Friday, October 2, 2020

ကရကဋ်ရာသီခွင်(Cancer) သင်္ကေတ ဂဏန်း ၏ ဇာစ်မြစ်

ကရကဋ်ရာသီခွင်(Cancer) သင်္ကေတ ဂဏန်း ၏ ဇာစ်မြစ်
***********************************************
ကရကဋ်ရာသီခွင် Cancer က လက်တင်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Crab၊ မြန်မာလိုဂဏန်းကောင်လို့ အဓိပ္ပါယ်ရတယ်။ ကရကဋ်ရာသီခွင်နဲ့ ပက်သက်တဲ့ ဂရိဒဏ္ဍာရီနှစ်ခုရှိတယ်။
ပထမတစ်ခုက သူရဲကောင်းလူသန်ကြီး Heracles ( ရောမအခေါ် Hercules) ရဲ့ ဇာတ်လမ်းတစ်ခုနဲ့ ဆက်စပ်နေပြီး နောက်တစ်ခုကတော့ လူသိပိုနည်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ရေနတ်ဘုရား Poseidon ရဲ့ဇာတ်လမ်းတစ်ခုနဲ့ဆက်စပ်နေတယ်။

ဂရိဒဏ္ဍာရီလာ ဂဏန်း (၁)
*******************
ဂရိနတ်ဘုရင်ဖြစ်တဲ့ Zeus နဲ့ လူသားမင်းသမီးတစ်ပါးဖြစ်တဲ့ Alcmene တို့သင့်မြတ်ရာကနေ ကမ္ဘာမြေပေါ်မှာခွန်အားအကြီးဆုံးဖြစ်တဲ့ Demigod သူရဲကောင်း Heracles ကိုမွေးခဲ့တယ်။
ဒီကိစ္စကိုမကျေနပ်တဲ့ Zeus ရဲ့မိဖုရားခေါင်ကြီးဖြစ်သူနတ်ဘုရားမ Hera က  Heracles ကိုငယ်ငယ်ကတည်းက  သတ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ ပုခက်ထဲမှာရှိနေတဲ့
Heracles ကလေးကို မြွေဆိုးကြီးနှစ်ကောင်လွှတ်ပြီးသတ်စေခဲ့ပေမယ့် ခွန်အားကြီးတဲ့ကလေးငယ် Heracles ကပဲမြွေဆိုးကြီးနှစ်ကောင်လုံးကို လည်ပင်းညှစ်သတ်လိုက်တယ်တဲ့။

 Heracles အရွယ်ရောက်လာတဲ့အခါမှာ Thebes ဘုရင်ရဲ့သမီးတော်တစ်ပါးဖြစ်တဲ့ Megara နဲ့အိမ်ထောင်ပြုပြီး ကလေးတွေရခဲ့တယ်။ ဒါပေမယ့်လဲ မနာလိုစိတ်နဲ့၊အမျက်ကြီးတဲ့ Hera ရဲ့ကြိမ်စာကြောင့်  Heracles ဟာတဒင်္ဂရူးသွပ်သွားပြီး အသိစိတ်လွတ်သွားတဲ့အခိုက်မှာ သူ့ဇနီးနဲ့ကလေးတွေကိုသတ်လိုက်မိပါသတဲ့။

ပြုခဲ့မိတဲ့အပြစ်ကိုပြန်ပေးဆပ်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့အလုပ်ကြီး ၁၂ ခုကိုတစ်ခုပြီးတစ်ခု ပြီးမြောက်အောင်လုပ်ခဲ့ရတယ်။ အဲဒီထဲကမှ ဒုတိယမြောက်လုပ်ခဲ့တဲ့ ခေါင်းကိုးလုံးရှိတဲ့ မြွေနဂါးကြီး Lernaean Hydra ကိုသုတ်သင်တဲ့အလုပ်မှာ ကရကဋ်ရာသီရဲ့ သင်္ကေတ ဂဏန်းကဇာတ်ကောင်တစ်ကောင်အနေနဲ့ပါလာခဲ့တယ်။

 Lerna ရေကန်မှာရှိတဲ့ ခေါင်းကိုးလုံးမြွေနဂါးကြီး Hydra ရဲ့ခေါင်းတစ်လုံးကိုဖြတ်လိုက်တိုင်း အဲဒီနေရာမှာ နောက်ထပ်ခေါင်းနှစ်လုံးထပ်ထပ်ပေါက်လာလို့ Heracles အတွက်မြွေနဂါးကြီးကိုသတ်ဖို့ရာဟာ မဖြစ်နိုင်သ‌လောက်ခက်ခဲနေတယ်။
 ဒီအချိန်မှာ မြွေပူရာကင်းမှောင့်ဆိုသလို ရေထဲကနေအင်မတန်ကြီးမားတဲ့ဧရာမဂဏန်းကြီးတစ်ကောင်တက်လာပြီး Heracles ရဲ့ခြေမကိုညှပ်ထားလိုက်ပြန်ပါတယ်။ ဂဏန်းကြီးကတော့ နတ်ဘုရားမ  Hera က စေလွှတ်လိုက်တဲ့ ဂဏန်းကြီးဖြစ်ပြီး သူ့အလုပ်ကတော့ မြွေနဂါးHydra ကိုကူပြီး သူရဲကောင်း Heracles  ကိုသတ်ဖို့ပါတဲ့။

ခွန်အားကြီးမားလွန်တဲ့ Heracles ကတော့ ခေါင်းကိုးလုံးနဂါးကြီးနဲ့တိုက်ခိုက်နေရင်းကပဲ သူ့ခြေမကိုညှပ်ထားတဲ့ ဂဏန်းကြီးကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး ဖနောင့်နဲ့ပေါက်ကာနင်းခြေလို့ သတ်လိုက်သတဲ့။
ဒီလိုနဲ့ပဲ ရေနဂါးကို စစ်ကူလာတဲ့ဂဏန်းကောင်ဟာ ကိစ္စချောသွားတော့တယ်။
အဲဒီနောက်တော့ နဂါးကိုလဲ ခေါင်းတစ်လုံးဖြတ်ပြီးတိုင်း ခေါင်းပြတ်သွားတဲ့နေရာကို မီးမြားနဲ့ပစ်ပြီးမီးရှို့ခြင်းအားဖြင့် ခေါင်းအသစ်ပြန်မပေါက်အောင်လုပ်ပြီး နောက်ဆုံးမှာသုတ်သင်နိုင်လိုက်ပါတယ်။

သူ့အပေါ်သစ္စာရှိစွာနဲ့ အသေခံပြီးတိုက်ခိုက်ပေးသွားတဲ့ ဂဏန်းကြီးကိုဂုဏ်ပြုချင်တာနဲ့ ကောင်းကင်ပေါ်မှာ ဂဏန်းနက္ခတ်တစ်ခုကို Hera ကဖန်ဆင်းလိုက်ရာကနေ ကရကဋ်နက္ခတ်လို့ခေါ်တဲ့ Cancer ကြယ်စုဖြစ်ပေါ်လာတယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။

ဂရိဒဏ္ဍာရီလာ ဂဏန်း (၂)
*******************
ဒီဇာတ်လမ်းကတော့ ရေနတ်ဘုရား Poseidon နဲ့ဆက်နွယ်ပြီးဖြစ်လာတယ်။

အိုလံပစ်တောင်နဲ့ နတ်ဘုရားတွေကို တိုက်ခိုက်ဖို့လာတဲ့ မိစ္ဆာသတ္တဝါဆိုးတွေရဲ့ဘိုးအေကြီး Typhon ရဲ့ရန်ကြောင့်တစ်ခြားနတ်ဘုရားတွေနည်းတူ ရေနတ်ဘုရား Poseidon လဲရှောင်တိမ်းပုန်းအောင်းရတဲ့အချိန်ရှိခဲ့ဖူးတယ်။
သူမထွက်သွားခင်မှာ သူ့ရဲ့ရေနတ်သမီးလေးတွေ (Nymphs) ကို ကာကွယ်စောင့်ရှောက်ဖို့ သေခြင်းကင်းတဲ့ဧရာမဂဏန်းကောင်ကြီး Crios ကိုတာဝန်ပေးထားခဲ့တယ်။ Crios ကသူစောင့်ရှောက်နေရတဲ့ နတ်သမီးလေးတွေကိုဘယ်မှမသွားစေပဲ လုံခြုံတဲ့တစ်နေရာမှာ သေချာစောင့်ကြပ်နေခဲ့သတဲ့။
အချိန်ကြာလာတဲ့အခါမှာတော့ အန္တရာယ်မရှိတော့ဘူးလို့ ယူဆတဲ့နတ်သမီးလေးတစ်ချို့ဟာ တစ်နေရာထဲမှာနေရတာကိုပျင်းရိငြီးငွေ့လာပြီး တားနေတဲ့ကြားကပဲ ပင်လယ်ပြင်ထဲကိုထွက်သွားကြပါသတဲ့။
ကျန်ခဲ့တဲ့နတ်သမီးလေးတွေကို ကာကွယ်ပြီးနေခဲ့ဖို့တာဝန်ရှိတဲ့ ဂဏန်းကြီး Crios ဟာ ရေဘဝဲမျိုးတစ်ကောင်ဖြစ်တဲ့ Vamari ကိုလွှတ်ပြီးနတ်သမီးလေးတွေကိုပြန်လိုက်ခေါ်စေတယ်။
Vamari ဆိုတာက Vampire Squid လို့အဓိပ္ပါယ်ရတဲ့ သားစားရေဘဝဲ (ကင်းမွန်ကြီး) တစ်ကောင်ဖြစ်လို့ နတ်သမီးလေးတွေနောက်ကိုလိုက်သွားပြီးတဲ့နောက်မှာ အကုန်လုံးကိုစားသောက်ပစ်လိုက်လေတယ်။
ပြီးတော့ Crios ဆီကိုပြန်လာပြီး နတ်သမီးလေးတွေကိုမတွေ့ခဲ့တဲ့အကြောင်းလိမ်ပြောတယ်။
မယုံကြည်တဲ့ Crios က စစ်ဆေးမေးမြန်းရာကနေ အဖြစ်မှန်ပေါ်သွားပြီး ဂဏန်းနဲ့ရေဘဝဲတို့တိုက်ခိုက်ကြတော့တယ်။
တိုက်ပွဲမှာ သေခြင်းကင်းတဲ့ ဂဏန်းကြီးCrios ကနိုင်သွားပေမယ့် ရေဘဝဲ Vamari ရဲ့လက်ချက်ကြောင့် ဒုက္ခိတဖြစ်သွားခဲ့တယ်။

ရေနတ်ဘုရား Poseidon ပြန်ရောက်လာချိန်မှာ သူ့အမှုတော်ကိုရွပ်ရွပ်ချွံချွံထမ်းခဲ့တဲ့ Crios အတွက် ကျေနပ်အားရလို့ ကောင်းကင်ပေါ်မှာ ဂဏန်းပုံနက္ခတ် Cancer Constellation ကိုဖန်ဆင်းပေးခဲ့ပါတယ်တဲ့။

အပေါ်ကပြောခဲ့တဲ့ ဇာတ်လမ်းနှစ်ခုကတော့ Cancer Zodiac ခေါ် ကရကဋ်ရာသီခွင်ရဲ့ သင်္ကေတဖြစ်တဲ့ ဂဏန်းကောင် ဘယ်လိုဖြစ်လာသလဲဆိုတဲ့ ဒဏ္ဍာရီတွေပါပဲ။
လက်လှမ်းမီသ‌လောက်ရှာဖွေဖတ်ရှုထားတဲ့ထဲက သက်ဆိုင်တာလေးတွေကိုပဲထုတ်နှုတ်ပြီးရေးထားတာဖြစ်လို့ လိုအပ်ချက်နဲ့ အမှားအယွင်းတွေရှိကောင်းရှိခဲ့ရင်လဲ မောင်ဇိကိုသည်းခံကြပါလို့။
Ref: Various internet sources
မောင်ဇိ
#MaungZi #Zodiac #Cancer #myth #mythology #မောင်ဇိ #ကရကဋ် #ဒဏ္ဍာရီ 

=========================

ကရကဋ္ရာသီခြင္(Cancer) သေကၤတ ဂဏန္း ၏ ဇာစ္ျမစ္
***********************************************
ကရကဋ္ရာသီခြင္ Cancer က လက္တင္ဘာသာစကားျဖစ္ၿပီး အဂၤလိပ္လို Crab၊ ျမန္မာလိုဂဏန္းေကာင္လို႔ အဓိပၸါယ္ရတယ္။ ကရကဋ္ရာသီခြင္နဲ႔ ပက္သက္တဲ့ ဂရိဒ႑ာရီႏွစ္ခုရွိတယ္။
ပထမတစ္ခုက သူရဲေကာင္းလူသန္ႀကီး Heracles ( ေရာမအေခၚ Hercules) ရဲ႕ ဇာတ္လမ္းတစ္ခုနဲ႔ ဆက္စပ္ေနၿပီး ေနာက္တစ္ခုကေတာ့ လူသိပိုနည္းတဲ့ဇာတ္လမ္းတစ္ခုျဖစ္တဲ့ ေရနတ္ဘုရား Poseidon ရဲ႕ဇာတ္လမ္းတစ္ခုနဲ႔ဆက္စပ္ေနတယ္။

ဂရိဒ႑ာရီလာ ဂဏန္း (၁)
*******************
ဂရိနတ္ဘုရင္ျဖစ္တဲ့ Zeus နဲ႔ လူသားမင္းသမီးတစ္ပါးျဖစ္တဲ့ Alcmene တို႔သင့္ျမတ္ရာကေန ကမာၻေျမေပၚမွာခြန္အားအႀကီးဆုံးျဖစ္တဲ့ Demigod သူရဲေကာင္း Heracles ကိုေမြးခဲ့တယ္။
ဒီကိစၥကိုမေက်နပ္တဲ့ Zeus ရဲ႕မိဖုရားေခါင္ႀကီးျဖစ္သူနတ္ဘုရားမ Hera က  Heracles ကိုငယ္ငယ္ကတည္းက  သတ္ဖို႔ႀကိဳးစားခဲ့ေပမယ့္မေအာင္ျမင္ခဲ့ဘူး။ ပုခက္ထဲမွာရွိေနတဲ့
Heracles ကေလးကို ေႁမြဆိုးႀကီးႏွစ္ေကာင္လႊတ္ၿပီးသတ္ေစခဲ့ေပမယ့္ ခြန္အားႀကီးတဲ့ကေလးငယ္ Heracles ကပဲေႁမြဆိုးႀကီးႏွစ္ေကာင္လုံးကို လည္ပင္းညႇစ္သတ္လိုက္တယ္တဲ့။

 Heracles အ႐ြယ္ေရာက္လာတဲ့အခါမွာ Thebes ဘုရင္ရဲ႕သမီးေတာ္တစ္ပါးျဖစ္တဲ့ Megara နဲ႔အိမ္ေထာင္ျပဳၿပီး ကေလးေတြရခဲ့တယ္။ ဒါေပမယ့္လဲ မနာလိုစိတ္နဲ႔၊အမ်က္ႀကီးတဲ့ Hera ရဲ႕ႀကိမ္စာေၾကာင့္  Heracles ဟာတဒဂၤ႐ူးသြပ္သြားၿပီး အသိစိတ္လြတ္သြားတဲ့အခိုက္မွာ သူ႔ဇနီးနဲ႔ကေလးေတြကိုသတ္လိုက္မိပါသတဲ့။

ျပဳခဲ့မိတဲ့အျပစ္ကိုျပန္ေပးဆပ္ဖို႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့အလုပ္ႀကီး ၁၂ ခုကိုတစ္ခုၿပီးတစ္ခု ၿပီးေျမာက္ေအာင္လုပ္ခဲ့ရတယ္။ အဲဒီထဲကမွ ဒုတိယေျမာက္လုပ္ခဲ့တဲ့ ေခါင္းကိုးလုံးရွိတဲ့ ေႁမြနဂါးႀကီး Lernaean Hydra ကိုသုတ္သင္တဲ့အလုပ္မွာ ကရကဋ္ရာသီရဲ႕ သေကၤတ ဂဏန္းကဇာတ္ေကာင္တစ္ေကာင္အေနနဲ႔ပါလာခဲ့တယ္။

 Lerna ေရကန္မွာရွိတဲ့ ေခါင္းကိုးလုံးေႁမြနဂါးႀကီး Hydra ရဲ႕ေခါင္းတစ္လုံးကိုျဖတ္လိုက္တိုင္း အဲဒီေနရာမွာ ေနာက္ထပ္ေခါင္းႏွစ္လုံးထပ္ထပ္ေပါက္လာလို႔ Heracles အတြက္ေႁမြနဂါးႀကီးကိုသတ္ဖို႔ရာဟာ မျဖစ္ႏိုင္သ‌ေလာက္ခက္ခဲေနတယ္။
 ဒီအခ်ိန္မွာ ေႁမြပူရာကင္းေမွာင့္ဆိုသလို ေရထဲကေနအင္မတန္ႀကီးမားတဲ့ဧရာမဂဏန္းႀကီးတစ္ေကာင္တက္လာၿပီး Heracles ရဲ႕ေျခမကိုညႇပ္ထားလိုက္ျပန္ပါတယ္။ ဂဏန္းႀကီးကေတာ့ နတ္ဘုရားမ  Hera က ေစလႊတ္လိုက္တဲ့ ဂဏန္းႀကီးျဖစ္ၿပီး သူ႔အလုပ္ကေတာ့ ေႁမြနဂါးHydra ကိုကူၿပီး သူရဲေကာင္း Heracles  ကိုသတ္ဖို႔ပါတဲ့။

ခြန္အားႀကီးမားလြန္တဲ့ Heracles ကေတာ့ ေခါင္းကိုးလုံးနဂါးႀကီးနဲ႔တိုက္ခိုက္ေနရင္းကပဲ သူ႔ေျခမကိုညႇပ္ထားတဲ့ ဂဏန္းႀကီးကိုတစ္ခ်က္ငုံ႔ၾကည့္လိုက္ၿပီး ဖေနာင့္နဲ႔ေပါက္ကာနင္းေျခလို႔ သတ္လိုက္သတဲ့။
ဒီလိုနဲ႔ပဲ ေရနဂါးကို စစ္ကူလာတဲ့ဂဏန္းေကာင္ဟာ ကိစၥေခ်ာသြားေတာ့တယ္။
အဲဒီေနာက္ေတာ့ နဂါးကိုလဲ ေခါင္းတစ္လုံးျဖတ္ၿပီးတိုင္း ေခါင္းျပတ္သြားတဲ့ေနရာကို မီးျမားနဲ႔ပစ္ၿပီးမီးရႈိ႕ျခင္းအားျဖင့္ ေခါင္းအသစ္ျပန္မေပါက္ေအာင္လုပ္ၿပီး ေနာက္ဆုံးမွာသုတ္သင္ႏိုင္လိုက္ပါတယ္။

သူ႔အေပၚသစၥာရွိစြာနဲ႔ အေသခံၿပီးတိုက္ခိုက္ေပးသြားတဲ့ ဂဏန္းႀကီးကိုဂုဏ္ျပဳခ်င္တာနဲ႔ ေကာင္းကင္ေပၚမွာ ဂဏန္းနကၡတ္တစ္ခုကို Hera ကဖန္ဆင္းလိုက္ရာကေန ကရကဋ္နကၡတ္လို႔ေခၚတဲ့ Cancer ၾကယ္စုျဖစ္ေပၚလာတယ္လို႔ ဒ႑ာရီကဆိုပါတယ္။

ဂရိဒ႑ာရီလာ ဂဏန္း (၂)
*******************
ဒီဇာတ္လမ္းကေတာ့ ေရနတ္ဘုရား Poseidon နဲ႔ဆက္ႏြယ္ၿပီးျဖစ္လာတယ္။

အိုလံပစ္ေတာင္နဲ႔ နတ္ဘုရားေတြကို တိုက္ခိုက္ဖို႔လာတဲ့ မိစာၦသတၱဝါဆိုးေတြရဲ႕ဘိုးေအႀကီး Typhon ရဲ႕ရန္ေၾကာင့္တစ္ျခားနတ္ဘုရားေတြနည္းတူ ေရနတ္ဘုရား Poseidon လဲေရွာင္တိမ္းပုန္းေအာင္းရတဲ့အခ်ိန္ရွိခဲ့ဖူးတယ္။
သူမထြက္သြားခင္မွာ သူ႔ရဲ႕ေရနတ္သမီးေလးေတြ (Nymphs) ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ေသျခင္းကင္းတဲ့ဧရာမဂဏန္းေကာင္ႀကီး Crios ကိုတာဝန္ေပးထားခဲ့တယ္။ Crios ကသူေစာင့္ေရွာက္ေနရတဲ့ နတ္သမီးေလးေတြကိုဘယ္မွမသြားေစပဲ လုံၿခဳံတဲ့တစ္ေနရာမွာ ေသခ်ာေစာင့္ၾကပ္ေနခဲ့သတဲ့။
အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ အႏၲရာယ္မရွိေတာ့ဘူးလို႔ ယူဆတဲ့နတ္သမီးေလးတစ္ခ်ိဳ႕ဟာ တစ္ေနရာထဲမွာေနရတာကိုပ်င္းရိၿငီးေငြ႕လာၿပီး တားေနတဲ့ၾကားကပဲ ပင္လယ္ျပင္ထဲကိုထြက္သြားၾကပါသတဲ့။
က်န္ခဲ့တဲ့နတ္သမီးေလးေတြကို ကာကြယ္ၿပီးေနခဲ့ဖို႔တာဝန္ရွိတဲ့ ဂဏန္းႀကီး Crios ဟာ ေရဘဝဲမ်ိဳးတစ္ေကာင္ျဖစ္တဲ့ Vamari ကိုလႊတ္ၿပီးနတ္သမီးေလးေတြကိုျပန္လိုက္ေခၚေစတယ္။
Vamari ဆိုတာက Vampire Squid လို႔အဓိပၸါယ္ရတဲ့ သားစားေရဘဝဲ (ကင္းမြန္ႀကီး) တစ္ေကာင္ျဖစ္လို႔ နတ္သမီးေလးေတြေနာက္ကိုလိုက္သြားၿပီးတဲ့ေနာက္မွာ အကုန္လုံးကိုစားေသာက္ပစ္လိုက္ေလတယ္။
ၿပီးေတာ့ Crios ဆီကိုျပန္လာၿပီး နတ္သမီးေလးေတြကိုမေတြ႕ခဲ့တဲ့အေၾကာင္းလိမ္ေျပာတယ္။
မယုံၾကည္တဲ့ Crios က စစ္ေဆးေမးျမန္းရာကေန အျဖစ္မွန္ေပၚသြားၿပီး ဂဏန္းနဲ႔ေရဘဝဲတို႔တိုက္ခိုက္ၾကေတာ့တယ္။
တိုက္ပြဲမွာ ေသျခင္းကင္းတဲ့ ဂဏန္းႀကီးCrios ကႏိုင္သြားေပမယ့္ ေရဘဝဲ Vamari ရဲ႕လက္ခ်က္ေၾကာင့္ ဒုကၡိတျဖစ္သြားခဲ့တယ္။

ေရနတ္ဘုရား Poseidon ျပန္ေရာက္လာခ်ိန္မွာ သူ႔အမႈေတာ္ကို႐ြပ္႐ြပ္ခြၽံခြၽံထမ္းခဲ့တဲ့ Crios အတြက္ ေက်နပ္အားရလို႔ ေကာင္းကင္ေပၚမွာ ဂဏန္းပုံနကၡတ္ Cancer Constellation ကိုဖန္ဆင္းေပးခဲ့ပါတယ္တဲ့။

အေပၚကေျပာခဲ့တဲ့ ဇာတ္လမ္းႏွစ္ခုကေတာ့ Cancer Zodiac ေခၚ ကရကဋ္ရာသီခြင္ရဲ႕ သေကၤတျဖစ္တဲ့ ဂဏန္းေကာင္ ဘယ္လိုျဖစ္လာသလဲဆိုတဲ့ ဒ႑ာရီေတြပါပဲ။
လက္လွမ္းမီသ‌ေလာက္ရွာေဖြဖတ္ရႈထားတဲ့ထဲက သက္ဆိုင္တာေလးေတြကိုပဲထုတ္ႏႈတ္ၿပီးေရးထားတာျဖစ္လို႔ လိုအပ္ခ်က္နဲ႔ အမွားအယြင္းေတြရွိေကာင္းရွိခဲ့ရင္လဲ ေမာင္ဇိကိုသည္းခံၾကပါလို႔။
Ref: Various internet sources
ေမာင္ဇိ
#MaungZi #Zodiac #Cancer #myth #mythology #ေမာင္ဇိ #ကရကဋ္ #ဒ႑ာရီ

No comments:

Post a Comment