘုရား ဟိမ်ဒေါ (Heimdall)က အချက်ပေးတံပိုးခရာကိုမှုတ်လိုက်တဲ့အသံကြောင့် နတ်ဘုရားတွေအားလုံး ဂလတ်စ်ဟိုင်းမ်း ခန်းမရှေ့မှာစုဝေးလာကြတယ်။
ဟိမ်ဒေါရဲ့တံပိုးခရာက ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ မီမီးရား(Mimir) တစ်ချိန်ကပိုင်ဆိုင်ခဲ့တဲ့ ကျွဲချိုသဏ္ဍန်ရေကတော့ခွက် ယဲလာဟွန်း (Gjallarhorn) ပါ။ ခုချိန်မှာတော့ မီမီးရားအသုံးမပြုနိုင်တော့တဲ့ ယဲလာဟွန်းအတွက် အသင့်တော်ဆုံးပိုင်ရှင်က နတ်ဘုရားတွေရဲ့ဘုံကမ္ဘာအော့စ်ဂေါ့ရဲ့အဝင်ဝကိုစောင့်ရှောက်တဲ့ ဟိမ်ဒေါပဲပေါ့။
" မိခင်ကိုးယောက်ကမွေးတဲ့ ဟိမ်ဒေါ၊ ဘာကိစ္စကြောင့် ယဲလာဟွန်းတံပိုးခရာကိုမှုတ်ရလဲဆိုတာ ပြောပါ"
နတ်ဘုရားတို့ရဲ့ ခေါင်ချုပ်ဖြစ်တဲ့ ဖခင်ကြီးအိုဒင် (Odin Allfather) ကမေးလိုက်တဲ့အခါမှာ ဟိမ်ဒေါက မြင်းတစ်ကောင်ကိုဆွဲလာတဲ့ လူတစ်ယောက်ကို ညွှန်ပြပြီး
" ဒီလူက အော့စ်ဂေါ့ရဲ့တံတိုင်းကြီးကို အာမခံနဲ့ ဆောက်ပေးနိုင်တယ်လို့ လာပြောနေလို့ပါ ဖခင်"
နတ်ဘုရားတွေက စိတ်ဝင်တစားနဲ့ကြည့်လိုက်တဲ့အခါ သန်စွမ်းပုံရတဲ့ တုတ်တုတ်ခိုင်ခိုင်လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပုံနဲ့ရင်ကော့ပြီးရပ်နေတာတွေ့လိုက်ရတယ်။
" ဟုတ်တယ်...အိုဒင်၊ ကျွန်တော်က ကမ္ဘာကိုးခုမှာ အတော်ဆုံးဗိသုကာပဲ။ ကျွန်တော့ကိုသာ ခွင့်ပေးမယ်ဆိုရင် တံတိုင်းကြီးတစ်ခုကို ရာသီသုံးခုအတွင်းအပြီးဆောက်ပေးနိုင်တယ်လို့ ကတိပေးတယ်"
အော့ဂေါ့မှာက ဆောင်းရာသီနဲ့နွေရာသီနှစ်ခုပဲရှိတယ်။ ဆောင်းရာသီဆိုနှင်းတွေသိပ်သိပ်သည်းသည်းကျပြီးနေရောင်ကိုမြင်ရဖို့ခက်ခဲတယ်။ အဲလိုမျိုး ခြောက်လကြာတဲ့အခါမှာနွေရာသီကို တဖြည်းဖြည်းရောက်သွားပြီး တောက်ပလင်းလက်ပြီးနေ့တာရှည်လျားတဲ့နွေရာသီက တစ်ခါ ခြောက်လကြာ ရှည်ကြာပြန်တယ်။ ဆောင်းခြောက်လ၊ နွေခြောက်လနဲ့ ရာသီစက်ဝန်းတစ်ခါလည်ပတ်ရင်း နှစ်သစ်တစ်ခုကိုရောက်လေ့ရှိတယ်။
လူစိမ်းပြောတဲ့ ရာသီသုံးခုဆိုတာက ခြောက်လသုံးခါကြာတဲ့ တစ်နှစ်ခွဲအချိန်ကာလကိုရည်ညွှန်းတာပါ။
"ငါတို့လိုချင်တဲ့ တံတိုင်းက ထူထဲလွန်းလို့ ဘာလက်နက်၊ ဘာကိရိယာမှတိုးမပေါက်စေရဘူး၊ မြင့်မားလွန်းလို့ အကြီးဆုံးဆိုတဲ့လူ့ဘီလူးထက်တောင်မြင့်မားရမယ်၊ ခိုင်ခံ့လွန်းလို့ ရာသီဥတုတွေအလီလီပြောင်းသွားလဲ တံတိုင်းကမြဲမြဲရပ်နေရမယ်။ ဒါမျိုးတံတိုင်းကို မင်းဆောက်နိုင်ပါ့မလား"
အိုဒင်က နတ်ဘုရားတွေအားလုံးကိုယ်စား သူတို့လိုချင်တဲ့ တံတိုင်းရဲ့အရည်အသွေးကို ပြောပြလိုက်တဲ့အခါ
" စိတ်ချ အိုဒင်၊ ကမ္ဘာကိုးခုမှာအခိုင်ခံ့ဆုံးတံတိုင်းကြီး၊ ဘယ်ရန်သူမှမဖျက်စီးနိုင်တဲ့တံတိုင်းကြီးတစ်ခုကိုကျွန်တော်ဆောက်ပေးမယ်။ ဒါပေမဲ့ အဖိုးအခတော့ကြီးကြီးပေးရမယ်"
"ငါတို့လိုချင်တဲ့တံတိုင်းသာရမယ်ဆိုရင် မင်းလိုချင်သလောက်ပေးနိုင်တာပေါ့။ မီးလိုနီတဲ့ရွှေနီလိုချင်လား၊ လင်းလက်တဲ့ရွှေဝါလိုချင်လား၊ ဖြူစင်တောက်ပတဲ့ ငွေသားလိုချင်လား၊ လိုချင်သလောက်ပြော၊ ရစေရမယ်"
" ရွှေတွေငွေတွေမလိုချင်ပါဘူး။ ကမ္ဘာကိုးခုလုံးမှာပြိုင်ဘက်ကင်းအောင်လှတဲ့ ဖရေရာကိုပဲ လိုချင်တယ်။
ပြီးတော့ တံတိုင်းကြီးပြီးသွားတဲ့အခါ ဖရေရာအပြင် ကောင်းကင်ပေါ်ကနေနဲ့လ ကိုပါလိုချင်တယ်"
"ဟာ..ဒါတော့ ဘယ်ဖြစ်မလဲ။ ဖရေရာက ငါတို့ရဲ့အော့စ်ဂေါ့ရဲ့ကျက်သရေဆောင်နတ်သမီး။ ပေးလို့မဖြစ်ဘူး"
အိုဒင်က မဆိုင်းမတွပြောတယ်။
"ဟုတ်တယ်...ချစ်စရာကောင်းတဲ့ဖရေရာကိုတော့ ကျွန်တော်တို့လဲ အဆုံးရှုံးမခံနိုင်ဘူး"
တစ်ယောက်က အသံထွက်တယ်။
ကျန်တဲ့ နတ်ဘုရားတွေကလဲ ဆူညံ၊ ဆူညံဖြစ်လာပြီး ကန့်ကွက်ကြတယ်။
ဖရေရာရဲ့မျက်နှာကတော့ သွေးဆုတ်သွားတယ်။
ဉာဏ်များတဲ့ လိုကီက သူ့ရဲ့ရွှေရောင်မျက်တောင်တွေကို ပုတ်ခတ်၊ပုတ်ခတ်လုပ်လိုက်ပြီး
"နေကြပါဦး၊ ကျွန်တော်တို့တွေ အားလုံးအရင် တိုင်ပင်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ ခန်းမထဲကိုသွားကြမယ်...လာကြ" ဆိုတော့
နတ်ဘုရားတွေက
"ဘာမှတိုင်ပင်စရာမလိုဘူး၊ နေ တို့ လတို့ ဖရေရာတို့ဆိုတာ ငါတို့အတွက်အရေးကြီးတဲ့အရာတွေချည်းပဲ"
လို့ လိုကီကိုမနှစ်မြို့သလိုကြည့်ကြရင်း ဝိုင်းပြောကြတယ်။
"အားလုံးတိတ်ကြစမ်း"
နတ်ဘုရားတွေက စူးရှပြီး ဉာဏ်ပညာပြည့်ဝပုံပေါက်တဲ့မျက်လုံးတစ်လုံးနဲ့အိုဒင်ကို လှမ်းကြည့်လိုက်ကြတယ်။
" ဒီမှာစကားမများကြနဲ့၊ မင်းတို့အားလုံး အထဲကိုလိုက်ခဲ့ကြ"
အကြီးအမှူးဖြစ်တဲ့ အိုဒင်က လိုကီ့မှာ အကြံတစ်ခုခုရှိပုံရတာကိုရိပ်မိလို့ ဗိသုကာလူစိမ်းနဲ့မြင်းကို အပြင်မှာစောင့်ခိုင်းလိုက်ပြီး နတ်ဘုရားတွေကိုဦးဆောင်လို့ ခန်းမထဲကိုလျှောက်ဝင်လာခဲ့လိုက်တယ်။
ခန်းမထဲကိုရောက်တော့ ပလ္လင်ပေါ်မှာထိုင်လိုက်ပြီး ခြေရင်းမှာလာဝပ်တဲ့သူ့ရဲ့ဝံပုလွေနှစ်ကောင်ဖြစ်တဲ့ ဖရက်ကီ(Freki) နဲ့ဂီရီ(Geri)တို့ရဲ့ခေါင်းကို တစ်လှည့်စီပွတ်သပ်ပေးရင်း
" ကဲ...ဗိသုကာရဲ့တောင်းဆိုချက်ကို ဘယ်လိုလုပ်ရင်ကောင်းမယ်လို့စဥ်းစားကြလဲ" လို့ မေးပြောပြောလိုက်တဲ့အခါ
"ဘာမှ စဥ်းစားစရာတောင်မလိုဘူး။ ဖရေရာကိုပေးလိုက်လို့ဘယ်ဖြစ်မှာလဲ"
လို့ ဖရေရာရဲ့အစ်ကိုဖရေးကဆိုတယ်။
ကျန်တဲ့နတ်ဘုရားတွေကလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံကြရင်း
"ဟုတ်တယ်...နေနဲ့လကိုပေးလိုက်ရင်လဲ ကျွန်တော်တို့အားလုံးက အမှောင်ထဲမှာ အမြဲနေကြရတော့မှာပေါ့။ ဒီကိစ္စက လိုက်လျောလို့မဖြစ်နိုင်တဲ့ ကိစ္စပဲ"
" သင်တို့အားလုံးက ခေါင်းသိပ်မာကြတာပဲ။ တံတိုင်းကိုလိုချင်တယ်ဆိုရင်တော့ နည်းလမ်းရှာမှဖြစ်မှာပေါ့"
လိုကီရဲ့စကားကြောင့် လူစိမ်းနဲ့မလိုက်သွားချင်တဲ့ နတ်ဘုရားမဖရေရာက သူ့ရဲ့လှပတဲ့မျက်ဝန်းတွေနဲ့ လိုကီကိုစိမ်းစိမ်းကြည့်လိုက်တယ်။ လိုကီရဲ့အကြံပါလာရင် ဘာမဟုတ်တာတွေဖြစ်လာဦးမလဲဆိုတာ ဘယ်သူမှမသိဘူးလေ။
"တံတိုင်းကတော့ အမှန်တကယ်လိုအပ်တာပဲ။ ဒါပေမဲ့ ကျွန်တော့တို့ရဲ့ ဖရေရာရယ်၊ နေနဲ့ လရယ်ကိုတော့ဘယ်သူ့ကိုမှ မပေးချင်ဘူး"
သိမ်မွေ့တဲ့ ဘောလ်ဒါက သူ့ဆန္ဒကိုရှင်းရှင်းပဲ ဖော်ထုတ်တယ်။
"ဟုတ်တယ်...အဲဒါတော့ ထောက်ခံတယ်"
ကျန်တဲ့နတ်ဘုရားတွေကလဲ အသီးသီး သဘောတူကြလေရဲ့။
လိုကီကနတ်ဘုရားတွေအားလုံးကို အထင်သေးတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး
" အားလုံးနားထောင်ကြ၊ ငါ့မှာ အင်မတန်ကောင်းမွန်တဲ့ အကြံဉာဏ်ရှိတယ်။ သင်တို့အားလုံး ငါ့ကိုကျေးဇူးတင်ကြရလိမ့်မယ်" လို့ ခပ်ပြုံးပြုံးလုပ်ရင်း ပြောလိုက်တယ်။
အဲဒီနောက် အလွန်ခမ်းနားတဲ့အစီအစဥ်တစ်ခုကိုဖွင့်လှစ်တော့မဲ့ အခမ်းအနားမှူးအမူအရာနဲ့ လက်တွေ့ကိုဝှေ့ယမ်းလိုက်ပြီး အားလုံးမတွေးမိတဲ့ အကြံဉာဏ်တစ်ခုကို ထုတ်ပြောလိုက်တော့တယ်။
မောင်ဇိ
No comments:
Post a Comment