Saturday, December 18, 2010
စိတ်ညစ်ရင် ဘယ်သူ့ကို သတိရကြလဲ
စိတ်ညစ်တဲ့ အချိန်မှာ ဘယ်သူ့ကို သတိရတတ်ကြသလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မတူတတ်ကြပါဘူး။ ဘယ်သူ့ကို အများဆုံး သတိရတတ်ကြမယ်လို့ရော ထင်ပါသလဲ။ လူတွေ စိတ်ညစ်တဲ့အချိန်၊ အားကိုးရာမဲ့တဲ့အချိန်မှာ အများဆုံး ဘယ်သူ့ကို သတိရတတ်ကြမလဲ။ လူအားလုံး သတိရတတ်ကြတာကတော့ ကိုယ့်ကို အမြဲတမ်း မေတ္တာရှိနေမယ့်၊ ကိုယ်ဆိုးဆိုး၊ ကောင်းကောင်း ကိုယ့်အပေါ် အမြဲချစ်နေ၊ မေတ္တာရှိနေမယ့်၊ ကိုယ်မှာပျော်စရာရှိရင်မျှဝေပေးချင်ပြီး၊ ဝမ်းနည်းစရာဆိုရင်ကိုယ့်အပေါ်နားလည်စာနာပေးနိုင်မယ့်သူမျိုးကိုပါ။
အများစုက သတိရတတ်ကြတာကတော့ အမေပါ။ ဟုတ်ပါတယ်။ ကိုယ့်အပေါ်အမြဲ မေတ္တာနဲ့ ချစ်နေမယ့်သူက အမေဖြစ်တတ်ကြလို့ပါ။ လူတွေ စိတ်ဆင်းရဲစရာ၊ ဝမ်းနည်းစရာ၊ ကြောက်စရာနဲ့ ကြုံလာတဲ့အခါ အမေကို တကြပါတယ်။ ခလုပ်ထိမှ အမိတပေါ့။ ပြောရရင် အသက်ဘယ်လောက်ပင် ကြီးပါစေ၊ ဘယ်နေရာ၊ ဘယ်ဌာနကိုပင် ရောက်ပါစေ၊ အရေးကြုံရင် အမေကို သတိရတတ်ကြတာပါ။ ဆေးရုံမှာ မီးဖွားတဲ့ လူနာတွေတွေ့ဖူးပါတယ်။ ဘယ်နှစ်ယောက်မြောက်ကလေးကိုပဲ မွေးမွေး၊ အမေကို "တ" ရင်းနဲ့ မီးဖွားကြပါတယ်။ "အမေရေ.....နာတယ်၊ ကယ်ပါဦး "ဆိုတဲ့ စကားကို အော်ရင်းနဲ့ မိခင်လောင်းတွေဟာ နောင်တစ်ချိန်မှာ သူတို့ကိုပြန် "တ" မယ့် ကလေးတွေကို မွေးဖွားကြပါတယ်။ ဒါဖြင့် အသက်အရမ်းကြီးတဲ့လူတွေရော ဘယ်သူ့ကို "တ" ကြလဲ။ သူတို့လဲ မထူးပါဘူး။ အသက်ဘယ်လောက်ကြီးကြီး အရေးအကြောင်းဆို အမေကို "တ" ကြပါတယ်။ ကျွန်တော့် ဂျီးဒေါ်ကြီးတစ်ယောက် လေနာရောဂါရတဲ့အခါ အသက်ခြောက်ဆယ်ကျော်ကြီးနဲ့ " အမေရေ နာတယ် " ဆိုပြီး ဆုံးသွားတာ အလွန်ကြာပြီဖြစ်တဲ့ သူ့အမေကို "တ" နေတာကြုံဖူးပါတယ်။
ကဲ...ဘာလို့ အရေးဟယ်၊ အကြောင်းဟယ်ဆိုရင် အမေကို တ ကြတာလဲ စဉ်းစားကြည့်ရအောင်။ ဘာလို့ အဖေကိုတော့ မ "တ" လဲပေါ့။ တစ်ကယ်ဆို အဖေနဲ့ အမေမှာ အဖေက ပိုသန်မာတာပဲ။ အိမ်ထောင်ဦးစီး၊ အရာရာကို စနစ်တကျ ဆုံးဖြတ်တတ်ယုံမက ကိုယ့်ကို ကယ်တင်ပေးနိုင်တဲ့ အစွမ်းအစ၊အရည်အချင်း ပိုရှိတဲ့လူပဲ။ ဘာလို့မ "တ" ကြလဲ။
ဘာလို့လဲဆိုတော့ အမေကကိုယ့်အပေါ်မှာ ကရုဏာတရား ပိုကြီးလို့ပါ။ ကိုယ်ဝမ်းနည်း၊ ထိခိုက်ရင် ပိုပြီးတော့ စာနာပေးတတ်လို့ပါ။ ဆိုပါတော့ ကျွန်တော့တို့ ငယ်ငယ် က လမ်းလျှောက်ရင်း ခလုပ်တိုက်လဲတယ်ပေါ့။ အဖေကပြောပါတယ်။ ငါ့သား..ယောက်ျားကွ။ ထ ထ လို့ အားပေးပါတယ်။ အမေကတော့ ဟယ်..ငါ့သားလေးဘယ်နားနာသွားလဲ ဆိုပြီး ပြေးလာထူတတ်ပါတယ်။ အဖေက လောက အတွေ့အကြုံပိုရှိတတ်သူဖြစ်လို့ သူလုပ်တာ ကလေးအတွက်မှန်ပေမယ့်၊ ကလေးကတော့ ကိုယ့်ကို ပျာပျာသလဲပြေးလာထူတဲ့ အမေကို ပိုတွယ်တာသွားပါတယ်။ ဒီလိုနဲ့ အဖြစ်အပျက်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အခါ မသိစိတ်ထဲမှာ စွဲသွားပါတယ်။ အမေဟာ ကိုယ်ဝမ်းနည်းရင် ကိုယ်နဲ့လိုက်ငိုမယ့်သူတစ်ယောက်။ ကိုယ် စိတ်ညစ်စရာတွေကို မျှဝေပူပန်ပေးမယ့် သူတစ်ယောက်ဆိုတာကိုပါ။
ဒီလိုနဲ့ပဲ ဖြေရှင်းမရတဲ့အခက်အခဲတွေနဲ့ ကြုံတဲ့အခါ၊ ဝမ်းနည်း အားငယ် အထီးကျန်မှုတွေနဲ့ ဆုံတဲ့အခါ ကျွန်တော်တို့တွေ အမေကို သတိရလာတတ်ကြပါတယ်။
ကျွန်တော်လဲ ပြဿနာပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။ အောင်မြင်တဲ့အခါရှိသလို၊ ရှုံးနိမ့်တဲ့အခါတွေလဲ အလီလီပေါ့။ ပြဿနာတွေနဲ့ တွေ့လို့ ကျွန်တော်ရှင်းတော့မယ်ဆိုရင် စဉ်းစားပါတယ်။ ဖေဖေဆိုရင် ဘယ်လိုရှင်းမလဲဆိုပြီးတော့ပါ။ တော်ရုံတန်ရုံ အရှုံးဆိုရင်လည်း ဖေဖေကတော့ ဒီလောက်နဲ့ အရှုံးပေးမှာ မဟုတ်ဘူးကွ ဆိုပြီး ကျွန်တော်သည်းခံပြီးဆက်လုပ်တတ်ပါတယ်။ အဲ....နောက်ဆုံး မရှူနိုင်၊ မကယ်နိုင်နဲ့ ဒုက္ခလဲတွေ့ရော မျက်ရည်ဖြိုင်ဖြိုင်ကျပြီး မေမေ၊ မေမေ နဲ့ အမေကို "တ" ရတော့တာပါပဲ။ မေမေက ဘာမှ လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ မေမေ့ရဲ့  ဂရုဏာကို တမ်းတတာပါ။ လူအားလုံးလဲ ဒီလိုပဲ လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်သာ လူတွေက ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ အားငယ်စရာတွေနဲ့ ကြုံရင် အမေကို တမ်းတ တတ်တာပါ။
အကယ်၍ ကျွန်တော်တို့ ဝမ်းနည်း၊စိတ်ညစ်၊ အထီးကျန်၊ အားငယ်တဲ့အခါ အဖေ၊ အမေ အပြင် တခြားသူတစ်ယောက်ကိုပါ သတိရတယ်ဆိုရင်တော့ အဲဒီလူကို ကျွန်တော်တို့ ကောင်းကောင်းတန်ဖိုးထားသင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီလူဟာလဲ ကျွန်တော်တို့ရဲ့  ဝမ်းနည်း၊ ဝမ်းသာမှုတွေကို မျှဝေပေးနိုင်တဲ့၊ ကိုယ်ကျရှုံးရင် ကိုယ့်ကို အားပေးနိုင်တဲ့၊ ကိုယ့်ကို စစ်မှန်သော မေတ္တာဂရုဏာ တွေထားရှိတဲ့ သူတစ်ယောက်ဖြစ်လို့ပါ။ ဒါကြောင့်သာ ကျွန်တော်တို့ အားကိုးတကြီး သတိရ တမ်းတတတ် ကြတာမဟုတ်လား။
နိဂုံးချူပ်ပြောရရင်တော့ လောကမှာ ကိုယ့်အပေါ်ဂရုဏာကြီးမားတဲ့ မိဘ၊ ဆရာသမား ဘယ်သူကိုမဆို ရှိနေချိန်မှာ ကောင်းကောင်းတန်ဖိုး ထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲ သူများအပေါ်ဂရုဏာထားနိုင်သူများဖြစ်အောင် ကြိုးစားနိုင်ပါက ပိုကောင်းပါတယ်။ ကျွန်တော်တွေးမိသမျှလေးပါ။
မေမေ၊ ဖေဖေ၊ ကမ္ဘာပေါ်က မိခင်၊ဖခင်တိုင်းနဲ့ ဂရုဏာတရားကြီးမားသူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
Thursday, December 9, 2010
အသက်အရွယ်နဲ့ ဘဝအမြင်
ဟိုး..ငယ်ငယ်.... ကလေးဘဝတုံးက ထင်ခဲ့ဘူးတယ်။ ဘဝမှာ ပျော်ရွှင်မှုက အရေးအကြီးဆုံးလို့။
နောက်နည်းနည်းလေး အသက်ကြီးလာတော့ အတွေးအခေါ် ပြောင်းသွားတယ်။ အောင်မြင်မှုလောက် ဘဝမှာ အရေးပါတာ မရှိဘူးပေါ့။
ဒီထက် နည်းနည်းပိုကြီးလာတော့ ပျော်ရွှင်မှုရှိဖို့က ဘဝမှာ ပိုအဓိကကျတယ် ဖြစ်လာပြန်ရော။
နောက်ဆုံးသိထားတဲ့ အသိကတော့ အဲလို မဟုတ်တော့ပြန်ဘူး။ ဘဝမှာ အမှန်တကယ် အရေးပါတာတွေက အောင်မြင်မှုတစ်ခုထဲလဲမဟုတ်၊ ငွေကြေးချမ်းသာတာတစ်ခုထဲလဲမဟုတ်၊ ကျော်ကြားတာလဲမဟုတ်၊
အောင်မြင်ကျော်ကြားချမ်းသာတာလဲ မဟုတ်တာတော့ သေချာတယ်။ ဒါဖြင့် ဘာလဲဆိုတော့
ဘဝမှာ အောင်မြင်မှုတွေ ဘယ်လောက်ရရ၊ အတူတူ မျှဝေခံစားပေးမယ့်လူတွေ မရှိရင် ပျော်ရွှင်မှုဆိုတာ ပါးပါးလေးပါပဲ။ အောင်မြင်မှုတွေကို ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်မျှဝေခံစားနိုင်မှသာလျှင် တကယ်အဓိပ္ပါယ်ရှိတဲ့ဘဝ၊ ပြည့်စုံသာယာတဲ့ဘဝ ဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း။
ခုလောလောဆယ်တော့ ဘဝမှာ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲဆိုတာကိုပဲ ကြိုးစားလေ့လာနေဖြစ်ပါလေရဲ့  ။
Saturday, November 6, 2010
Some motivational words for me
No life is perfect.......
Everyone is suffering from something........
Juz the intensity of suffering is different depends on how you see it........
So......
stop complaining,
wake up from dreams,
grab the reality
&
Do your Best !
Wednesday, November 3, 2010
ဒုက္ခဟူသော ဆင်းရဲခြင်း
ဒီနေ့လဲ မနက်အစောကြီး နိုးနေခဲ့ပြန်တယ်။ ကွန်ပြူတာကို ဖွင့်ပြီးစာရေးမယ်လုပ်နေတုံး ဥသြငှက်တစ်ကောင်ရဲ့ တကြော်ကြော်အော်နေသံကို ကားသံတွေကြားထဲမှာ ထူးထူးဆန်းဆန်းကြားနေရလိုက်ရပြန်ရဲ့ ။ ဥသြငှက်ကလေးရဲ့  အသံက လွမ်းလွမ်းဆွေးဆွေးနေနဲ့ တော်တော် အထီးကျန်နေရှာတာပဲ လို့ ခံစားလိုက်ရတယ်။ သူ့မှာ ခံစားစရာတွေများ ရှိနေရော့သလား။ ငှက်လဲ ငှက်အလျောက်တော့ ငှက်ဒုက္ခတွေ ရှိရှာမှာပေါ့။
တစ်ကယ်တော့ လူတွေကရော....။ လူတိုင်းမှာလဲ ဒုက္ခတွေကိုယ်စီ ရှိနေကြတာပဲ။ ကိုယ်ဒုက္ခကိုမှ ဒုက္ခကြီးလို့ ထင်နေတတ်ကြတာကတော့ထုံးစံပါ။ အဲ.....ကိုယ်တိုင်ခံစားဖူးရင်တော့ သူများကို နည်းနည်းပိုပြီး ကိုယ်ချင်းစာ တတ်လာမှာပေါ့။ ဗုဒ္ဓဟောတဲ့ ဒုက္ခသစ္စာကို ကြည့်ရင်တော့ မမွေးခင် အမိဝမ်းထဲမှာကတည်းက ဒုက္ခတွေစခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့်လဲ စာပေက စာပေ၊ လူက လူပါပဲ။ ကိုယ်တိုင်မကြုံမချင်းတော့ ဘယ်သူမှ ဒုက္ခရဲ့  အဓိပ္ပါယ်ကို သေချာမသိပါဘူး။
ဥပမာပြောရရင် အခု လူတော်တော်များများခံစားနေရတဲ့ ဒုက္ခနှစ်ခုပေါ့။ ချစ်သောသူတို့နဲ့ ကွေကွင်းရခြင်းဒုက္ခ နဲ့ လိုချင်တောင့်တအပ်သည်ကို မရခြင်း ဒုက္ခ....။ လူဟာ အသက်ကြီးလာတာနဲ့ အမျှ ဒီဒုက္ခတွေကို မလွဲမသွေကြုံလာရမှာပါ။ အဲဒီအခါ စွဲလမ်းတဲ့ အတိုင်းအတာကို လိုက်ပြီး ခံစားရတဲ့ ဒုက္ခ အကြီးအသေးက အများကြီး ကွာသွားပြန်ပါတယ်။
တစ်စုံတစ်ခုကို အရမ်းစွဲလမ်းပြီး မရတော့တဲ့ အခါမျိုးမှာ ခံစားရတာကို ကိုယ်ချင်းစာတတ်ကြပါသလား။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရလို့ အပြင်းအထန် ခံစားရတာမျိုးကိုရော ကြုံဖူးကြပါသလား။ ဘယ်လောက်ပဲ ကိုယ်ချင်းစာပေးတယ်ပြောပြော ကိုယ်တိုင်မခံစားဖူးရင် အဲဒီဒုက္ခတွေကို ဂဃနဏ ခံစားနားလည်ပြီး မသိနိုင်ပါဘူး။
ဗုဒ္ဓစာပေထဲက မပဋာ ယောက်ျားမြွေကိုက်၊ သားကြီးရေမြော၊ သားငယ်စွန်ချီခံရတဲ့ ပဋာမြေလူးဒုက္ခ ဆိုတာက ဘယ်နှစ်ခါဖတ်ဖတ် ကိုယ်တိုင်မခံစားဖူးရင် သြော် သနားပါတယ် ဆိုတာလောက်နဲ့ ပြီးသွားတာပါ။ ဒုက္ခကို မကြုံဖူးရင် ဒုက္ခကြောင့်ရူးသွားတယ် ဆိုတာကို ခံစားပေးတတ်မယ် မထင်ပါဘူး။
ကိုယ်မြတ်နိုးတဲ့ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရပြီလို့ သိရတဲ့ အခါမျိုးမှာ နှလုံးခုန်တွေ တဖြည်းဖြည်း မြန်လာတတ်ပါတယ်။ ပေါက်ထွက်သွားမလားလို့ ထင်ရမတတ် နှလုံးတွေခုန်လာတတ်ပါတယ်။ စိတ်အရမ်းပျော့ပြီး ခံစားချက်ပြင်းထန်လွန်းတဲ့လူဆိုရင် မူးမေ့သွားတဲ့ အထိဖြစ်တတ်ပါတယ်။ အိပ်လို့လဲ မပျော်နိုင်သလို၊ စားလို့လဲ မဝင်ပါဘူး။ သိပ်ဆိုးရင် ရင်ဘတ်ထဲက အောင့်ပြီး ဗိုက်ထဲက အစာတွေပါ ပြန်အန်ထွက်တဲ့ အထိဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ရည်မှန်းချက်ဆိုတာမျိုးတွေလဲ ပျောက်သွားပြီး ဒီစိတ်တစ်ခုထဲနဲ့ ဘာကိုမှ အရေးမစိုက်ဖြစ်လာပါတယ်။ တအားခံစားရလွန်းရင် ရူးသွားတယ် ဆိုတာ ဟုတ်မှာပါ။ မိတ်ဆွေ၊ သူငယ်ချင်းကောင်း တွေ၊ မိဘဆွေမျိုးတွေက ဖေးမပေးရင်တော့ သက်သာနိုင်ပါတယ်။ လူကြီးသူမတွေကတော့ ဒီဒုက္ခတွေကို ကျော်လွှားခဲ့ဖူးလို့ ရင့်ကျက်လာကြတာ နေမှာပါ။
ဒါက ချက်ချင်းခံစားရတာကို ပြောတာပါ။ ရေရှည်ခံစားရတဲ့ ဆိုးကျိုးတွေရှိပါသေးတယ်။ လူက မတက်ကြွတော့တာ၊ အာရုံစူးစိုက်မှုတွေ လျော့သွားတာ၊ဘာပဲလုပ်လုပ် ခေါင်းထဲမှာ အဲဒီကိစ္စပဲရောက်နေတာ၊တခြား ဘာကိုမှ အလေးမထားချင်တော့တာ၊ ကိုယ့်ဘဝကိုယ် ရေစုန်မျောချင်လောက်အောင် ဖြစ်သွားတာ၊ ဘယ်အရာကမှ ပျော်ရွှင်အောင် မလုပ်ပေးနိုင်တော့တာ၊ ရည်မှန်းချက်တွေ ပျောက်သွားတာ၊ ဘဝရဲ့  အဓိပ္ပါယ်တွေ ပျောက်ဆုံးသွားသလိုမျိုး ခံစားရတာ၊ စတာတွေပါ။
အဲဒီ ဒုက္ခတွေနဲ့ ကြုံခဲ့ရတဲ့ လူတစ်ယောက်ကိုတွေ့ဖူးပါတယ်။ နာဂစ်မုန်တိုင်း တိုက်ပြီးခါစက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာပါ။ မုန်တိုင်းထဲမှာ သူ့မိန်းမ၊ ဘွဲ့ရပြီးလို့ ရန်ကုန်မှာ အလုပ်လုပ်နေရာက အလည်ပြန်လာတဲ့ ကလေးနှစ်ယောက်၊ ချမ်းသာသမျှ ပစ္စည်းဥစ္စာ၊ အကုန်ပါသွားတာပါ။ နေ့တိုင်း အရက်သောက်ပြီး သူ့ဒုက္ခတွေကို မေ့ဖို့ကြိုးစားနေရှာပါတယ်။ကျန်ခဲ့တဲ့ အငယ်ဆုံး ကလေးလေးတစ်ယောက်သာ မရှိခဲ့ရင် သူ အသက်တောင် ဆက်ရှင်ဖို့ စိတ်မရှိတော့ဘူးလို့ ဆိုပါတယ်။ ဟုတ်မှာပါ။ ချစ်သောသူများနဲ့ ကွေကွင်းရခြင်း ဒုက္ခဆိုတာက အဲဒီလောက်ဆိုးပါတယ်။ ဒါကြောင့်လဲ ဗုဒ္ဓက ဆင်းရဲခြင်း အမှန်တရားလို့ ဆိုခဲ့တာပါ။
လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကျော်လောက်က ကျွန်တော်တွေ့ခဲ့ရတဲ့ လူတစ်ယောက်ပါ။ ခုချိန်မှာ သူနာလန်ပြန်ထူနေပြီလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီဒဏ်ရာက သူ့ကို တစ်သက်လုံး ဒုက္ခပေးနေတော့မယ် ဆိုတာတော့ သေချာပါတယ်။
ဘဝမှာ ချစ်တဲ့သူတွေအားလုံးနဲ့ ပစ္စည်းဥစ္စာဆိုသမျှကို ဆုံးရှုံးပြီးနောက် သူ့မှာ ဘဝကို ခုံမင်စိတ်ရော ရှိပါဦးမလားလို့ ကျွန်တော်တွေးနေမိပါတယ်။
သူရဲ့ ဒုက္ခတွေကို ပြန်စဉ်းစားတဲ့အခါတိုင်း ကျွန်တော်တို့တွေရဲ့  ဒုက္ခလေးတွေက သေးသေးလေးတွေပါလို့ သဘောပေါက်ရပါတယ်။ သဘောသာ ပေါက်တာပါ၊ ခံစားရတာက ခံစားရတာပါပဲ။ တစ်ချို့ ဆင်းရဲခြင်းတွေက ဘယ်လိုပဲ စိတ်ကိုဖြေဖြေ၊ နောက်ကနေ တကောက်ကောက်လိုက်ပြီး စိတ်ကိုဆင်းရဲစေတတ်တာပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် အရာရာဟာဘာမှ မဟုတ်တော့ဘူးဖြစ်သွားလိမ့်မယ်ဆိုပေမယ့် အဲဒီအချိန်မရောက်ခင်မှာတော့ ခံစားရတာတွေဟာ ဆိုးရွားလွန်းလှပါတယ်။ ဒုက္ခဆိုတာက ရင်ထဲမှာ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေတဲ့မီး၊ နှလုံးသားကို တစ်ချိန်လုံး တစ်စွပ်စွပ်ထိုးနေတဲ့ ဓါးတစ်လက်ပါ။ဒါကြောင့်လဲ တစ်ချို့ လူတွေဟာ ဒုက္ခနဲ့ ကြုံပြီးရင် သာ့သနာ့ဘောင်ကိုဝင်လို့၊ တစ်ချို့ ကတော့ ရူးသွားကြတာနေမှာပါ။ တစ်ချို့ ကတော့ ဘဝကိုလက်မြှောက်အရှုံးပေးပြီး ပျက်စီးသွားတဲ့အထိဖြစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုက္ခအားလုံးကို သင့်တင့်စွာ နှလုံးသွင်းပြီး ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ ဖြစ်ပါရစေ။ တတ်နိုင်ရင်တော့ ဒုက္ခဆိုတာမျိုးကို ကြုံကိုမကြုံချင်ပါဘူး။
လူရယ်လို့ဖြစ်လာပြီဆိုမှတော့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ဒုက္ခတွေကို ကြုံလာရပါပြီ။ ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာတော့ တစ်ယောက်ချင်းစီနဲ့ ဆိုင်သွားပါပြီ။ မြတ်ဗုဒ္ဓကတော့ ဒုက္ခရဲ့  အစဟာ စွဲလမ်းခြင်းလို့ ဆိုထားခဲ့ပါတယ်။ စွဲလမ်းခြင်းကို ဖြတ်နိုင်ရင် ဒုက္ခမရှိတော့ဘူးလို့ ဟောခဲ့တာပါ။ သာမန် အန္ဓပုထုဇဉ်တစ်ယောက်အတွက် လိုက်နာဖို့ အလွန်ခက်ခဲတဲ့ ဒုက္ခကင်းဝေးရေး နည်းလမ်းတစ်ခုပါ။ အကောင်းဆုံး၊ အသက်သာဆုံးဖြစ်အောင် ရင်ဆိုင်နိုင်တဲ့နည်းလမ်းတွေတွေ့ကြပါစေ။
ပဋိသန္ဓေနေရခြင်းနဲ့ အို၊နာ၊သေ ဒုက္ခတွေက လူတိုင်းခံစားရပေမယ့် မချစ်မနှစ်သက်သူတို့နဲ့ ပေါင်းသင်းနေထိုင်ရခြင်း၊ ချစ်သောသူနဲ့ ကွေကွင်းရခြင်းနဲ့ လိုချင်တောင့်တအပ်သည်ကို မရခြင်းဒုက္ခကတော့ ကံအရမ်းကောင်းသူတွေမှာ မခံစားရတတ်ပါဘူး။ အဲဒီလို ကံကောင်းသူဖြစ်ချင်ပါတယ်။ ကံကောင်းသူများလည်း သူများကို ကိုယ်ချင်းစာပေးနိုင်ကြပါစေ။ ကံမကောင်းသူများလည်း ဒုက္ခတွေကို ကျော်လွှားနိုင်ကြပါစေ။ သူများကို ဒုက္ခပေးသူများလည်း မဖြစ်ကြပါစေနဲ့။
လူတိုင်း၊ လူတိုင်း ဒုက္ခအပေါင်းက ကင်းဝေးကြပါစေဗျာ။
Tuesday, September 28, 2010
မင်း၊ ငါ၊ ကျွန်တော်၊ ခင်ဗျား
"ဟေ့ကောင်၊ မင်း ဒီဟာလေးတွေ သယ်သွားလိုက်စမ်းပါ" တဲ့။ လှည့်ကြည့်လိုက်တော့ ကျွန်တော့ကို ပြောနေတာ။ ပြောနေတဲ့ငတိလေးက ကျွန်တော့်ထက်အနည်းဆုံး ၃ နှစ်လောက်ငယ်လိမ့်မယ်။ အဲဒါ ကျွန်တော်တို့ ကျောင်းက ကျောင်းသားသစ်တွေရော၊ ကျောင်းသားဟောင်းတွေရော စုပေါင်းပြီးလုပ်တဲ့ ပွဲတစ်ပွဲမှာပါ။ အလို...ဒီခေတ် စင်ကာပူက လူငယ်တွေ ဒီလိုဖြစ်ကုန်ပြီလား။ စင်ကာပူကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာလို့ ယဉ်ကျေးမှုဆိုတာကို မသိတော့တာလား။ ရန်ကုန်မှာ ကတည်းက မိဘဆွေမျိုးတွေက မသင်ပေးလိုက်လို့ပဲ ဒီလိုပြောဆိုနေတတ်တာလား။ "လား" ပေါင်းများစွာကို ကျွန်တော် တွေးမိသွားပါတယ်။
ဒီအဖြစ်အပျက်မျိုးက ကျွန်တော်ခုမှ ကြုံရတာတော့ မဟုတ်ပါဘူး။ ခဏ၊ ခဏ တွေ့နေရတာပါ။ ခုတော့ ပြောစရာတွေက အရမ်းများလာလို့ ရေးလိုက်တာပါ။
ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ။ မြန်မာလူမျိုးဟာ လူတစ်ယောက်ကို အသက်အရွယ်လိုက်လို့ ဦးဦး၊ ဒေါ်ဒေါ်၊ အစ်ကို၊ အစ်မ စသည်ဖြင့် ဂါရဝတရားနဲ့ ဆက်ဆံလေ့ရှိတာပါ။ ကျွန်တော့မိဘတွေဆိုရင် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်၊ ကိုယ်ထက် အသက် ၁ နှစ်ကြီးရင် မင်းနဲ့ငါနဲ့ မပြောဖို့ ကျွန်တော်တို့ကို ဆုံးမထားတာပါ။ ဒါကြောင့်လဲ ဘယ်လိုလူပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲလုပ်လုပ်၊ ပညာတတ်တတ် မတတ်တတ် ကျွန်တော်ဟာ ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေကို အသက်အရွယ်လိုက်လို့ ခေါ်ဝေါ်ဆက်ဆံပါတယ်။
စင်ကာပူမှာ ကျွန်တော် တွေ့၊ ကြုံ နေရတာတွေကို ရေးပြပါမယ်။ ကောင်လေး၊ ကောင်မလေးတွေ ရှိပါတယ်။ ပိုလီကျောင်းလောက်ပြီးသွားရင် လူတစ်ကာကို မင်း၊ငါ၊ နင်၊ငါ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အသက်ကြီးလာပြီး မရင့်ကျက်လာတာလား။ သိကို မသိတတ်တာလားတော့ ကျွန်တော်မသိပါဘူး။ အနည်းဆုံးတော့ ကိုယ်နဲ့ မသိတဲ့ လူတစ်ယောက်နဲ့ စကားစပြောရင် "ခင်ဗျား၊ ကျွန်တော်" လောက်တော့ ဖြစ်သင့်ပါတယ်။ အသက်အရွယ်ကို သေချာသိမှ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး စသည်ဖြင့်ပြောတာ ပိုမယဉ်ကျေးပေဘူးလားဗျာ။
အရေးမကြီးတာကို ကြီးကျယ်အောင်ရေးနေတာ မဟုတ်ပါဘူး။ ဆက်ဆံရေးတစ်ခုမှာ အခေါ်အဝေါ်က အရမ်းကို အရေးပါလို့ ပြောနေတာပါ။ တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုမရှိရင် အစကတည်းက ဆက်ဆံရေးက အနှုတ်နဲ့ စပါတယ်။ အပြုသဘောထက် အပျက်သဘောက ပိုများလာပါတယ်။ ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ကြပါတယ်။ မာနထောင်လွှားခြင်းမရှိပါဘူး။ ဒီတော့ သူတို့နဲ့ ဆက်ဆံရသူတွေကို ငြိမ်းချမ်း စေပါတယ်။ ဥပမာ တစ်ခုပြောရရင် စာပေဟောပြောပွဲတစ်ခုမှာ ဆရာလယ်တွင်းသား စောချစ်နဲ့ စကားပြောခွင့်ကြုံပါတယ်။ ကျွန်တော်ဟာ သူ့သား၊ သူ့မြေး အရွယ်လောက်ပါ။ ဒါပေမယ့် လူ့လောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ဆရာက သူ့ကိုသူ "ကျွန်တော်"၊ လူငယ်တစ်ယောက်သာ ဖြစ်သေးတဲ့ ကျွန်တော့ကို "ခင်ဗျား" စသည်ဖြင့် သုံးနှုန်းပြောဆိုသွားတာကို သတိထားမိလိုက်ပါတယ်။ တော်တော်လဲ လေးစားသွားမိပါတယ်။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို ဆက်ဆံရာမှာ သူ့ဂုဏ်ကိုယ်မသိ၊ ကိုယ့်ဂုဏ်သူမသိ ဆိုတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဆရာ ဆက်ဆံသလို ဆက်ဆံခြင်းအားဖြင့် ပြဿနာ အားလုံးကို ဖြေရှင်းပြီး ဖြစ်သွားတယ်လို့ သဘောပေါက်မိပါတယ်။ ဆရာ လယ်တွင်းသားစောချစ်မှ မဟုတ်ပါဘူး။ ကျွန်တော် ဆက်ဆံမိသမျှ သဘောထားကြီးရင့်တဲ့၊ အတွေ့အကြုံများတဲ့ လူကြီးသူမများဟာ ဒီလိုပဲဆိုတာ ကျွန်တော်လေ့လာ မှတ်သားခဲ့ရပါတယ်။
အခု စင်ကာပူက လူငယ်အများစု ဖြစ်နေတဲ့ ပြဿနာကို ဆက်ရေးပါမယ်။ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့  ဟာပိုလီကျောင်းလောက်ပြီးရင် ကိုယ့်ကိုယ်ကို ဘုရင်ခံလောက်ထင်နေတဲ့လူတွေရှိပါတယ်။ စီနီယာဆိုပြီး နောက်မှ ကျောင်းတက်လာတဲ့လူတွေကို အသက်အရွယ်မကြည့်ပဲ ခပ်ရင့်ရင့်ဆက်ဆံတတ်ကြပါတယ်။တစ်ကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးမှ ပိုလီလာတက်သူတွေ၊ အိုင်တီအီးကနေ ကူးလာသူတွေ ဒုနဲ့ဒေးပါ။ ဒါကိုမစဉ်းစားပဲ သူတို့ စိတ်ထဲမှာ စီနီယာဆိုရင် မင်း၊ငါ ဆိုတဲ့ စကားနဲ့ ပြောတာ တရားတယ်လို့ ထင်နေကြပုံရပါတယ်။
ကျွန်တော့ထက်ကြီးတဲ့သူတွေကို စီနီယာဖြစ်ဖြစ်၊ ဂျူနီယာဖြစ်ဖြစ် ကျွန်တော် အစ်ကို၊ အစ်မခေါ်ပါတယ်။ သူတို့က မင်း၊ငါ စသည်ဖြင့်သုံးနှုန်းရင် ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ငယ်သူတွေက ရင့်လာရင်တော့ ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ဟာ မြန်မာလူမျိုး ဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုကိုပဲ ဆက်ခံ၊ လိုက်နာရမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ လိုက်နာပါတယ်။ ကျွန်တော့ထက် ငယ်တာကို သေသေချာချာသိနေရင်တောင်မှ တစ်ဖက်လူက ကျွန်တော့ကို မသိသေးရင် "ကျွန်တော်၊ ခင်ဗျား" စသည်ဖြင့် သုံးနှုန်းပါတယ်။ သူဘက်က ဘာမှ မသိရပဲ ကျွန်တော်ကတစ်ဖက်သတ် မင်း၊ငါ စသည်ဖြင့်သုံးနှုန်းလိုက်ရင် စိတ်ကွက်သွားမှာ စိုးလို့ပါ။ ဆက်ဆံရေးတစ်ခုကို အဖုအထစ် မဖြစ်စေချင်လို့ပါ။ နောက်တစ်ခုက ကျွန်တော့ထက်ငယ်ပေမယ့်၊ လေးစားလောက်စရာ ဂုဏ်ရှိသူတွေ၊ သို့မဟုတ် သိပ်မရင်းနှီးသူတွေကိုလဲ ကျွန်တော်၊ ခင်ဗျားစသည်ဖြင့်ပဲ ဆက်ဆံပါတယ်။ ဂုဏ်ဆိုတဲ့ နေရာမှာ ငွေ၊ ကြေးကို ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ရည်ကိုယ်သွေး၊ တာဝန်ယူထားမှု၊ ရင့်ကျက်မှု၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှု စတာတွေကိုပြောတာပါ။
နောက်ဆုံးအနေနဲ့ ကျွန်တော် ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးတစ်ခုကိုပြောပါမယ်။ အဖွဲ့လိုက် တာဝန်ယူရတဲ့လုပ်ငန်းလေးတစ်ခုမှာပါ။ ကျွန်တော်ရယ်၊ ကျွန်တော့ညီငယ်လေး တစ်ချို့ ရယ်၊ စီနီယာထဲက မိန်းကလေး တစ်ချို့ ရယ် အတူတူတာဝန်ကျပါတယ်။ ကျွန်တော်သိတာတော့ မိန်းကလေးတွေဟာ ကျွန်တော့ထက် နှစ်နှစ်၊ သုံးနှစ်စီလောက်ငယ်ပါတယ်။ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ မသိသေးတဲ့ အတွက် ကျွန်တော်ဘက်က "ကျွန်တော်၊ ခင်ဗျား" စသည်ဖြင့်ပဲ သုံးနှုန်းပါတယ်။ အဲ....ပြဿနာကို သူတို့ ဘက်က စရှာလာပါတယ်။ သူတို့ကိုယ်သူတို့ နာမည်တပ်ရင် "မ" ဆိုတာလေးကို ရှေ့ က တပ်ပေးပါတယ်။ ပြီးတော့ ကျွန်တော့ကိုတော့ "နင်၊ ငါ" စသည်ဖြင့် စီနီယာဂုဏ်ပြပါတယ်။ ကျွန်တော် စိတ်ထဲမှာ သူတို့ကို နည်းနည်း အထင်ကြီးလို့မရဖြစ်သွားပါလေရော။ ရေရှည် အတူတွဲလုပ်ရမယ့်လူတွေ မဟုတ်တဲ့အတွက် ကျွန်တော် ဘာတစ်ခုမှ မပြောခဲ့တော့ပါ။ ပြောချင်ရာပြောကြလို့ လွှတ်ပေးထားပြီး ကြိတ်ပဲ ရယ်နေလိုက်ပါတယ်။ သူတို့ကိုတော့ ခပ်တန်းတန်းပဲ ဆက်ဆံခဲ့ရပါတယ်။
ကျွန်တော်ပြောချင်တာကတော့ သူတို့တွေ မပြောတတ်၊ မဆိုတတ်တာကြောင့် အတူတွဲလုပ်ရင်း သူငယ်ချင်းသစ်တွေ၊ မိတ်ဆွေသစ်တွေရမယ့်အခွင့်အရေး ကို ကျွန်တော်ရော၊ သူတို့ရော ဆုံးရှုံးခဲ့ရတယ်ဆိုတာပါ။
နောက်ဆုံး နိဂုံးချုပ်ရရင် တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုမရှိရင် ဆက်ဆံရေးကောင်းတစ်ခုကို အစပျိုးဖို့ခက်ပါတယ်။ တစ်ဖက်ဖက်က မကျေမနပ်ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးဟာ ဘယ်တော့မှ ကောင်းကျိုးကို ထုတ်မပေးနိုင်ပါဘူး။ အစပျိုးမှု မကောင်းတဲ့ ဆက်ဆံရေးတစ်ခုကနေ မိတ်ဆွေ၊ သူငယ်ချင်းကောင်းဆိုတာလဲ ရ မလာနိုင်ပါဘူး။ ဒါဆိုရင် ကိုယ့်အတွက်ရော၊ ကိုယ့်နဲ့ ခင်မင်ခြင်းအားဖြင့် အကျိုးရနိုင်မယ့် တစ်ဖက်လူအတွက်ရော အကျိုးယုတ်ပါတယ်။ မိတ်ဆွေတစ်ယောက်တိုးတယ် ဆိုတာဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကိုယ့်အတွက် အကျိုးရှိပါတယ်။ ဒီသဘောတရားလေးက ဘယ်တော့မှ မမှားပါဘူးဆိုတာ လူတိုင်းသိသင့်ပါတယ်။
ဒါကြောင့် ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်ပြီး သူ့နေရာ၊ ဌာနနဲ့ ခေါ်ပြော ဆက်ဆံတတ်သူတွေ၊ စကားကောင်းထွက်သူတွေ ဖြစ်ကြပါစေဗျာ။
Saturday, September 11, 2010
ဖေဖေ
ကျွန်တော့အဖေနဲ့ ကျွန်တော်နဲ့ အသက် ၃၃ နှစ်လောက်ကွာပါတယ်။ ဖေဖေ ၃၃နှစ်မှာ ကျွန်တော့ကို မွေးခဲ့တာပေ့ါ။ အငယ်ဆုံးသားဖြစ်တဲ့ ကျွန်တော့ကို ဖေဖေကချစ်ပါတယ်။ ချစ်တဲ့အကြောင်းလည်း အနည်းနဲ့ အများဆိုသလို ပြတတ်ပါတယ် (ကိုကို ငယ်ငယ်ကတော့ ဖေဖေက ချစ်ပေမယ့် ချစ်ကြောင်းပြခဲပါတယ် )။ ကျွန်တော်မှတ်မိတာ တစ်ခုကတော့ ဖေဖေမုတ်ဆိတ်ရိတ်ပြီးရင် ကျွန်တော့ကို ချီပြီးသူ့မုတ်ဆိတ်ငုတ်တိုစူးစူးတွေနဲ့ ကျွန်တော့လည်ပင်းကို ပွတ်လို့ ယားအောင်လုပ်တတ်တာပါ။ ကျွန်တော်က အသည်းယားလွန်းလို့ တွန့်တွန့်လူးရုန်း၊
ဖေဖေက မလွှတ်ပဲ တစ်ဟားဟား ရယ်ပြီးမုတ်ဆိတ်နဲ့ပွတ်၊ ခုတောင်ပြန်စဉ်းစားပြီး ရင်ထဲနွေးလာမိတယ်ဗျာ။
နောက်တစ်ခုမှတ်မိတာက ဖေဖေခရီးသွားပြီးပြန်လာရင် ကျွန်တော်ကြိုက်တတ်တဲ့မုန့်တွေ၊ ကစားစရာတွေဝယ်လာတတ်တာပါ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာကလေးကြော်တု့ိ၊ ငုံးဥပြုတ်တို့ဆိုတာတော့ ဖေဖေခရီးက ပြန်လာတိုင်းပါလာနေကြပေါ့။မေမေကတော့ဖေဖေဝယ်လာတဲ့ စာကလေးကြော်တွေကို ပြန်ကြော်ပေးပြီး ငုံးဥတွေကို စိတ်ရှည်လက်ရှည် အခွံခွာပေးတတ်တယ်။ ကိုကိုနဲ့ မမကတော့ ကျွန်တော့မုန့်တွေကပ်စားပေါ့...ဟဲဟဲ။ တစ်ခါတစ်ရံ ဖေဖေပြန်လာရင် ကစားစရာတွေလည်းပါလာတတ်ပါတယ်။ ကျွန်တော်ငယ်ငယ်က နယ်မြို့လေးတစ်မြို့မှာနေတာဆိုတော့ ကစားစရာ အသစ်အဆန်းလေးတွေ ခရီးသွားရင်းနဲ့ ဖေဖေဝယ်လာတတ်ပါတယ်။ ဒီတုံးက သံပတ်နဲ့ ခုန်ဆွ ခုန်ဆွ သွားတတ်တဲ့ ဖားရုပ်လေးတို့၊ အထဲကမီးခတ်ကျောက်နဲ့သွားတဲ့ ဖိတွန်းပြီးလွှတ်လိုက်ရတဲ့ကားလေးတို့၊ ပစ်လိုက်ရင် မီးလင်းပြီး အသံမျိုးစုံမြည်တဲ့ အဲဒီခေတ်က ခေတ်စားတဲ့ ဓါတ်ခဲသေနတ်တို့ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော့အတွက်တော့ ဖေဖေဟာ အရာရာကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးရှင်ကြီးပေါ့။
ဖေဖေ့အလုပ်တာဝန်နဲ့ ကျွန်တော်တို့တွေ အနယ်နယ်၊ အမြို့မြို့ပြောင်းပြီး ရန်ကုန်ကို ကျွန်တော် ခုနစ်တန်းနှစ်မှာ ရောက်လာပါတယ်။ ကျွန်တော့ စိတ်ထဲမှာ စွဲထင်နေခဲ့တဲ့ အဖြစ်အပျက်လေးတွေရှိခဲ့ပါတယ်။ ကျွန်တော် ဆယ်တန်းနှစ်မှာပေါ့..။အိမ်မှာ Study Guide စောင့်နေတာကို မေ့ပြီး ကျွန်တော် ကျူရှင်က အပြန်ဂိမ်းဝင်ဆော့ပါတယ်။ ပြန်လာတော့ဖေဖေက စောင့်ပြီးမေးပါလေရော။ “ဘယ်လျှောက်သွားနေတာလဲ....မင်းဂိုက်တောင် မစောင့်နိုင်လို့ ပြန်သွားပြီ” တဲ့။
ဖေဖေက စိတ်ဆိုးရင် ဇက်ပိုးအုပ်တတ်သလို၊ ကြိမ်လုံးနဲ့လဲ ဆော်ရင်ဆော်တတ်သူပါ။ များသောအားဖြင့်တော့ ဖေဖေမျက်လုံးစူးစူးနဲ့ တစ်ချက်ကြည့်လိုက်ရင်ပဲ ကျွန်တော်တို့ ညီအစ်ကို၊မောင်နှမတစ်တွေ ဖေဖေ့ကိုကြောက်ကြပါတယ်။ ကျွန်တော်လဲ အဆူခံရမှာ ကြောက်တာနဲ့ လိမ်ရတော့တာပေါ့။ ဆရာမက အချိန်ပိုခေါ်လို့ပါ၊ ဘာညာနဲ့ပေါ့လေ။ ဖေဖေက ကျွန်တော့ကို သေချာကြည့်ပါတယ်။ ပြီးမှ “ဟုတ်ရဲ့လားကွာ၊ မင်းဟာက လိမ်ဆင်ကြီး” လို့ပြောလေရဲ့။ ကျွန်တော်လဲ “ပေါက်တဲ့နှဖူး မထူးဘူးဟ” ဆိုပြီး “ဟုတ်ပါတယ်၊ဖေဖေရဲ့ ” လို့ ဆက်လှိမ့်ပါတယ်။ ပြီးတော့မှ ကျွန်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ အဖေကိုလိမ်လိုက်မိလို့ပါ။ ဖေဖေကညစာစားရင်းနဲ့ နောက်တစ်ခေါက်ထပ်မေးတဲ့ အခါမှာတော့ အမှန်ပဲ ပြောပြလိုက်ပါတော့တယ်။ ရင်ထဲမှတော့ တထိတ်ထိတ်နဲ့ပေါ့ဗျာ။ကျွန်တော်ဂိမ်းသွားဆော့နေလို့ နောက်ကျပါတယ်။ ဖေဖေ့ကို ညာပြောလိုက်တာပါဆိုတဲ့ အကြောင်းပေါ့။ ဖေဖေက ပထမတော့ တွေသွားပါတယ်။ ပြီးတော့မှ “ဟာကွာ...မင်းကွာ.....ငါ့ကိုလိမ်ပြောတယ်” ဆိုပြီး မျက်နှာညိုှးသွားပါတယ်။ ပြီးတော့ ဘာမှ ဆက်မပြောတော့ပါဘူး။ ဖေဖေတော်တော် စိတ်မကောင်းဖြစ်သွားတာ သေချာပါတယ်။ ထမင်းလဲ ကောင်းကောင်းမစားတော့တာ ကျွန်တော်မှတ်မိပါတယ်။ ကျွန်တော်လဲ အဲဒီကတည်းက ဖေဖေ့ကို လိမ်မပြောဖြစ်တော့ပါဘူး။ လိမ်လို့လဲမရတော့ပါဘူး။ နောက်ဆုံး ဖေဖေ မသိစေချင်တဲ့ အကြောင်းအရာဆိုရင်တောင် ကျွန်တော်လှည့်ပတ်ပြီးပဲ ရှောင်ပြောလိုက်ပါတယ်။ မညာဖြစ်တော့ပါဘူး။ အဲဒီ ညာမပြောတတ်တဲ့ အကြောင်းကြောင့်ပဲ နောက်တစ်ခါ ဖေဖေနဲ့ ပြဿနာ ထပ်တက်ရသေးတာကိုတော့ နောက်ပိုင်းမှာ ထပ်ရေးပြပါ့မယ်။
ဒီလိုနဲ့ ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အခါမှာ နည်းနည်း အတွေးအခေါ်ပြောင်းလာပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလာပြီး၊ ယုံကြည်မှုလည်းရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုလဲ ကိစ္စတော်တော်များများကို လုပ်နိုင်မယ်လို့ ထင်လာပါတယ်။ သားသမီးအကြောင်း မမောနိုင် မပန်းနိုင်ပြောတတ်တဲ့ ဖေဖေ့ကိုတော့ ကြွားတယ်လို့ ထင်လာမိတယ်။ ကျွန်တော် ဆယ်တန်းအောင်စာရင်း ထွက်မယ့်ညမှာ အရမ်းတက်ကြွနေတဲ့ ဖေဖေ့ကို အေးစက်စက်လုပ်ပြပြီး အသံတိတ် ဆန္ဒပြခဲ့မိတယ်။ အေးအေးဆေးဆေးပေါ့၊ ဘာတွေတက်ကြွစရာရှိလို့လဲဆိုတဲ့ အထာနဲ့ပေါ့ဗျာ။
ဂုဏ်ထူးလေးနည်းနည်းပါးပါးပါလို့ ဆုပေးပွဲတက်ပြီး ဆုယူရတော့ ရုံးမသွားခင် သားဆုပေးပွဲကို လိုက်တက်ချင်တဲ့ ဖေဖေ့ကို နေရာတကာပါချင်တယ်လို့ ထင်ခဲ့မိတယ်။ ဆုပေးပွဲမှာ သူငယ်ချင်းတွေနဲ့ပဲ ဓါတ်ပုံရိုက်နေတဲ့သားကို ဓါတ်ပုံတစ်ပုံလောက် အမှတ်တရ အတူရိုက်ဖို့ ခေါ်တဲ့ဖေဖေ့ကို ကြွားဖို့ပဲ ဓါတ်ပုံရိုက်ချင်တဲ့ဖေဖေလို့ တွေးခဲ့မိတယ်။ ခု အဲဒီဓါတ်ပုံကို ပြန်ကြည့်ရင် သားအတွက်ဂုဏ်ယူ ဝင့်ကြွားနေတဲ့ဖေဖေနဲ့ မာနတက်ပြီး စိတ်ပျက်နေတဲ့ မျက်ခွက်နဲ့ သားပုံကို ပြန်တွေ့ရမှာပါ။ ဖြစ်သင့်တာက ဝမ်းသာအားရနဲ့ သားအဖနှစ်ယောက်ဖက်ပြီး ရိုက်တဲ့ပုံဖြစ်သင့်ပါတယ်။ ခုတော့ ဘာလို့မေမေ့လိုပဲ အိမ်မှာမနေခဲ့တာလဲ ဆိုတဲ့အချိုးမပြေတဲ့ မျက်နှာပေးနဲ့ သားဘဝင်နဲ့ သားဘဝင်ကို ချစ်တဲ့၊ ဂုဏ်ယူတဲ့အဖေရဲ့ အပြုံးပဲ မှတ်တမ်းဓါတ်ပုံမှာ ကျန်ခဲ့တာပါ။ ပြန်တွေးပြီး ရေးရင်းနဲ့ မသိတတ်တဲ့ ကိုယ့်ကိုယ်ကိုနဲ့ သားကို ချစ်ခင်ဂုဏ်ယူတတ်တဲ့ ဖေဖေ့အတွက် မျက်ရည်များတောင် ဝဲမိပါတယ်။ ဖေဖေဟာ ကျွန်တော့အတွက်ဘယ်လောက်တောင် ဝမ်းသာပျော်ရွှင်ခဲ့လဲဆိုရင် ကျွန်တော်ဆေးကျောင်းမှာ ကျောင်းအပ်တဲ့နေ့အထိ တက်ကြွပျော်ရွှင်နေခဲ့တာပါ။ ကျွန်တော့နာမည်ခေါ်လိုက်တိုင်း ထထပြေးသွားတတ်တဲ့ တိုက်ပုံကြီးတကားကားနဲ့ ဖေဖေ့ကို စာရေးမက လှမ်းအော်ရတဲ့ထိပါ။ “မျိုးထက်နိုင်ကိုခေါ်တာ၊ မျိုးထက်နိုင်အဖေကို ခေါ်တာ မဟုတ်ဘူး” တဲ့။ ကဲ...မှတ်ကရော။
ကျွန်တော်လား။ ကျွန်တော်ကတော့ အဖေကိုယ့်ကိုဂရုစိုက်တာကို ကြည်နူးဖို့နေနေသာသာ၊ ရှက်များတောင်နေလိုက်သေးသတဲ့...အဟား။ ဖေဖေကျွန်တော့ကို ချစ်ပုံက နောက်ဆုံး ကိုယ့်ဟာကိုယ် နောက်ကျလို့ ကျောင်းကားမမှီတဲ့ ကျွန်တော့ကို ဖုန်းဆက်လိုက်ရုံနဲ့ ရုံးကို သွားနေတဲ့ လမ်းကနေပြန်လှည့်လာပြီး ကျောင်းလိုက်ပို့ပေးတတ်တာပါ။ တစ်ခြားအသေးအဖွဲလေးတွေကတော့ မရေမတွက်နိုင်အောင်ရှိပေမယ့် ထည့်မရေးတော့ပါ။ ဖေဖေ့ မေတ္တာတွေကို တွေးမိတိုင်း ကျွန်တော့်ရင်ထဲမှာ အမြဲနွေးထွေးရပါတယ်။ဖေဖေနဲ့ ကျွန်တော့အကြောင်းတွေက ရေးစရာ အများကြီးကျန်နေသေးလို့ နောက် စာပုဒ်ရေးမှပဲ ထပ်ရေးပါတော့မယ်။ ခုတော့ ဖေဖေ့ကို သတိရလို့ တစ်ချို့တစ်ဝက်ကို ရတဲ့အချိန်မှာ လုပြီးရေးလိုက်ရတာပါ။ ဖတ်မိလို့ ရင်ထဲမှာ တစ်ခုခုခံစားရတယ်ဆို ကျေနပ်ပါပြီ။ ဖေဖေ့ အတွက်အမှတ်တရပါ။
================================================
Saturday, July 31, 2010
ကောင်းကင်နဲ့ ပင်လယ်
တစ်နေ့မှာ ကောင်းကင်ကြီးက ပင်လယ်ကို ငုံ့ကြည့်ရင်း ပင်လယ်ရဲ့ အလှမှာ ယစ်မူးသွားတယ်။ ဒါနဲ့ မိုးစက်လေးတွေထဲမှာ သူ့ရဲ့ မေတ္တာတွေကို စိမ့်ဝင်စေလို့ ပင်လယ်ဆီကို မှန်မှန်ပေးပို့ခဲ့တယ်။ ပင်လယ်ကတော့ ရိပ်တောင်မရိပ်မိခဲ့ပါဘူး။ ရိပ်မိခဲ့ရင်လည်း ခုငြိမ်သက်လိုက်၊ တော်ကြာလှိုင်းထန်လိုက်နဲ့ အပြောင်းအလဲမျိုးစုံပြတတ်တဲ့ ပင်လယ်ကို ကောင်းကင်က ဖတ်တတ်ပါ့မလား။ အချိန်တွေသာကြာလာခဲ့တယ် ကောင်းကင်နဲ့ ပင်လယ်က ဝေးကွာနေဆဲ။ တစ်နေ့မှာတော့ ပင်လယ်ဟာ နီးစပ်တဲ့ မြေကြီးရဲ့ အချစ်ကို တုန့်ပြန်လိုက်တော့တယ်။ ကောင်းကင်ကြီးသိတဲ့အခါမှာတော့ ရင်ကွဲရပြီ။ သူ့ရဲ့ ဖြိုင်ဖြိုင်ရွာသွန်းတဲ့ မျက်ရည်တွေကြောင့် ပင်လယ်ဟာလဲ သူ့အချစ်ကို သိသွားတော့တယ်။ ဒါပေမယ့် လွန်ခဲ့ပြီလေ။ ကောင်းကင်ဟာ ပင်လယ်ကို အမြဲစောင့်ကြည့်နေခဲ့လို့ ပင်လယ်ရဲ့ ဘာသာဗေဒတစ်ချို့ကို နားလည်နေပြီဖြစ်ပေမယ့် သူတို့ကြားမှာ မြေကြီးက ရှိနေခဲ့ပြီ.......။ ဒီလိုနဲ့ပဲ ဟိုးမိုးကုတ်စက်ဝိုင်း အဆုံးကိုရောက်ရင်တော့ ဆုံတွေနိုင်ကြမယ်လို့ ကောင်းကင်နဲ့ ပင်လယ် နှစ်ယောက်လုံးက ယုံကြည်နေကြလေရဲ့......။
==========================================
Wednesday, June 23, 2010
စောစောထတဲ့ငှက်
ဒီနေ့မနက် ကျွန်တော် အစောကြီးနိုးနေတယ်။ တွေးစရာတွေ များလွန်းလို့နဲ့ တူပါရဲ့။ ဆက်အိပ်လို့မရ။ ဒါနဲ့ ကျွန်တော်နဲ့ ခံစားချက်တွေမျှဝေလေ့ရှိတဲ့
အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို သတိရနေမိတယ်။ မဆီမဆိုင်လို့တော့ ပြောလို့မရပါဘူး။ ကျွန်တော့တွေးစရာတွေကို သူကဒိုင်ခံနားထောင်ပေးလေ့ ရှိတာကိုး။
မနက်စောစောထရင် သူနဲ့ ကျွန်တော်ပြောနေကျ စကားလေးတွေကို ပြန်သတိရမိတယ်။
"စောစောထတဲ့ငှက် တီကောင်စားရတယ် " တဲ့။
ဒါက ဆိုရိုးစကားလေးပါ။ မထူးဆန်းပါဘူး။ သူဆက်ပြောတာလေးတွေကသာ ကျွန်တော့ကို အမှတ်တရဖြစ်စေတာ။
သူ ကျွန်တော့ကို ဘာမေးလဲဆိုတော့
" ဒါဖြင့် တီကောင်ကရော.....တီကောင်ကလဲ စောစောထလို့ အစားခံရတာပေါ့၊ ဟုတ်လား" တဲ့။
ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ အတွေးတွေလဲ ပွားသွားတယ်။စကားပုံကို ဘယ်လိုကာကွယ်ရမလဲလို့ ကျွန်တော်တွေးနေတုံး သူကပဲဆက်ပြောပါတယ်။
" အမှန်ကတော့ တီကောင်က စောစောထတာမဟုတ်ဘူးကွ၊ တစ်ညလုံး လျှောက်ကဲနေလို့ အိမ်ပြန်နောက်ကျနေတာ" တဲ့။
"ဒါကြောင့် အစားခံရတာပေါ့ကွ" တဲ့။
"စကားပုံက မှန်ပါတယ်" ဆိုတာက ပါလိုက်သေး...ကဲ။
ကျွန်တော့မှာ ရယ်လိုက်ရတာ...အတွေးကိုသဘောကျလွန်းလို့။ သူဘယ်ကနေ အဲဒါကိုဖတ်လာလဲ (သို့) တွေးလာလဲတော့ မသိဘူး။ ကျွန်တော်ကတော့ စိတ်ထဲမှာ စွဲသွားတယ်။ ခုတော့ မနက်အစောကြီးလဲ နိုးနေပြန်၊ သူ့ကိုလဲသတိရမိပြန်ဆိုတော့ ဒီအကြောင်းအရာလေးကို ခေါင်းထဲမှာ ပြန်မြင်နေမိတယ်။
သူငယ်ချင်းရေ...ခုတော့လဲ ငါတစ်ယောက်ထဲ မင်းကိုလွမ်းမိပါရဲ့။
Sunday, June 20, 2010
ခရီးသွားများ
မဆုံးနိုင်တဲ့ ခရီးရှည်ကြီးတစ်ခုမှာပေါ့..... ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ဆိုတဲ့ မြင်းနှစ်ကောင်ကတဲ့ ရထားကြီး...
မျက်နှာကြောမာမာနဲ့ ပုဂ္ဂိုလ်ကြီး အသိတရားက မြင်းနှစ်ကောင်အပြေးညီအောင် မြင်းဇက်ကြောတွေကို တင်းတင်းဆွဲလို့...။ ခံစားချက်ကလေး ရထားထောင့်ထဲမှာ တစ်ယောက်ထဲ ငုတ်တုတ်ထိုင်ပြီးမှိုင်နေရှာတုံး မျှော်လင့်ချက်က ရထားပြတင်းပေါက်ကနေ ခေါင်းပြူပြီး ကြည့်လိုက်တယ်။ ရထားပေါ်က ပြုတ်ကျပြီးကျန်ခဲ့တာ ကြာပြီဖြစ်တဲ့ ပျော်ရွှင်ခြင်းကိုများ လမ်းတစ်ကွေ့ကွေ့မှာ ပြန်တွေ့မလားလို့ပေါ့လေ...........။ အဲဒီလိုနဲ့ပဲ....မဆုံးနိုင်တဲ့ခရီးရှည်ကြီးတစ်ခုမှာပေါ့.....
====================================
Saturday, May 8, 2010
ပင်းတယမြို့လေးရဲ့  ဒဏ္ဍာရီ
ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ကလေးက ဒီလိုဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ကောင်းကင်ပေါ်မှာ ပျံသန်းသွားလာနိုင်တဲ့ မင်းသမီး ခုနစ်ယောက်ရှိပါသတဲ့။ မိုးပေါ်လဲ ပျံနိုင်၊ ညီအစ်မတစ်တွေအဖွဲ့ကလဲ တောင့်ပြန်ဆိုတော့ နန်းတော်မှာ ဘယ်ကောင်းကောင်းနေကြတော့မလဲဗျာ။ ဟိုလျှောက်သွား၊ ဒီလျှောက်ဆော့ လုပ်ကြတော့တာပေါ့။ တစ်နေ့မှာတော့ အဲဒီလို လျှောက်သွားကြရာကနေ တောကြီးတစ်ခုထဲမှာ အလွန်အင်မတန်သာယာလှပတဲ့ ရေကန်ကြီးတစ်ကန်ကို မမျှော်လင့်ပဲ တွေ့ကြပါလေရော။ ရေကန်က ကျေးငှက်တွေနဲ့အလွန်ကို သာယာပြီး ရေကလဲကြည်လင်အေးမြနေပါသတဲ့။ ဒါ့အပြင်လူသူတွေနဲ့ဝေးတဲ့ တောထဲမှာဆိုတော့ ညီအစ်မတစ်တွေလဲ ရေကူးကန်အသစ်တော့ ရပဟဲ့ဆိုပြီး ဝမ်းသာအားရ ရေဆော့ကြသတဲ့။ ရေကန်ကျယ်ကြီးကို အရမ်းသဘောကျသွားတဲ့ ညီအစ်မတစ်တွေဟာ နောက်လဲအမြဲလိုလို ဒီကန်ကြီးမှာအမြဲ လာရောက်ရေကစားဖြစ်ကြပါတော့တယ်။
အဲဒီလိုနဲ့ မကြာခဏလာရောက် ဆော့ကစားနေကြရာကနေ တစ်နေ့မှာတော့.......။အဲဒီနေ့မှာ အဆော့လွန်သွားတဲ့အတွက် နေတော်တော်စောင်းသွားပါတယ်။ သူတို့ရဲ့ အိမ်ကိုပျံသန်းသွားရမယ့်ခရီးကလဲ အဝေးကြီး။ ဘယ်လိုနည်းနဲ့မှ အိမ်ကို အချိန်မှီပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ညီအစ်မတတွေ ဆုံးဖြတ်လိုက်တာက ကန်နားမှာပဲ နေရာထိုင်ခင်းကောင်းတာရှာပြီး ညအိပ်လိုက်ကြဖို့ပါ။ ကန်နဲ့ ခပ်လှမ်းလှမ်း မှာ ကျောက်ဂူကြီး တစ်ခုတွေ့တဲ့အတွက် အဲဒီထဲမှာပဲ သူတို့တစ်တွေ စခန်းချကြပါတယ်။ အထဲမှာ မီးမွှေးပြီး မီးပုံပွဲတွေဘာတွေလုပ်ကြမှာပေါ့ဗျာ။ အဲ..........ပြဿနာကတော့ မနက်မိုးလင်းတဲ့ အချိန်မှာ ဂူဝကို လှည်းဘီးဝိုင်းလောက် ပင့်ကူကြီးတစ်ကောင်အိမ်ဖွဲ့ပြီး ပိတ်နေတာ တွေ့ကြရတာပါပဲ။ ပင့်ကူကလဲ ဖြစ်ပြန်၊ အကောင်ကလဲ ဧရာမဆိုတော့ မိန်းကလေးတွေပီပီ အရမ်းကိုကြောက်ကြတာပေါ့ဗျာ။ ဒါနဲ့ပဲ ငယ်သံပါအောင် အော်ဟစ်ငိုယိုပြီး ကယ်ပါယူပါလုပ်ရတော့တာပေါ့။ မင်းသမီးလေးတွေက အသံတော်တော်အောင်တယ်နဲ့တူပါတယ်...အနားကတောထဲရောက်နေတဲ့မင်းသားတစ်ပါးက ကြားသွားပါလေရော။ မိန်းကလေးတွေရဲ့ ငိုယို အကူအညီတောင်းသံကိုကြားတော့ မင်းသားလဲ ယောက်ျားပီပီ ကူညီချင်စိတ်တွေတစ်ဖွားဖွားပေါ်ပြီး ကယ်ဆယ်မဟဲ့ဆိုပြီး အသံလာရာကို လိုက်ရှာပါတယ်။ အမှန်ကတော့ သူကိုယ်တိုင်လဲ အမဲလိုက်ရင်းမျက်စိလည် လမ်းပျောက်နေတာပါ။ ဒါပေမယ့် ယောက်ျားမဟုတ်လား။ ကောင်မလေးတွေဒုက္ခရောက်နေတာ ကယ်ရမှာပေါ့။ ဒါနဲ့ပဲ မင်းသားဟာ မင်းသမီးတွေရှိနေတဲ့၊ ပင့်ကူကြီးပိတ်ထားတဲ့ ဂူဝနားကို ရောက်သွားပါလေတယ်။ အချင်းချင်း အသံနဲ့ ဆက်သွယ်ကြတဲ့ အတွက် အထဲမှာ မင်းသမီးလေးတွေ ပိတ်မိနေတယ်ဆိုတာကို သူသိသွားပါတယ်။ အဲဒါနဲ့ပဲ...ကယ်ဆယ်မယ်လို့ ဆိုင်းပြင်းပြီးကာမှ ကိုယ်တော်ချောက အပေးအယူ ထလုပ်ပါလေရောကလား။ မင်းသမီးလေးတွေကိုကယ်ရင် သူဘာရမှာလဲပေါ့။ အရေးအကြောင်းထဲမှာတောင် အခွင့်အရေးတော်တော်ရှာတတ်တဲ့ မင်းသားပါ။ နောက်ဆုံးတော့ မင်းသမီးတစ်ပါးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ ကတိကိုရပါတယ်။ ဒီတော့မှ မင်းသားက စွမ်းစွမ်းတမံ မြားနဲ့ပစ်သတ်လိုက်တာ ပင့်ကူကြီး သေသွားပါလေတော့တယ်။ ပင့်ကူကြီးလဲ သေရော မင်းသားက ပင့်ကူရပြီ လို့ အော်၊ မင်းသမီးလေးတွေကို ဝမ်းသာအားရ အကြောင်းကြား၊ ပြီးတော့ ကောင်မလေးတွေကို ကယ်ထုတ်ပေါ့ဗျာ။
နောက်ဆုံးမှာတော့ ဂတိအတိုင်း မင်းသမီးလေးတစ်ပါးနဲ့ မင်းသားနဲ့လက်ဆက်ရပါတယ်။ အဲဒီ ကျောက်ဂူကြီးနဲ့ အဲဒီကန်ကြီးနားမှာပဲ မြို့တစ်မြို့တည်ထောင်ပြီးနေလိုက်ကြတာ ပင့်ကူရတဲ့အထိမ်းအမှတ်နဲ့ ပင့်ကူရမြို့လို့ အမည်တွင်ပါတယ်။ တော်တော်ဟုတ်တဲ့မင်းသားပါ။ မိန်းမလဲရရော တိုင်းပြည်မပြန်ပဲ မြို့တစ်မြို့တောင် တည်ထောင်ပြီးနေတယ်ဆိုပဲ။ မြို့မှာနေတဲ့လူဦးရေတော့ ဘယ်ကရလဲ မသိပါဘူး။ ဇာတ်လမ်းပြန်ဆက်ရရင် အဲဒီပင့်ကူရမြို့ကလေးကနေ ကာလရွေ့လျားလာတော့ ပင်းတယမြို့လို့ဖြစ်လာပါတော့တယ်။ ညီအစ်မတစ်တွေ ရေကစားကြတဲ့ကန်ကြီးကိုတော့ ပုတ်တလုပ်ကန်လို့ ခေါ်ပါတယ်။ မင်းသမီးလေးတွေ အိပ်နေတုံး ပင့်ကူအိမ်ဖွဲ့ပြီး ပိတ်သွားတဲ့ဂူက ပင်းတယဂူပါ။ ပင်းတယမြို့ထဲက ပုတ်တလုပ်ကန်နဲ့ ပင်းတယမြို့နားက ပင်းတယဂူတို့ကို ရောက်ရင် ပုံပြင်လေးကို သတိရကြမှာပါ။ ပင်းတယဂူရဲ့ အရှေ့ မှာ မင်းသားက ပင့်ကူကြီးကို မြှားနဲ့ပစ်နေတဲ့အရုပ်ကြီးတွေ ထုထားပါတယ်။ ပုံပြင်ထဲက မင်းသားလေးက ညောင်ရွှေစော်ဘွားရဲ့  သားလို့ဆိုပါတယ်။ နောက်ပိုင်းမှာ ညောင်ရွှေစော်ဘွားက သူ့သားတော်ကို အိမ်ပြန်လာဖို့ခေါ်ခိုင်းလိုက်ရာက မင်းသားမရှိတုံး မင်းသမီးလေး တိုင်းပြည်ပြန်သွားလို့ မင်းသားပြန်လိုက်ခေါ်ရတဲ့ နောက်ဆက်တွဲ ရှိပါသေးတယ်။ ဒါပေမယ့် ငွေတောင်ပြည် ဒွေးမယ်နော် ဇာတ်နဲ့ဆင်နေလို့ ဒီမှာပဲ ရပ်ထားလိုက်ပါ့မယ်။ ပင်းတယမြို့လေးနဲ့ ပက်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီလေး တစ်ပုဒ်ပါ။
Friday, March 19, 2010
သားတို့မေမေ
မျက်လုံးကို မှိတ်ပြီး လှဲအိပ်အိပ်ခြင်း မေမေ့ကို မျက်စိထဲမှာမြင်လာတယ်။ ကျွန်တော် ပြန်ရတော့မှာပဲ။ မေမေနဲ့ ဖေဖေကိုတွေ့ရတော့မယ်။ အတွေးနဲ့အတူ မေမေ့ရင်ခွင်ထဲမှာ တော်တော်ကြီးတဲ့အထိ ဝင်ဝင်နေတတ်တဲ့ ကျွန်တော့ပုံကို ပြန်မြင်လာမိတယ်။ အရမ်းငယ်တုံးကတော့ တစ်ကိုယ်လုံး မေမေ့ ရင်ခွင်ထဲမှာပေါ့။ နည်းနည်းကြီးလာတော့ အတင်းကွေးပြီး ဝင်အိပ်မှ တစ်ကိုယ်လုံးဝင်လို့ရတော့တယ်။ ဟော....ခုတော့ မေမေ့ပေါင်ပေါ်ခေါင်းအုံးပြီး မေမေ့ကို ဖက်ထားလို့ပဲ ရတော့တယ်လေ။ မေမေကတော့ ကျွန်တော် ဝင်အိပ်နေရင် ထိုင်ရာက မထပဲကျွန်တော်နိုးတဲ့ထိ နေပေးလေ့ရှိတာပါ။မေမေ့ရင်ခွင်ထဲမှာ အိပ်ရတာ အရမ်းကိုနွေးထွေးပါတယ်။ အိပ်ရာက နိုးလာရင် ပြုံးပြီးကြည့်နေတတ်တဲ့ မေမေ့ကို တွေ့ရတတ်ပါတယ်။ မေမေ့အပြုံးနဲ့ မျက်လုံးကိုမြင်လိုက်တာနဲ့ မေမေ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲဆိုတာ ပြောစရာမလိုပဲ ခံစားမိတာပါ။ အိမ်မှာ အငယ်ဆုံးမို့လို့ မေမေက ကျွန်တော့်ကို တော်တော်ချစ်ပါတယ်။ ငယ်ငယ်က ကိုကိုစလို့ ကျွန်တော်ငိုရင် မေမေပါလိုက်ငိုတတ်တာပါ။ ခုတော့ သားနှစ်ယောက်လုံး အဝေးမှာ ရောက်နေတော့ ကျွန်တော်တို့ ညီအစ်ကိုကို တော်တော် သတိရရှာမှာပါ။ စကားနည်းတဲ့မေမေက ဘယ်တော့မှတော့ ထုတ်ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ခံစားလို့ရတယ်..ကျွန်တော်တို့အပေါ်ထားတဲ့ မေမေ့မေတ္တာနဲ့ ကျွန်တော်တို့ကိုသတိရနေမယ့် မေမေ့စိတ်တွေကိုလေ။ မေမေ...သားတို့ပြန်လာတော့မယ်။ ခဏပဲ ပြန်လာနိုင်ပေမယ့် မေမေကျေနပ်မှာပါ...။ရေးစရာတွေ အများကြီးရှိပေမယ့် သတိရလို့ စိတ်ထဲမှာမှတ်မှတ်ထင်ထင် ရှိနေတာလေးပဲ အရင်ရေးလိုက်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ မေမေ့ရင်ခွင်ထဲ ခေါင်းတိုးပြီး အိပ်ဖြစ်အောင်ကို အိပ်ပစ်လိုက်ဦးမယ်ဗျာ......။
Friday, February 5, 2010
ညီအစ်ကိုဆိုတာ...
ဟိုး လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်တုံးကပေါ့....( မြန်မာကားတွေထဲက နောက်ကြောင်းပြန်လေသံနဲ့ ဟီဟိ)၊ ကျွန်တော်က ငါးနှစ်သားလောက်ပေါ့ဗျာ။ ကျွန်တော်နဲ့ အိမ်နားက အရွယ်စုံကလေးတွေ ကစားနေကြရင်း ရန်ဖြစ်ပါလေရော။ ဖြစ်တာက ကျွန်တော်နဲ့ ကျွန်တော့ထက် ၃၊ ၄ နှစ်ကြီးတဲ့ ကောင်လေးနဲ့ဖြစ်တာ။ ဆော့ရင်းနဲ့ ဒီလိုပဲရန်ဖြစ်ကြတာပေါ့။ုသူက ကျွန်တော့ထက် ၃ ၊ ၄ နှစ်ကြီးတယ်ဆိုတော့ လူကောင်ကလဲ အများကြီးထွားတာပေါ့။ အဲဒီမှာ ဟိုငတိလေးက ဘာမပြော ညာမပြောနဲ့ ကျွန်တော့ ဖိနပ်တစ်ဖက်ကိုယူပြီး ဟိုးခြုံတွေအများကြီးရှိတဲ့ အဝေးကြီးကို လွှင့်ပစ်လိုက်ကရော။အနိုင်ကျင့်တာပေါ့ဗျာ။ ကျွန်တော်ကလဲ သတ္တိခဲပဲ၊ ဘယ်ရမလဲ၊ ငိုပြီးအိမ်ကိုတန်းပြန်ပြေးတော့တာပေါ့..ဟီးဟီး။ အိမ်ရောက်တော့ ကျွန်တော့ အစ်ကိုနဲ့တွေ့၊ ဘာဖြစ်လဲမေး၊ လာလိုက်ခဲ့၊ အဲဒီကောင်ပြ ဆိုပြီး ကျွန်တော်ကို ပြန်ခေါ်လာတော့တာပဲ။ ကျွန်တော်လဲ အစ်ကိုအားကိုးနဲ့ဆိုတော့ ဟဲဟဲ၊ ဘယ်ကြောက်ပါ့မလဲ။ ဒီလိုနဲ့ ဟိုရောက်တော့ ဟိုအကောင်လေးက ဆော့လို့ကောင်းတုံး။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကိုမြင်တော့ သူ့ကိုပြဿနာရှာဖို့ လာတာဆိုတာ တန်းသိတာပေါ့။ ကျွန်တော့ အစ်ကိုက သူ့ကို ဖိနပ်ပြန်ကောက်ပေးဖို့ ပြောတယ်။ သူက ခံတန်တန်လုပ်နေတယ်။ ကိုကို (ကျွန်တော့အစ်ကို) က "ဟေ့ကောင် မင်းငါ့ညီဖိနပ်ကို ပြန်ရှာပေးမှာလား၊ မပေးဘူးလား " လို့ ခပ်ထန်ထန်ပြောလိုက်တော့မှပဲ ဒင်းကမကျေမနပ်နဲ့ ရှာပြီး ကောက်ပေးတော်မူတော့တယ်။ အင်း အစ်ကိုရှိတာ တယ်ကောင်းသကိုး။ ငှဲငှဲငှဲ။
ကျွန်တော်ကသာ နှစ်နှစ်ဆယ်နီးပါးလောက်ကြာတဲ့ အထိ အဲဒီကိစ္စ ခဏခဏ သတိရနေတာ...ကာယကံရှင်နဲ့ ကျွန်တော့အစ်ကိုတောင် မေ့လောက်ပါပြီ။ ကျွန်တော်ပြောချင်တာက ညီအစ်ကိုဆိုတဲ့ စိတ်ဓါတ်ကိုပြောချင်တာပါ။ ငါ့မှာ ငါ့ရှေ့ ကမားမားရပ်ပေးမယ့် အစ်ကိုရှိတယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်အများကြီးလုံခြုံမှုရခဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တာကို ပြောချင်တာပါ။ အဲဒီခံစားချက်လေးကို သဘောကျလို့၊ ကိုယ်ချင်းစာလို့ပဲ ကျွန်တော်နဲ့ ခင်မင်တွေ့ကြုံခဲ့ရတဲ့ ညီငယ်တွေအားလုံးကို အစ်ကိုတစ်ယောက်နေရာက ကျွန်တော်ပေးနိုင်တာအားလုံးပေးဖြစ်ခဲ့တာပါ။ညီအစ်ကိုဆက်ဆံရေးမျိုး ပြောဆို၊ဆက်ဆံ၊ ညှာတာဖြစ်ခဲ့တာပါ။ ကျွန်တော်ခံစားရသလို ငါ့မှာ အရေးကြုံရင် အားကိုးစရာ အစ်ကိုတစ်ယောက်ရှိပါလားလို့ ခံစားစေချင်လို့ပါ။ (ဖတ်မိတဲ့ ညီငယ်များ ပိုက်ဆံချေးကြမယ်တော့ မကြံနဲ့၊ ဒါတော့မရဘူး၊ ဟဲဟဲ)။
ဆက်ပြောရမယ်ဆိုရင်တော့ အဲဒီ ကျွန်တော်ငါးနှစ်သားအရွယ်ကနေ၊ ခုကျွန်တော် ၂၅နှစ်၊ ကိုကို ၃၁ နှစ်ရှိတဲ့အထိ ကျွန်တော်တို့ညီအစ်ကိုဆက်ဆံရေးက နွေးထွေးဆဲပါ။ ပိုပြီးတော့ ချစ်ခင်လာတာ၊ရင်းနှီးပွင့်လင်းလာတာပဲ ပိုလာတာရှိပါတယ်။ ကျွန်တော်အရွယ်ရောက်လာတော့ ညီအစ်ကိုချင်းလဲပိုပြီး နားလည်လာတယ်လေ။ညီအစ်ကိုချင်းလဲ ပိုပြီးညှာတာထောက်ထားဖြစ်လာကြတယ်လို့ ပြောရမှာပေါ့။ ဇန်နဝါရီ ၃၁ ရက်နေ့က ကျွန်တော် ၂၅နှစ်ပြည့်တယ်။ အဲဒီနေ့မနက်မှာ ကျွန်တ်ာအလုပ်(part time) နောက်ကျနေလို့အမြန်သွားမယ် ပြင်နေတုံး ကိုကို အလုပ်ကနေ night shift ဆင်းရာကပြန်ရောက်လာတယ်။သူပင်ပန်းနေရဲ့သားနဲ့ ဘာမှမစားရသေးတဲ့ ကျွန်တော့ကို ခေါက်ဆွဲပြုတ်ကျွေးလိုက်သေးတယ်။ မင်းမွေးနေ့မို့ ကိုကို ခေါက်ဆွဲပြုတ်ကျွေးတယ်သဘောထားလိုက် ဆိုပဲ ။ကျွန်တော်လဲအလုပ်သွားရင်းနဲ့ ငယ်ငယ်က ကိစ္စတွေကို ပြန်စဉ်းစားမိသွားတော့တာပေါ့။ ဟိုးငယ်ငယ်ကနေ ခုချိန်ထိ ကျွန်တော့မှာ အစ်ကိုရှိတဲ့အတွက် အစစ အရာရာသက်သာခဲ့တာပါ။ ဘာလုပ်လုပ် သူဖောက်သွားတဲ့လမ်းမှာ အသင့်လျှောက်၊ သူဆီကသင်ယူ၊ သူဖတ်တဲ့ စာအုပ်တွေယူဖတ်ပြီး စာဖတ်ဝါသနာပါ၊ နောက်ဆုံးကုန်ကုန်ပြောရရင် စင်ကာပူရောက်လာတော့လဲ ကိုကိုဒီမှာရှိနေလို့ သူများတွေထက်အများကြီးကို အဆင်ပြေသွားတာပါ။ ညီအစ်ကိုနှစ်ယောက်ဆိုတော့ သူများတွေလို အထီးကျန်လဲ မခံစားရဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းလို၊ ညီအစ်ကိုလို အစ်ကိုတစ်ယောက်ရှိတာ အရမ်းကို စိတ်ဓါတ်ကိုလုံခြုံစေပါတယ် ။အပြန်အလှန်မှီခိုလို့ ရတာပေါ့။ ငယ်ငယ်ကတည်းက သိခဲ့တဲ့ ရာမနဲ့ လက္ခဏဇာတ်ထဲက ညီအစ်ကိုတွေချစ်ခင်ကြတာကို ငယ်ငယ်ကသိပ်နားမလည်ခဲ့ဘူး.. ခုမှ ပိုပြီးသဘောပေါက်မိတယ်။အဲ..ကောင်မလေးတစ်ယောက်ကို ညီအစ်ကိုနှစ်ယောက်လုံး ပြိုင်ကြိုက်ကြမယ်ဆိုရင်တော့ လက္ခဏလို ဘယ်အလျှော့ပေးနိုင်မလဲဗျာ..ဟီး။ မင်းတုန်းမင်းနဲ့ ကနောင်မင်းတို့ရဲ့ ညီအစ်ကို ချစ်ခင်ကြပုံမျိုးကိုလဲ ကြိုက်တယ်။ ပြီးတော့ မင်းခေါင်နဲ့ ရှင်သိဒ္ဓါတ်ညီအစ်ကိုရဲ့ ညီနောင်စိတ်ဓါတ်။မင်းခေါင်ကို အင်းဝထီးနန်းအပ်တော့ လူသူအင်အားမရှိလို့ မင်းခေါင်ကငြင်းလိုက်ရတဲ့ ထီးနန်း၊ အဲဒီထီးနန်းကိုညီအစ်ကိုစိတ်ဓါတ်နဲ့ ပြန်တိုက်ယူပေးပြီး နောင်တော်ကိုအပ်တဲ့ ညီတော်ရှင်သိဒ္ဓတ်၊ ဖတ်ရင်း၊ ဖတ်ရင်းနဲ့ကို စိတ်ထဲမှာ တစ်အားကျေနပ်မိတာပါ(အကျယ်သိချင်ရင်တော့ ရှာဖတ်ကြပါတော့ဗျို့) ။ညီအစ်ကိုဆိုတာ ဒီလိုမျိုးပါလားပေါ့။ အဲဒီတော့.......နောက်ဆုံးပြောရရင် အစ်ကိုတစ်ယောက်ရှိတာ၊ ဒါမှမဟုတ် အစ်ကိုတစ်ယောက်ဖြစ်ခွင့်ရတာ ဘယ်လောက်ကောင်းလိုက်လေလဲဗျာ..နော။
Monday, January 18, 2010
သြော်..... စကား စကား( သြော်..... စကား စကား )
____________________________
လွန်ခဲ့တဲ့နှစ်ရက်လောက်က မြန်မာကျောင်းသားတွေလုပ်တဲ့ စင်ကာပူက ပွဲတစ်ပွဲကို သွားကြည့်ဖြစ်ခဲ့ပါတယ်...။ ပွဲစစချင်းမှာပဲ မမျှော်လင့်ပဲ အမှားအယွင်းတစ်ချို့ ဖြစ်ပါတယ်။ Technical error လို့လဲ ပြောလို့ရပါတယ်။ ပရိသတ်ကတော့ သဘောပေါက်ပါတယ်။ ကျောင်းသားတွေလုပ်တဲ့ပွဲ ဖြစ်တဲ့အတွက် အမှားအယွင်းလေးတွေရှိတတ်တာ ဗွေမယူကြပါဘူး..။ အဲဒီအချိန်မှာ အစီအစဉ်ကြေငြာသူ ကောင်မလေးက စင်ပေါ်တက်လာပြီး ပြောပါတယ်။ We are just students, so we have to understand this လို့ ဆိုလာပါတယ်။သူတို့ အစမ်းလေ့ကျင့်တုံးကလဲ ဒီလိုမဖြစ်ဘူး..အဆင်ပြေပါတယ်လို့ ပြောပါသေးတယ်။ ပရိသတ်က နားလည်ပြီးသားပါ။ Please understand the technical error ဆိုတာလောက်နဲ့တင် အဆင်ပြေပါတယ်..။ ရှင်းပြဖို့ မလိုပါဘူး။ အဲဒီမှာ ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ ကျွန်တော့သူငယ်ချင်းက "ဟေ့ကောင်..ဟိုမှာ ဘုရားတန်ဆောင်းကြီး လုပ်နေပြီကွ" လို့ ပြောပါတယ်။ ဘုရားတန်ဆောင်းကြီးလို့ ကျွန်တော့သူငယ်ချင်း ပြောတာက အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ရန်ကုန်မှာနေစဉ်က မြန်မာဇာတ်ကားတစ်ကား ကြည့်ဖူးပါတယ်။ အဲဒီ ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်က တောကနေ မြို့ကို တက်လာပါတယ်။ ရည်ရွယ်ချက်ကတော့ သူ့မှာရှိတဲ့ ရှေးဟောင်းပစ္စည်းလေးတွေရောင်းပြီး ရွာကဘုရားတန်ဆောင်းကြီး ပျက်စီးနေတာကို ပြုပြင်ဖို့ပါ။
အဲ..ပြဿနာကတော့ ဇာတ်ကောင်ဟာတွေ့သမျှလူတိုင်းကို " ဘုရားတန်ဆောင်းကြီးဆိုတာဗျာ...ဟို...ဘုရားကြီးတစောင်းဖြစ်နေတာကို ပြောတာမဟုတ်ဘူးဗျာ...ဘုရားပေါ်ကို လူတွေတက်တဲ့ တန်ဆောင်းကို ပြောတာဗျ" ဆိုပြီး အတင်းရှင်းပြတတ်တာပါ။ လူတိုင်းနားလည်နေတဲ့ကိစ္စကို အတင်းရှင်းပြတဲ့အကြောင်း ဟာသလုပ်ထားတာပါ။ ကျွန်တော်လဲ ကြည့်ပြီးသဘောကျတာနဲ့ သူငယ်ချင်းတွေကိုပြန်ပြောပြမိပါတယ်။ အဲဒီကစပြီး ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ မလိုအပ်ပဲ ရှင်းပြနေရင် "ဘုရားတန်ဆောင်းကြီး လုပ်မနေနဲ့ဟေ့..တော်တော့" ဆိုတဲ့စကားနဲ့ ဝိုင်းပြောကြတဲ့အကျင့်ပေါ်လာတော့တာပဲ။ ခုလဲ အဲဒီစကားကို ကျွန်တော့သူငယ်ချင်းက ပြောပါတယ်။ ကျွန်တော်လဲ "အေးဟုတ်တယ် ရှင်းပြဖို့မှ မလိုပဲ" လို့ပြန်ပြောလိုက်ပြီး ပွဲဆက်ကြည့်ကြပါတယ်။
အဲလိုနဲ့ တော်တော်လေးကြာတော့ တစ်ခါအထစ်အငေါ့လေးတွေ ဖြစ်ပြန်ပါတယ်..။ ခုနကကောင်မလေးပဲ ထပ်တက်လာပြီး we have to understand this တွေလုပ်ပြန်ပါတယ်။ရှင်းပြပြန်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပြောမိကြပါတယ်...please understand this လို့ပြောရင် ပိုယဉ်ကျေးမယ်လို့။ခုတော့ သူ့ရဲ့ အမူူအရာနဲ့ အပြောအဆိုက နည်းနည်းရင့်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လည်း "အေးလေ..အသုံးအနှုန်း မတတ်လို့ ဖြစ်ပါလိမ့်မယ်ကွာ " ဆိုပြီးခွင့်လွှတ်လိုက်ကြပါတယ်။ ပွဲတစ်ဝက်နားလို့ အအေးတိုက်ပြီး လူတွေကို အမှိုက်တွေစနစ်တကျ ပစ်ဖို့ ပြောလာပြန်ပါတယ်။ ဒီတစ်ခါတော့ မြန်မာလို ပြောတာပါ..။ပြောတာကတော့ ပြောကိုပြောရမှာပါ။ ပြောပုံဆိုပုံလေးပဲ လိုတာပါ။ အဲဒီ ကောင်မလေးပဲ ဘယ်လိုပြောပြန်သလဲဆိုတော့ မြန်မာလူမျိုးတွေကို စည်းကမ်းမရှိတဲ့လူမျိုးတွေလို့ သူများတွေမထင်စေလိုကြောင်း၊ အမျိုးုဂုဏ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ စည်းကမ်းရှိကြမယ်လို့ မျှော်လင့်ကြောင်း၊ သူတို့ကျောင်းရဲ့ image ကိုလဲထိန်းသိမ်းလိုကြောင်း စသည်ဖြင့် ပြောပြီး အမှိုက်တွေကိုတွေ့ကရာ မပစ်ကြဖို့ပြောပါတယ်။
တိုတိုပြောရရင်တော့ဗျာ...ပွဲပြီးထမင်းကျွေးခါနီးတော့လဲ တစ်ခါ အဲလို သဘောမျိုးသက်ရောက်တဲ့စကားတွေ ပြောပြီး လက်ချာရိုက်ပါတယ်။ ကျေးဇူးပြု၍ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါရန် လေးလေးနက်နက် မေတ္တာရပ်ခံပါသည်ရှင့် ဆိုတာလောက်နဲ့ ပြီးသွားရမယ့်ဟာကို...ခုတော့ ပရိသတ်ကိုဆရာလုပ်တယ်၊ အပြောအဆိုနည်းနည်းရင့်တယ်လို့ ခံစားရပါတယ်။ ကျွန်တော့သူငယ်ချင်းကလဲ ထောက်ခံပါတယ်။ အဲဒီမှာ ကျွန်တော်လဲ အစီအစဉ်ကြေငြာသူတွေဟာ အပြောအဆိုတော်တော် ရည်မွန် ပြေပြစ် ယဉ်ကျေးသင့်တယ်ဆိုတာ သဘောပေါက်သွားပါတယ်။ လက်တွေ့ကိုးဗျ..။
တစ်ကယ်တော့ အကြောင်းအရာလေးတစ်ခုကို ဒီလိုပြောလဲ ဒါကိုဆိုလိုတာပဲ၊ ဟိုလိုပြောလဲ ဒါကိုပဲဆိုလိုတာပါပဲ။ ဒါပေမယ့် ပြောဆိုပုံလေးကွာတာနဲ့ပဲ အကျိုးသက်ရောက်မှုကအများကြီးကွာသွားတာပါ။
ရန်ကုန်မှာကျောင်းတက်နေတုန်းက သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အပေါင်းအသင်းတွေက သူ့ကိုအကူအညီတွေ တောင်းတတ်ကြပါတယ်။ ဥပမာဗျာ...သူ့ကားနဲ့ စီးသွားရင်း ဟိုပို့ခိုင်း ဒီပို့ခိုင်းလုပ်တာတို့ ဘာတို့ပေါ့။ တစ်ခါတစ်လေသူ့မှာ သွားစရာရှိနေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဒါငါ့ကားပဲ ငါပို့ချင်မှပို့မှာပေါ့ ..၊ငါမှမအားတာလို့ လုပ်လို့ရပါတယ်။ သူဘယ်တော့မှ အဲလိုမလုပ်ပါဘူး...ငါမှာလဲသွားစရာရှိလို့ပါကွာ..ဘယ်လိုမှမဖြစ်နိုင်လို့ပါ..တစ်ကယ်စိတ်မကောင်းပါဘူး စသည်ဖြင့် ရည်ရည်မွန်မွန် ပြေပြေပြစ်ပြစ် ငြင်းလေ့ရှိပါတယ်။ အငြင်းခံရသူကလဲ ကျေနပ်သွားတာပါပဲ။ အဲဒါပဲ ကြည့်ဗျာ.. အငြင်းခံရတာတောင် အပြောအဆိုယဉ်ကျေးတော့ ဘယ်လောက်ကျေနပ်စရာကောင်းလဲ..။ ကျွန်တော်လဲ အဲဒီအကျင့်လေးကို အရမ်းသဘောကျလို့ ကြိုးစားပြီး အတုယူပါတယ်။ သူငယ်ချင်းကိုလဲ အပြောအဆိုနဲ့ ပက်သက်ပြီး သင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
အလားတူလေးတွေပါ... အပြောအဆိုတတ်တာလေးကြောင့် လူချစ်လူခင်များတာ၊ ကြီးပွားတာတွေနဲ့ အပြောအဆိုလေး ညံ့တာကြောင့် လူမုန်းများ၊ အကျိုးယုတ်သွားတာတွေ ကျွန်တော်အများကြီးတွေ့ခဲ့ရပါတယ်။တစ်ကယ့် အပြင်လောကမှာကို ပြောတာပါ။ စာအုပ်တွေထဲမှာတော့ ဒီလျှာလေးတစ်ချောင်းကြောင့် ဖြစ်ခဲ့ရတဲ့ပြဿနာတွေ၊ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေအကြောင်းကို မရေမတွက်နိုင်အောင်ဖတ်ခဲ့ဖူးပါတယ်..။ စိတ်ထဲမှာအခု ပေါ်လာတာကတော့ စောလူမင်းနဲ့ ငရမန်အကြောင်းပါ.။ကြွေအန်ကစားရင်း "နင်အစွမ်းရှိက ပုန်စားလေ " ဆိုတဲ့စိတ်လိုက်မာန်ပါပြောလိုက်တဲ့ စောလူးမင်းရဲ့ စကားတစ်ခွန်းကြောင့် ပုဂံပြည်မှာ ပြည်တွင်းစစ်ဖြစ်ပြီး စောလူးမင်းလဲ ငရမန်လက်မှာ အသက်ဆုံးခဲ့ရပါတယ်။ အဲဒီအဖြစ်တွေကို ဖတ်ဖူး၊ ကြားဖူးနေတာကိုတောင် ကျွန်တော်က လျှာတစ်ချောင်းကို ကောင်းကောင်းမထိန်းနိုင်ခဲ့ပါဘူး။
ကျွန်တော်ရန်ကုန်မှာ ကျောင်းတက်နေတုန်းကပါ..။သူငယ်ချင်းတစ်ယောက်အိမ်မှာ ညအိပ်ပြီး စာကျက်ဖို့ဖြစ်လာပါတယ်။ သူငယ်ချင်းကလဲ အရမ်းခင်တော့ သူ့အိမ်ကိုလိုက်အိပ်ဖို့ အိမ်တိုင်ရာရောက်လာခေါ်ပြီး သူ့အမေကလဲ သဘောကောင်းကြောင်း စကားတတ်တဲ့၊ သွက်လက်တဲ့လူတွေကိုဆိုရင် အလွန်သဘောကျကြောင်းတွေလဲ ပြောပါတယ်။ ဟုတ်ကဲ့ ..ကျွန်တော်လဲ လိုက်သွားပါတယ်..ညစာစားရင်းလဲ သူတို့အိမ်ကထမင်းဝိုင်း (သူရယ်၊ သူ့အမေရယ်၊ ကျွန်တော်ရယ်) မှာ စကားတွေအများကြီး ပြောမိပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်လူကြီးတွေရှေ့မှာ စကားသိပ်များများ မပြောရဲပါဘူး။ ခုတော့ သူငယ်ချင်းရဲ့ စကားကြောင့် ကိစ္စမရှိဘူးထင်ပြီး ပေါ့ပေါ့ပါးပါးပဲ စကားတွေအများကြီး ပြောလိုက်မိတာပါ။ ရလဒ်ကတော့ ထမင်းစားပြီးပြီးချင်းသူ့အမေက "သားတို့ စာကျက်ရင်တော့စကား အများကြီးမပြောကြနဲ့နော်"တဲ့။ ထမင်းဝိုင်းမှာ တစ်လျှောက်လုံး ကျွန်တော့ကို အကဲခတ်နေတာကိုးဗျ...။ကျွန်တော်လဲ အော်ဟုတ်သားပဲ..ငါ့ကိုတော့စကားအရမ်းများတယ်လို့ ထင်သွားမှာပဲ ဆိုပြီး ဟုတ်ကဲ့အန်တီလို့ ပြန်ပြောလိုက်ရပါတယ်..။ခက်တာက အဲဒီကိစ္စက အဲဒီမှာတင် မပြီးသွားတာပါပဲ။ ကျွန်တော်တို့ စာကျက်နေစဉ်မှာလဲ အန်တီက မကြာခဏလာချောင်းပါတယ်။ ကျွန်တော်လဲသိပါတယ်။ စိတ်ထဲမှာလဲ အော်ငါစကားများလိုက်မိလို့ ငါ့တို့ကို မယုံကြည်တော့ပါလားလို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုလဲ ဒေါသထွက်သွားပါတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တက္ကသိုလ်တက်နေတာ ဒုတိယနှစ်ရောက်နေပါပြီ။ ကလေးတွေမဟုတ်တော့ပါဘူး..။အဲဒီကနေ ကျွန်တော်သင်ခန်းစာနှစ်ခုရလိုက်ပါတယ်။ တစ်ခုကတော့ စတွေ့တွေ့ချင်းလူတွေကို စကားတွေအများကြီးပြောပြီး ကိုယ့်ကိုအထင်မသေးစေသင့်ဘူးဆိုတာပါ။ နောက်တစ်ခုကတော့ သတင်းအချက်အလက်ဆိုတာ သူများပြောယုံနဲ့ ပစ်ပြီးယုံလိုက်လို့မရဘူးဆိုတာပါ..။ကျွန်တော်သာ သူ့အမေကို သူ့အပြောနဲ့ ကြိုပြီးအရမ်းယုံကြည် ချစ်ခင်မနေခဲ့ရင် စကားအများကြီးပြောဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ သူ့အမေမကြိုက်တဲ့ စကားအများကြီးပြောတဲ့ကိစ္စကိုလည်းလုပ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒီသင်ခန်းစာနှစ်ခုကြောင့် ကျွန်တော် ဘယ်တော့ဖြစ်ဖြစ် တွေ့ခါစလူတွေနဲ့ စကားအများကြီးမပြောပဲ အကဲပဲများများခတ်ဖြစ်အောင်၊ ကိုယ်တိုင်ပြောဆိုကြည့်ပြီးမှ စိတ်နေစိတ်ထားကို ဆုံးဖြစ်တတ်အောင် ကိုယ့်ကိုယ်ကို အမြဲသတိပေးခဲ့ရပါတယ်။ သူတို့သားအမိ ကျေးဇူးပါ။
စကားနဲ့ပက်သက်ပြီး ကျွန်တော့မှာ ပြောစရာတွေအများကြီးပါ...။ သူများဆီကသင်ခန်းစာတွေ၊ ကိုယ်တိုင်ကြုံသင်ခန်းစာတွေ၊ စာတွေ့တွေ အများကြီးပါ။စကားလေးတွေရဲ့ အစွမ်းက အလွန်ကိုကြီးမားလှပါတယ်။ နောက်ထပ်လဲ သင်ယူလေ့လာစရာတွေ အများကြီး ဘယ်လိုကြုံရဦးမလဲ မသိပါဘူး။ဒါကြောင့်လဲ ရှေးလူကြီးတွေက "မုန်းစေချင်လဲ ဒီခံတွင်းလက်လေးသစ်၊ ချစ်စေလိုလဲ ဒီခံတွင်းလက်လေးသစ်" ဆိုတဲ့စကားပုံကိုထားခဲ့ကြတာနေမှာပါ.....။ကျွန်တော် ကြည့်ခဲ့ရတဲ့ ပွဲလေးတစ်ပွဲကနေ ဆင့်ပွားတွေးမိ သတိရမိတာတွေကို ခံစားပြီးရေးထားတာပါ။ဒီငတိတော့ ဘုရားတန်ဆောင်းကြီးလုပ်ပြန်ပြီဟေ့ လို့တော့ မထင်လိုက်ကြပါနဲ့ဗျာ.......။ရေးရင်း ရေးရင်းနဲ့ လက်ပါသွားလို့ပါဗျ..။အဲဗျို့ ...ပြောရင်းနဲ့ တစ်ဖြည်းဖြည်း ဘုရားတန်ဆောင်းကြီး ဖြစ်လာပြီ။ တော်ပြီဗျို့...................တော်ပြီ။
Monday, January 4, 2010
ဖတ်မိသွားတဲ့ စာတစ်အုပ်
မနေ့က သိပ္ပံမောင်ဝရေးတဲ့ အောက်စ်ဖို့ဒ်ခရီးသွားမှတ်တမ်း ဖတ်လို့ပြီးသွားတယ်။ ၁၉၂၇-၂၈ လောက်တုံးက အင်္ဂလန်ကို ပညာသင်သွားတဲ့ သူ့အတွေ့အကြုံကိုရေးထားတာ။ အင်္ဂလိပ်ခေတ်ကပေါ့ဗျာ။ အောက်စ်ဖို့ဒ်တက္ကသိုလ်တဲ့။ လန်ဒန်တဲ့။ စိတ်ဝင်စားစရာ အရမ်းကောင်းတာပဲ။ နှိုင်းယှဉ်ချက်တွေ၊ စကားလုံးအသုံးအနှုန်းတွေကို သတိထားပြီးဖတ်မိတယ်။ ဓါတ်လှည်းတဲ့ ၊ ဓါတ်လှေကားကိုပြောတာပါ။ နောက်မြေထဲရထားတဲ့။ မော်တော်ဘတ်စ်တဲ့။ အသုံးအနှုန်းလေးတွေသိရတယ်။ အောင်မယ်...အင်ဂျင်နီယာကို အဲဒီခေတ်က စက်ဆရာလို့ ခေါ်တာဗျ။ တော်သေးတယ်..ခုခေတ်အသုံးအနှုန်းပြောင်းလိုက်လို့..။မဟုတ်ရင်ကျွန်တော်တို့တွေလည်း စက်ဆရာဖြစ်နေတော့မှာ။စာရေးသူတို့တစ်တွေ ကျောင်းပိတ်ရက်တွေမှာ လျှောက်လည်ကြတဲ့ မြို့လေးတွေ၊ ရွာလေးတွေ၊ ပြတိုက်တွေအကြောင်းလည်း ဖတ်ရတယ်။ သူတို့ခေတ်က အင်္ဂလန်ကို ရောက်သွားတဲ့ မြန်မာတစ်ယောက်ရဲ့ မှတ်တမ်းတွေကို စုံလင်အောင် ဖတ်ရတာပေါ့။ ကျွန်တော်လဲ စင်္ကာပူသွားမှတ်တမ်းဆိုပြီး စာတစ်အုပ်ရေးရင်ကောင်းမလားလို့...... ဟားဟား။ ဒါဆိုရင်တော့ ဒီခေတ်မှာ ဘာမှထူးဆန်းမယ်မထင်ဘူး။ လူတိုင်းက ကျောင်းတက်တာနဲ့ အလည်လာတာနဲ့ ရောက်ဖူးနေကြတာကိုး။အဲ......ရေးပြီး ပိုလီကျောင်းတွေတက်မယ့်လူတွေကို ရောင်းစားရင်တော့ ရလောက်မယ်ထင်တယ်။ မသွားခင် စင်င်္ကာပူမှာကြုံတွေ့မယ်ဟာတွေကိုသိအောင် ဖတ်ကြပါဆိုပြီး ညာရောင်းရင်တော့ ရမယ်ထင်တယ်..ဟဲဟဲ။ သူ့ရဲ့နိုင်ငံခြားအတွေ့အကြုံထဲမှာ ငပိကြော်ငတ်ကြတာလဲပါတယ်။ ငပိကြော် တစ်ပုံးလောက်ရောက်လာရင် မိတ်ဆွေတွေဖိတ်ပြီး ပေါင်မုန့်နဲ့ စားကြတယ်ဆိုပဲ။ ၂ရက်သုံးရက်တောင်မခံဘူးဆိုလား။ရယ်ရတယ်။ ကျွန်တော်တို့အတိုင်းပဲ။ မြန်မာစာငတ်တာပေါ့။ကိုယ်ချင်းစာပါတယ်။ ပိုဆိုးတာက သူတို့က ၂နှစ်ပြည့်မှလဲပြန်ရသေး။လူကြုံတို့၊ ဘာတို့ကလဲ ရှားသေး။ ဒီကြားထဲ သင်္ဘောကလဲ တစ်လလောက်စီးရသေးတာ။ခုစင်္ကာပူနဲ့ မြန်မာကတော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ ပြီးတော့လဲ little myanmar လို့တောင်သူများတွေခေါ်ခေါ်နေရတဲ့ peninsula plaza မှာ လိုချင်တဲ့မြန်မာ အစားအသောက် ပစ္စည်းတွေကလဲ ရနေပြီလေ(ကြော်ငြာ..ကြော်ငြာ)။ ဒါတောင် ကျွန်တော်တို့မှာ အိမ်လွမ်းရတာနဲ့ အစားအသောက်အဆင်မပြေရတာနဲ့ ဖြစ်သေးတာ၊ သူတို့ခေတ်က အင်္ဂလန်မှာ ပိုဆိုးတော့မပေါ့။ အဲဒီတော့ လိုရင်းပြန်ကောက်ရရင် အဲဒီစာအုပ်ဖတ်လိုက်မိတာ ဗဟုသုတလဲရ၊ စာရေးချင်စိတ်လဲ ပေါက်လာတော့တာပဲဗျို့။ ကိုယ်ရောစိတ်ပါကျန်းမာလို့ ရွှင်လန်းကြည်သာကြပါစေဗျာ။ (အဲ......စာအုပ်ကတော့ မငှားနိုင်ဘူးနော်..ကြိုပြောထားတာ ငှဲငှဲငှဲ)
======================================
Friday, January 1, 2010
ဘလော့စရေးခြင်း
ဘလော့တစ်ခု ရေးချင်နေတာ တော်တော်ကိုကြာခဲ့ပါပြီ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်မစဖြစ်ခဲ့ပါဘူး။ ညီအစ်ကိုလိုချစ်ခင်ရတဲ့ ညီလေးဟယ်ရီ (သူ့ဘလော့ရှိပါတယ်)ကလဲ အားပေးတိုက်တွန်းနေတာကြာပါပြီ။ ခုတော့စဖြစ်သွားပြီပေါ့။ ကျွန်တော်က စာရေးရတာကို ဝါသနာပါပါတယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကျွန်တော်တွေးမိတာလေးတွေ၊ တွေ့ကြုံရတာလေးတွေကို မှတ်တမ်းတင်ထားချင်ပါတယ်။ အကယ်၍ ဖတ်တဲ့လူသာရှိမယ်ဆိုရင်တော့ တိုင်း၍ယက်သည့်ပက္ကလာမိုးရွာသည်နှင့် အခန့်သင့် ဆိုသလိုပေါ့ဗျာ။
ကျွန်တော်ဘလော့ရေးရတဲ့ရည်ရွယ်ချက်ကတော့ ခုနကပြောတဲ့အတိုင်း ကျွန်တော့ဘဝမှာတွေ့ကြုံရတာလေးတွေ၊ သင်ခန်းစာရခဲ့တာလေးတွေ၊ သင်ယူခဲ့ရတာလေးတွေ၊ တွေးမိတာလေးတွေကို ကိုယ့်ဖာသာနောင်ပြန်ဖတ်ရင်မှတ်မိအောင်၊သတိရဆင်ခြင်လို့ရအောင်၊ ပြီးတော့ ဖတ်မိသူများနဲ့မျှဝေခံစားရအောင်လို့ပြောနိုင်ပါတယ်။ဖတ်ရင်းနဲ့ အမြင်ကတ်စရာလေးများ၊ အချိုးမပြေတာလေးများ၊ ကိုယ်ရည်သွေးတာလေးမျိုးများလဲ မတော်တဆပါသွားခဲ့ရင် မရင့်ကျက်သေးတဲ့လူငယ်တစ်ယောက်ပါလား လို့သဘောထားပြီးခွင့်လွှတ်ပေးစေချင်ပါတယ်။
နှစ်သစ်တစ်ခုဖြစ်တဲ့ ၂၀၁၀ရဲ့ပထမဆုံးနေ့မှာ ကျွန်တော်ဘလော့တစ်ခုကိုစရေးလိုက်ပါပြီ။ နောင်အလျဉ်းသင့်တိုင်းလည်း၊ ပြောချင်တာ၊ ခံစားထိရှမိတာရှိတိုင်းလည်း ထပ်မံရေးသားသွားမှာဖြစ်ပါတယ်။ ဘလော့စရေးဖြစ်အောင် အတင်းအားပေး၊ အတင်းတိုက်တွန်း အတင်းကူညီတဲ့ ညီလေးဟယ်ရီကိုကျေှးဇူးအများကြီးတင်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ။