Friday, October 2, 2020

ဗြိစ္ဆာရာသီခွင်(Scorpio) သင်္ကေတ ကင်းမြီးကောက်၏ ဇာစ်မြစ်

ဗြိစ္ဆာရာသီခွင်(Scorpio) သင်္ကေတ ကင်းမြီးကောက်၏ ဇာစ်မြစ်
***********************************************

ဗြိစ္ဆာရာသီနက္ခတ်ကို ဘေဘီလုံခေတ်ကတည်းက အရှေ့အလယ်ပိုင်းဒေသကလူတွေ သိမှတ်ထားပြီးဖြစ်တယ်လို့ ဆိုကြတယ်။ ဘေဘီလုံခေတ်မှာ ဗြိစ္ဆာကြယ်စုကို "The creature with the burning sting" (ပူပြင်းလောင်မြိုက်စေနိုင်သောအဆိပ်မြီးရှိသည့် သတ္တဝါ) လို့ခေါ်ခဲ့ကြတယ်။

‌ဗြိစ္ဆာနက္ခတ်နဲ့ပက်သက်လို့ ထင်ရှားတဲ့ဒဏ္ဍာရီကတော့ ဂရိဒဏ္ဍာရီတစ်ခုပဲတွေ့တယ်။ ကင်းမြီးကောက်နဲ့ပက်သက်တဲ့ တစ်ခြားဒဏ္ဍာရီနှစ်ခုရှိသေးပေမယ့် ဗြိစ္ဆာရာသီနဲ့ဆက်နွှယ်တယ်လို့ ဆိုထားတဲ့အထောက်အထားမတွေ့ရဘူး။ ဒီတော့ ဂရိဒဏ္ဍာရီအကြောင်းမပြောခင် ကင်းမြီးကောက်ပါတဲ့ တစ်ခြားဒဏ္ဍာရီနှစ်ခုကို အရင်ပြောကြတာပေါ့။

ဆူမီးရီးရန်း ဒဏ္ဍာရီလာ ကင်းမြီးကောက်
******************************
ခရစ်ယာန်ဘာသာမပေါ်ခင် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက အရှေ့အလယ်ပိိုင်းဒေသမှာ အစဥ်အဆက်နေထိုင်ခဲ့ကြတဲ့ Sumerians နဲ့ Akkadians လူမျိုးတွေ၊ သူတို့နောက်က Babylonians တွေနဲ့ Assyrians လူမျိုးတွေ ယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ ရှေးဟောင်းဘာသာရေးတစ်ခုရှိတယ်။ အရှေ့အလယ်ပိုင်း မက်ဆိုပိုတေးနီးယားဒေသ (အခုတော့ အီရတ်မှာပေါ့) မှာပေါ်ပေါက်ခဲ့ပြီး မက်ဆိုပိုတေးနီးရမ်းဘာသာလို့လဲခေါ်ကြတယ်။

အဲဒီဘာသာရဲ့အခြေခံတစ်ခုကတော့ ရှေးဟောင်းဆူမီးရီးရန်းဒဏ္ဍာရီတွေ။
အဲဒီမှာပါတဲ့ သူရဲကောင်းဘုရင်တစ်ယောက်ဖြစ်တဲ့ Gilgamesh ဟာ သူ့သူငယ်ချင်းတစ်ယောက်သေသွားတာကိုမြင်ရပြီး သူလဲသေရမှာကို သိပ်ကြောက်သွားခဲ့တယ်။ ဒါနဲ့ပဲ နေနတ်ဘုရား Utu (Akkadian အခေါ် Shamash) ရဲ့ နတ်နန်းရှိရာ Mashu ‌တောင်တန်းကဂိတ်တွေကိုဖြတ်ပြီး အမှောင်ကမ္ဘာမြေအောက်လောကကို ခရီးထွက်ခွာခဲ့တယ်။
ရည်ရွယ်ချက်ကတော့ သူ့ရဲ့ ဘိုးဘေးဘီဘင်တစ်ယောက်ဖြစ်တဲ့ Utnaphistim ကိုရှာပြီး မသေနိုင်တဲ့နည်းလမ်းကိုမေးမြန်းရှာဖွေချင်လို့တဲ့။

Mashu တောင်တန်းက နေထွက်နဲ့နေဝင်ကို ကင်းမြီးကောက်လူသားတွေ စောင့်ကြပ်နေတဲ့နေရာဖြစ်တယ်။
Mushu တောင်တန်းရဲ့ တောင်ထွတ်တွေကကောင်းကင်ဘုံနဲ့ချိတ်ဆက်ထားပြီး တောင်ရဲ့အောက်ခြေကတော့ မြေအောက်ဘုံနဲ့ ဆက်စပ်နေတယ်။
မြေကြီးရဲ့အောက် မှောင်မိုက်နေတဲ့လောကကိုဝင်တဲ့ နေနတ်ဘုရား Utu ရဲ့ ဂိတ်တံခါးတွေကို ကင်းမြီးကောက်လူသားတွေက စောင့်ရှောက်နေတယ်။
ညဖက်မှာမြေအောက်ကမ္ဘာကို Gilgameshဆင်းပြီးတဲ့နောက် ကင်းမြီးကောက်လူသားတွေက နောက်ကနေဂိတ်တံခါးကိုပြန်ပိတ်ပေးကြတယ်။
နေ့ခင်းရောက်လို့ Gilgamesh ပြန်တက်လာရင် ဂိတ်တံခါးတွေကိုပြန်ဖွင့်ပေးကြတယ်လို့ဆိုတယ်။

ကင်းမြီးကောက်လူသားတွေမှာ လူတစ်ယောက်ရဲ့ခေါင်း၊ ပခုံး၊ ခါးနဲ့ လက်နှစ်ဖက်ရှိပြီး ခါးအောက်ပိုင်းကတော့ ကင်းမြီးကောက်တစ်ကောင်အတိုင်းပဲတဲ့။
 သူတို့အရပ်တွေကလဲ မြင့်မားလွန်းလို့ ကောင်းကင်ကိုတောင်တိုက်မိနေတယ်တဲ့။ သူတို့စောင့်ကြပ်နေတဲ့ ဂိတ်တံခါးတွေနောက်က မြေအောက်ကမ္ဘာရဲ့ အန္တရာယ်ကြီးပုံတွေကို မသေမျိုးမဟုတ်တဲ့သာမန်လူသားတွေသိအောင် အမြဲသတိပေးလေ့ရှိသတဲ့။

ဒါက ဆူမီးရီးရန်းဒဏ္ဍာရီမှာပါတဲ့ ကင်းမြီးကောက်လူသားတွေအကြောင်းပေါ့။
Gilgamesh အကြောင်းကတော့ သူရှာနေတဲ့သူ့ဘိုးဘေး Utnaphistim ကို အခက်အခဲအမျိုးမျိုးကိုဖြတ်ပြီးတဲ့နောက်တွေ့ခဲ့ရပေမဲ့ Utnaphistim က သူ့ကိုစားခွင့်ပြုခဲ့တဲ့ သက်ရှည်ပင်ကိုမစားဖြစ်ခဲ့လိုက်လို့ မသေခြင်းတရားကိုမရခဲ့ပါဘူးတဲ့။

အီဂျစ်ဒဏ္ဍာရီလာ ကင်းမြီးကောက်
**************************
အီဂျစ်ရှေးဟောင်းနတ်ဘုရားမ Serket က အဆိပ်ရှိတဲ့သတ္တဝါတွေ၊ အထူးသဖြင့်ကင်းမြီးကောက်ကို ကာကွယ်စောင့်ရှောက်သူဖြစ်ပြီး သူ့ကို ဖော်ပြတဲ့အခါ ခေါင်းပေါ်မှာကင်းမြီးကောက်တစ်ကောင်တင်ထားတဲ့ပုံအနေနဲ့ ပုံဖော်လေ့ရှိတယ်။

ထင်ရှားတဲ့အီဂျစ်ဒဏ္ဍာရီတစ်ခုကတော့ Serket က နတ်ဘုရားမ Isis ကိုကာကွယ်စောင့်ရှောက်တဲ့ဇာတ်လမ်းပါ။ အီဂျစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ Set က သူ့အစ်ကိုဖြစ်သူ နတ်ဘုရား Osiris ကိုလုပ်ကြံသတ်ဖြတ်ပြီး မင်းပြုနေခဲ့တယ်။
Osiris ရဲ့မိဖုရားဖြစ်တဲ့ Isis က သားလေးတစ်ယောက်ကိုမွေးပြီး အာဏာသိမ်းသူ Set ရဲ့လက်ကနေ လွတ်မြောက်အောင် ရွှံညွန်ထူပြောတဲ့ရေအိုင်ဒေသတစ်ခုမှာ တိမ်းရှောင်နေရတယ်။
Isis နဲ့သူ့သားလေးကို Set ကလုပ်ကြံမှာစိုးလို့ Serket ကသူ့ရဲ့ ကင်းမြီးကောက်ခုနစ်ကောင်ကိုစေလွှတ်ပြီး ‌ကလေးနဲ့အမေကို အမြဲမပြတ်စောင့်ရှောက်ထားစေခဲ့တယ်တဲ့။

ကင်းမြီးကောက်နဲ့ ပက်သက်လို့ အီဂျစ်နတ်ဘုရားတွေနဲ့ပက်သက်တဲ့ ဒဏ္ဍာရီတစ်စိတ်တစ်ပိုင်းလေးပါ။

ဂရိဒဏ္ဍာရီလာ ဗြိစ္ဆာသင်္ကေတ
***********************
ဂရိဒဏ္ဍာရီမှာတော့ ‌ဗြိစ္ဆာနက္ခတ်က Orion ဆိုတဲ့လူထွားကြီးရဲ့ဇာတ်လမ်းနဲ့ဆက်စပ်နေတယ်။
Orion ကနတ်ဘုရား Poseidon နဲ့ Crete ကျွန်းကဘုရင် Mino ရဲ့သမီး Euryale ကနေမွေးတာ။
နတ်ဘုရင် Zeus ရဲ့သမီးတစ်ယောက်ဖြစ်တဲ့အမဲလိုက်နတ်ဘုရားမ Artemis နဲ့အတူအမြဲ အမဲလိုက်လေ့ရှိတယ်။
တစ်နေ့တော့ ဒီလောကမှာသူမသတ်ဖြတ်နိုင်တဲ့သတ္တဝါမရှိဘူးလို့ Artemis ကိုကြွားသတဲ့။
ဒါကိုကြားတဲ့အခါမှာ ပထဝီမြေကြီး Gaia က ဧရာမကင်းမြီးကောက်ကြီးတစ်ကောင်ကိုမွေးပြီး Orion နဲ့တိုက်ခိုက်စေတယ်။
ကင်းမြီးကောက်ကြီးရဲ့လက်ချက်နဲ့ Orion လဲအသက်ဆုံးရှုံးသွားတယ်။

ဒီအ‌ကြောင်းကိုကြားတဲ့ Zeus က မတန်မရာ အကြွားသန်တတ်တဲ့ လူသားမျိုးနွယ်တွေကိုသင်ခန်းစာတစ်ခုအနေနဲ့ သတိပေးရအောင် ကောင်းကင်ပေါ်မှာ ကင်းမြီးကောက်ပုံကြယ်ကို ဖန်တီးခဲ့တယ်လို့ဆိုတယ်။ Orion ကိုလဲ အတူတူတွဲပြီး ကြယ်စုအနေနဲ့ဖန်ဆင်းခဲ့ပေမယ့် ကင်းမြီးကောက်ရှိနေချိန်ဆိုထွက်ပြေးနေတတ်ပြီး နွေရာသီရောက်မှ သူ့ကိုမြင်နိုင်တယ်လို့လဲ ဆိုတယ်။

နောက်ထပ်မူကွဲတစ်ခုကတော့ အချစ်ရယ်၊ မနာလိုမှုရယ်ကိုအခြေခံတဲ့ ဇာတ်လမ်းလေး။
အဲဒီမှာတော့ Orion က အမဲလိုက်နတ်ဘုရားမ Artemis နဲ့မေတ္တာမျှသွားလို့ မနာလိုတဲ့ Artemis ရဲ့အမွှာမောင်ဖြစ်သူ Apollo က မြေကမ္ဘာ Gaia ကိုအကူအညီတောင်းပြီး ကင်းမြီးကောက်ကို ဖန်တီးစေခဲ့တယ်တဲ့။

ဘာပဲဖြစ်ဖြစ် ကင်းမြီးကောက်လက်ချက်နဲ့ Orion သေဆုံးသွားပြီး အဲဒီကမှ ဗြိစ္ဆာနက္ခတ်ကြယ်စုဖြစ်လာတယ်လို့ ဂရိဒဏ္ဍာရီတွေကဆိုတယ်။

အပေါ်ကပြောခဲ့တဲ့ ဒဏ္ဍာရီလေးတွေကတော့ ဗြိစ္ဆာရာသီရဲ့ဇာစ်မြစ်အကြောင်းမောင်ဇိလက်လှမ်းမီသ‌လောက်ဖတ်ထားတဲ့ထဲက အကျဥ်းချုပ်လေးတွေပါ။ လိုအပ်တာတွေလဲ ရှိကောင်းရှိမှာဖြစ်လို့ အမှားပါခဲ့ရင် သည်းခံကြပါလို့။

မောင်ဇိ
#MaungZi #Zodiac #Scorpio #myth #မောင်ဇိ #ဗြိစ္ဆာရာသီခွင် #ဒဏ္ဍာရီ

=====================================================

ၿဗိစာၦရာသီခြင္(Scorpio) သေကၤတ ကင္းၿမီးေကာက္၏ ဇာစ္ျမစ္
***********************************************

ၿဗိစာၦရာသီနကၡတ္ကို ေဘဘီလုံေခတ္ကတည္းက အေရွ႕အလယ္ပိုင္းေဒသကလူေတြ သိမွတ္ထားၿပီးျဖစ္တယ္လို႔ ဆိုၾကတယ္။ ေဘဘီလုံေခတ္မွာ ၿဗိစာၦၾကယ္စုကို "The creature with the burning sting" (ပူျပင္းေလာင္ၿမိဳက္ေစႏိုင္ေသာအဆိပ္ၿမီးရွိသည့္ သတၱဝါ) လို႔ေခၚခဲ့ၾကတယ္။

‌ၿဗိစာၦနကၡတ္နဲ႔ပက္သက္လို႔ ထင္ရွားတဲ့ဒ႑ာရီကေတာ့ ဂရိဒ႑ာရီတစ္ခုပဲေတြ႕တယ္။ ကင္းၿမီးေကာက္နဲ႔ပက္သက္တဲ့ တစ္ျခားဒ႑ာရီႏွစ္ခုရွိေသးေပမယ့္ ၿဗိစာၦရာသီနဲ႔ဆက္ႏႊယ္တယ္လို႔ ဆိုထားတဲ့အေထာက္အထားမေတြ႕ရဘူး။ ဒီေတာ့ ဂရိဒ႑ာရီအေၾကာင္းမေျပာခင္ ကင္းၿမီးေကာက္ပါတဲ့ တစ္ျခားဒ႑ာရီႏွစ္ခုကို အရင္ေျပာၾကတာေပါ့။

ဆူမီးရီးရန္း ဒ႑ာရီလာ ကင္းၿမီးေကာက္
******************************
ခရစ္ယာန္ဘာသာမေပၚခင္ လြန္ခဲ့တဲ့ႏွစ္ေထာင္ေပါင္းမ်ားစြာက အေရွ႕အလယ္ပိိုင္းေဒသမွာ အစဥ္အဆက္ေနထိုင္ခဲ့ၾကတဲ့ Sumerians နဲ႔ Akkadians လူမ်ိဳးေတြ၊ သူတို႔ေနာက္က Babylonians ေတြနဲ႔ Assyrians လူမ်ိဳးေတြ ယုံၾကည္ကိုးကြယ္ခဲ့ၾကတဲ့ ေရွးေဟာင္းဘာသာေရးတစ္ခုရွိတယ္။ အေရွ႕အလယ္ပိုင္း မက္ဆိုပိုေတးနီးယားေဒသ (အခုေတာ့ အီရတ္မွာေပါ့) မွာေပၚေပါက္ခဲ့ၿပီး မက္ဆိုပိုေတးနီးရမ္းဘာသာလို႔လဲေခၚၾကတယ္။

အဲဒီဘာသာရဲ႕အေျခခံတစ္ခုကေတာ့ ေရွးေဟာင္းဆူမီးရီးရန္းဒ႑ာရီေတြ။
အဲဒီမွာပါတဲ့ သူရဲေကာင္းဘုရင္တစ္ေယာက္ျဖစ္တဲ့ Gilgamesh ဟာ သူ႔သူငယ္ခ်င္းတစ္ေယာက္ေသသြားတာကိုျမင္ရၿပီး သူလဲေသရမွာကို သိပ္ေၾကာက္သြားခဲ့တယ္။ ဒါနဲ႔ပဲ ေနနတ္ဘုရား Utu (Akkadian အေခၚ Shamash) ရဲ႕ နတ္နန္းရွိရာ Mashu ‌ေတာင္တန္းကဂိတ္ေတြကိုျဖတ္ၿပီး အေမွာင္ကမာၻေျမေအာက္ေလာကကို ခရီးထြက္ခြာခဲ့တယ္။
ရည္႐ြယ္ခ်က္ကေတာ့ သူ႔ရဲ႕ ဘိုးေဘးဘီဘင္တစ္ေယာက္ျဖစ္တဲ့ Utnaphistim ကိုရွာၿပီး မေသႏိုင္တဲ့နည္းလမ္းကိုေမးျမန္းရွာေဖြခ်င္လို႔တဲ့။

Mashu ေတာင္တန္းက ေနထြက္နဲ႔ေနဝင္ကို ကင္းၿမီးေကာက္လူသားေတြ ေစာင့္ၾကပ္ေနတဲ့ေနရာျဖစ္တယ္။
Mushu ေတာင္တန္းရဲ႕ ေတာင္ထြတ္ေတြကေကာင္းကင္ဘုံနဲ႔ခ်ိတ္ဆက္ထားၿပီး ေတာင္ရဲ႕ေအာက္ေျခကေတာ့ ေျမေအာက္ဘုံနဲ႔ ဆက္စပ္ေနတယ္။
ေျမႀကီးရဲ႕ေအာက္ ေမွာင္မိုက္ေနတဲ့ေလာကကိုဝင္တဲ့ ေနနတ္ဘုရား Utu ရဲ႕ ဂိတ္တံခါးေတြကို ကင္းၿမီးေကာက္လူသားေတြက ေစာင့္ေရွာက္ေနတယ္။
ညဖက္မွာေျမေအာက္ကမာၻကို Gilgameshဆင္းၿပီးတဲ့ေနာက္ ကင္းၿမီးေကာက္လူသားေတြက ေနာက္ကေနဂိတ္တံခါးကိုျပန္ပိတ္ေပးၾကတယ္။
ေန႔ခင္းေရာက္လို႔ Gilgamesh ျပန္တက္လာရင္ ဂိတ္တံခါးေတြကိုျပန္ဖြင့္ေပးၾကတယ္လို႔ဆိုတယ္။

ကင္းၿမီးေကာက္လူသားေတြမွာ လူတစ္ေယာက္ရဲ႕ေခါင္း၊ ပခုံး၊ ခါးနဲ႔ လက္ႏွစ္ဖက္ရွိၿပီး ခါးေအာက္ပိုင္းကေတာ့ ကင္းၿမီးေကာက္တစ္ေကာင္အတိုင္းပဲတဲ့။
 သူတို႔အရပ္ေတြကလဲ ျမင့္မားလြန္းလို႔ ေကာင္းကင္ကိုေတာင္တိုက္မိေနတယ္တဲ့။ သူတို႔ေစာင့္ၾကပ္ေနတဲ့ ဂိတ္တံခါးေတြေနာက္က ေျမေအာက္ကမာၻရဲ႕ အႏၲရာယ္ႀကီးပုံေတြကို မေသမ်ိဳးမဟုတ္တဲ့သာမန္လူသားေတြသိေအာင္ အၿမဲသတိေပးေလ့ရွိသတဲ့။

ဒါက ဆူမီးရီးရန္းဒ႑ာရီမွာပါတဲ့ ကင္းၿမီးေကာက္လူသားေတြအေၾကာင္းေပါ့။
Gilgamesh အေၾကာင္းကေတာ့ သူရွာေနတဲ့သူ႔ဘိုးေဘး Utnaphistim ကို အခက္အခဲအမ်ိဳးမ်ိဳးကိုျဖတ္ၿပီးတဲ့ေနာက္ေတြ႕ခဲ့ရေပမဲ့ Utnaphistim က သူ႔ကိုစားခြင့္ျပဳခဲ့တဲ့ သက္ရွည္ပင္ကိုမစားျဖစ္ခဲ့လိုက္လို႔ မေသျခင္းတရားကိုမရခဲ့ပါဘူးတဲ့။

အီဂ်စ္ဒ႑ာရီလာ ကင္းၿမီးေကာက္
**************************
အီဂ်စ္ေရွးေဟာင္းနတ္ဘုရားမ Serket က အဆိပ္ရွိတဲ့သတၱဝါေတြ၊ အထူးသျဖင့္ကင္းၿမီးေကာက္ကို ကာကြယ္ေစာင့္ေရွာက္သူျဖစ္ၿပီး သူ႔ကို ေဖာ္ျပတဲ့အခါ ေခါင္းေပၚမွာကင္းၿမီးေကာက္တစ္ေကာင္တင္ထားတဲ့ပုံအေနနဲ႔ ပုံေဖာ္ေလ့ရွိတယ္။

ထင္ရွားတဲ့အီဂ်စ္ဒ႑ာရီတစ္ခုကေတာ့ Serket က နတ္ဘုရားမ Isis ကိုကာကြယ္ေစာင့္ေရွာက္တဲ့ဇာတ္လမ္းပါ။ အီဂ်စ္နတ္ဘုရားတစ္ပါးျဖစ္တဲ့ Set က သူ႔အစ္ကိုျဖစ္သူ နတ္ဘုရား Osiris ကိုလုပ္ႀကံသတ္ျဖတ္ၿပီး မင္းျပဳေနခဲ့တယ္။
Osiris ရဲ႕မိဖုရားျဖစ္တဲ့ Isis က သားေလးတစ္ေယာက္ကိုေမြးၿပီး အာဏာသိမ္းသူ Set ရဲ႕လက္ကေန လြတ္ေျမာက္ေအာင္ ႐ႊံၫြန္ထူေျပာတဲ့ေရအိုင္ေဒသတစ္ခုမွာ တိမ္းေရွာင္ေနရတယ္။
Isis နဲ႔သူ႔သားေလးကို Set ကလုပ္ႀကံမွာစိုးလို႔ Serket ကသူ႔ရဲ႕ ကင္းၿမီးေကာက္ခုနစ္ေကာင္ကိုေစလႊတ္ၿပီး ‌ကေလးနဲ႔အေမကို အၿမဲမျပတ္ေစာင့္ေရွာက္ထားေစခဲ့တယ္တဲ့။

ကင္းၿမီးေကာက္နဲ႔ ပက္သက္လို႔ အီဂ်စ္နတ္ဘုရားေတြနဲ႔ပက္သက္တဲ့ ဒ႑ာရီတစ္စိတ္တစ္ပိုင္းေလးပါ။

ဂရိဒ႑ာရီလာ ၿဗိစာၦသေကၤတ
***********************
ဂရိဒ႑ာရီမွာေတာ့ ‌ၿဗိစာၦနကၡတ္က Orion ဆိုတဲ့လူထြားႀကီးရဲ႕ဇာတ္လမ္းနဲ႔ဆက္စပ္ေနတယ္။
Orion ကနတ္ဘုရား Poseidon နဲ႔ Crete ကြၽန္းကဘုရင္ Mino ရဲ႕သမီး Euryale ကေနေမြးတာ။
နတ္ဘုရင္ Zeus ရဲ႕သမီးတစ္ေယာက္ျဖစ္တဲ့အမဲလိုက္နတ္ဘုရားမ Artemis နဲ႔အတူအၿမဲ အမဲလိုက္ေလ့ရွိတယ္။
တစ္ေန႔ေတာ့ ဒီေလာကမွာသူမသတ္ျဖတ္ႏိုင္တဲ့သတၱဝါမရွိဘူးလို႔ Artemis ကိုႂကြားသတဲ့။
ဒါကိုၾကားတဲ့အခါမွာ ပထဝီေျမႀကီး Gaia က ဧရာမကင္းၿမီးေကာက္ႀကီးတစ္ေကာင္ကိုေမြးၿပီး Orion နဲ႔တိုက္ခိုက္ေစတယ္။
ကင္းၿမီးေကာက္ႀကီးရဲ႕လက္ခ်က္နဲ႔ Orion လဲအသက္ဆုံးရႈံးသြားတယ္။

ဒီအ‌ေၾကာင္းကိုၾကားတဲ့ Zeus က မတန္မရာ အႂကြားသန္တတ္တဲ့ လူသားမ်ိဳးႏြယ္ေတြကိုသင္ခန္းစာတစ္ခုအေနနဲ႔ သတိေပးရေအာင္ ေကာင္းကင္ေပၚမွာ ကင္းၿမီးေကာက္ပုံၾကယ္ကို ဖန္တီးခဲ့တယ္လို႔ဆိုတယ္။ Orion ကိုလဲ အတူတူတြဲၿပီး ၾကယ္စုအေနနဲ႔ဖန္ဆင္းခဲ့ေပမယ့္ ကင္းၿမီးေကာက္ရွိေနခ်ိန္ဆိုထြက္ေျပးေနတတ္ၿပီး ေႏြရာသီေရာက္မွ သူ႔ကိုျမင္ႏိုင္တယ္လို႔လဲ ဆိုတယ္။

ေနာက္ထပ္မူကြဲတစ္ခုကေတာ့ အခ်စ္ရယ္၊ မနာလိုမႈရယ္ကိုအေျခခံတဲ့ ဇာတ္လမ္းေလး။
အဲဒီမွာေတာ့ Orion က အမဲလိုက္နတ္ဘုရားမ Artemis နဲ႔ေမတၱာမွ်သြားလို႔ မနာလိုတဲ့ Artemis ရဲ႕အမႊာေမာင္ျဖစ္သူ Apollo က ေျမကမာၻ Gaia ကိုအကူအညီေတာင္းၿပီး ကင္းၿမီးေကာက္ကို ဖန္တီးေစခဲ့တယ္တဲ့။

ဘာပဲျဖစ္ျဖစ္ ကင္းၿမီးေကာက္လက္ခ်က္နဲ႔ Orion ေသဆုံးသြားၿပီး အဲဒီကမွ ၿဗိစာၦနကၡတ္ၾကယ္စုျဖစ္လာတယ္လို႔ ဂရိဒ႑ာရီေတြကဆိုတယ္။

အေပၚကေျပာခဲ့တဲ့ ဒ႑ာရီေလးေတြကေတာ့ ၿဗိစာၦရာသီရဲ႕ဇာစ္ျမစ္အေၾကာင္းေမာင္ဇိလက္လွမ္းမီသ‌ေလာက္ဖတ္ထားတဲ့ထဲက အက်ဥ္းခ်ဳပ္ေလးေတြပါ။ လိုအပ္တာေတြလဲ ရွိေကာင္းရွိမွာျဖစ္လို႔ အမွားပါခဲ့ရင္ သည္းခံၾကပါလို႔။

ေမာင္ဇိ
#MaungZi #Zodiac #Scorpio #myth #ေမာင္ဇိ #ၿဗိစာၦရာသီခြင္ #ဒ႑ာရီ

No comments:

Post a Comment