Monday, December 14, 2015
လူတတ်ကလေးတစ်ယောက်နှင့် စကားစမြည်
ဒီကလေးကို သူမှတ်မိနေသည်။ ဆိုင်ကိုလာသည့်သူတွေက လူငယ်၊ လူရွယ်၊ စုံတွဲ၊ သူငယ်ချင်းအဖွဲ့၊ မိသားစု၊ လူကြီးပိုင်း စသည်တို့သာများပြီး ကလေးချည်းသက်သက်လာသည်က မရှိသလောက်ရှားသောကြောင့်ပင်။ ရှိခဲ့လျင်လည်းသူ့လို ပုံမှန်လာနေကျဖောက်သည်မဟုတ်။ နောက်တစ်ကြောင်းက ပထမအဆုံးအကြိမ် ဒီကလေးနဲ့တွေ့စဉ်ကတည်းက သတိထားမိတာတစ်ခုရှိသည်။ ကလေးတစ်ယောက်ဖြစ်သော်လည်းလိုချင်တာကို အေးအေးဆေးဆေးနှင့် ဘောင်ဝင်အောင် ရအောင်ပြောတတ်ခြင်း။
 သူ့အလုပ်က လာရောက်စားသောက်သူများကို ဝန်ဆောင်မှုပေးရသည့်အလုပ်ဖြစ်၍ လူအမျိုးမျိုး၊ အသက်အရွယ်အသွယ်သွယ်၊ စိတ်အထွေထွေနှင့် ပြောဆိုဆက်ဆံရပြီး စိတ်ဝင်စားစရာ အလွန်ကောင်းသည်။ တစ်ချိန်မှာလူကြီးဖြစ်လာမည့် ကလေးများ၏အပြုအမူများကို စိတ်ဝင်စားသည့်သူ့အတွက်ကတော့ ဒီကလေးက သူတွေ့ဖူးသည့် ထူးထူးခြားခြားကလေးတစ်ယောက်များထဲမှ နောက်တစ်ယောက်။ ဆိုင်တွင် လူအရမ်းမရှုပ်လွန်းသလို၊ အရမ်းလဲမရှင်းလွန်းသည့် ညနေပိုင်းအချိန်တစ်ခုမှာ ထိုကလေးရောက်လာသည်။ ပြီးတော့ စားပွဲရှေ့က လည်နေသည့်ရွေ့လျားခါးပတ်ပေါ်ရှိ edamame ပဲတောင့်စိမ်းပန်းကန်လေးကိုလှမ်းယူလိုက်ပြီး မလှမ်းမကမ်းကခုံမှာ အစားအသောက်များလာချပေးသောသူ့ကို လက်ကလေးထောင်ပြ၍ခေါ်သည်။ ဘာလိုချင်လဲဟုသူဆိုတော့ ဒီပဲစိမ်းတောင့်လေးတွေကို ပူသွားအောင်နွှေးပေးပါတဲ့။ သူတို့ဆိုင်မှာက အဓိကအားဖြင့်အပူနှင့်အအေးဆိုပြီး အစားအသောက်များကို နှစ်မျိုးခွဲထားသည်။ များသောအားဖြင့်ကြော်ထား လှော်ထားသည့်အရာများနှင့် စွတ်ပြုတ်များ၊ဟင်းရည်များကို ချက်ပြုတ်ပြီးပြီးချင်း မှာယူသည့်စားသုံးသူရှေ့သို့ ပူပူနွေးနွေးချပေးတတ်ပြီး edamame ပဲစိမ်းတောင့်နှင့်အခြားအသီးအရွက်များ၊ထမင်းလိပ်များ၊ ဆယ်လ်မွန်ငါးများ စသည်တို့ကိုတော့ အခန်းအပူချိန်အတိုင်းစားသောက်သူများရှေ့တွင် ရွေ့လျားခါးပတ်ဖြင့်လှည့်ပတ်ထားစေသည်။ Edamame ပဲစိမ်းတောင့်များမှာပြုတ်ပြီး ဆားနှင့်စားရသည့်ပဲတောင့်လေးများဖြစ်၍ လူတော်တော်များများက နှစ်နှစ်သက်သက်စားလေ့ရှိကြောင်း သူမြင်သိထားသည်။ ဒီပဲတောင့်လေးများကို ပူအောင်ပြန်နွှေးပေးစေချင်ကြောင်း ထိုကလေးကသူ့ကိုပြောနေသည်။ ပဲတောင့်လေးများကိုနွှေးပေးသည်မှာ ဒီဆိုင်တွင်ထုံးစံမဟုတ်ကြောင်း သူယဉ်ယဉ်ကျေးကျေးပြန်ပြောတော့ ထိုကလေးကအထွန့်တက်သည်။ သူစားတိုင်းအမြဲနွှေးပေးနေကျဟု။ ပြီးတော့ ငွေသိမ်းကောင်တာမှာအလုပ်များနေသည့် ဒုမန်နေဂျာကို လက်ညှိုးထိုးပြပြီး အဲဒီလူဆိုသူ့ကို အမြဲနွှေးပေးတာဟုဆိုလိုက်သေးသည်။ ဒီဆိုင်မှာသူအလုပ်ဝင်သည်မှာ သိပ်မကြာလှသေး။ ဒီတော့ စားဖိုမှူးတစ်ယောက်ကိုလှမ်းမေးရသည်။ စားဖိုမှူးကခေါင်းငြိမ့်ပြ၍ ပဲတောင့်ပန်းကန်ကိုဆိုင်အနောက်ဖက်ယူလာပြီး စားဖိုမှူးအကြံပေးသည့်အတိုင်း ရေနွေးပူပူထဲတွင် အချိန်အနည်းငယ်စိမ်ထားကာ ခပ်နွေးနွေးဖြစ်သွားမှ ထိုကလေးကိုပြန်ပေးတော့ ဒင်းကျေနပ်သွားသည်။ လိုချင်တာကို အားမစိုက်ထုတ်ရပဲ ရှင်းရှင်းလင်းလင်းပြောပြီးရအောင်တောင်းနိုင်သည့် ကလေးကိုတော့စိတ်ထဲမှာ အမှတ်ထင်ထင်ဖြစ်ရ၏။
 သူ့အလုပ်လုပ်သည့်နေ့များတွင် တစ်ခါတစ်ရံထိုကလေး တစ်ယောက်တည်းလာလာစားတတ်သည်ကိုတွေ့ရသည်။ ဝန်ဆောင်မှုပေးရန် အခြားသူများလဲရှိ၊ သူ့အလုပ်ကလဲများလွန်းသဖြင့် လုပ်စရာရှိသည်များကိုသာမဲလုပ်နေဖြစ်ခဲ့သည်ချည်းသာ။ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက် ထိုကလေးနှင့်ဆုံပြန်သည်။ ထုံးစံအတိုင်း ပဲတောင့်လေးများကို ငြိမ်ငြိမ်သက်သက်ထိုင်စားရင်း အခြားစားသုံးသူတစ်ယောက်နှင့် လေပေးဖြောင့်နေပုံရသည်။ တော်တော်နှင့်မပြန်။ ဒီကြားထဲမှာ ထမင်းစားတူမသုံးတတ်သူများအလွယ်တကူညှပ်ကာစားနိုင်အောင်စီမံထားသောတူတစ်စုံကို (kid’s chopstick) ဟုတောင်း၍ ယူပေးလိုက်ပြီး၊ ကလေးတူ (kid’s chopstick ) ဟုမခေါ်ပဲ အလွယ်သုံးတူ ( easy chopstick) ဟုသူတို့ဆိုင်မှာခေါ်ကြောင်း၊ အဓိကအကြောင်းရင်းမှာ တူဖြင့်မစားတတ်၍ အလွယ်သုံးတူနှင့်စားသည့်လူကြီးများကို မရှက်စေရန်ဖြစ်ကြောင်း သူကနောက်ပြောင်ပြောတော့ ထိုကလေးကရယ်လေသည်။ ဒီလိုနှင့် ဆိုင်ပိတ်ချိန်နီးလာ၍ အချက်အပြုတ်များကိုလက်စသတ်ကြပြီးမီးဖိုခန်းကို သိမ်းဆည်းကြချိန်ရောက်သည့်တိုင် ထိုကလေးကမပြန်သေးပဲတစ်ယောက်ထဲငုတ်တုတ်ထိုင်ကျန်ခဲ့သည်။ ပြီးတော့မီးဖိုခန်းပိတ်သွားပြီဖြစ်၍ အစားအသာက်များမှာ၍မရတော့ကြောင်း ဆိုင်ထဲတွင်ကျန်နေသေးသည့်စားသောက်သူတစ်ယောက်စနှစ်ယောက်စကို အသိပေးပြီး စားပွဲများကိုရှင်းလင်းသိမ်းဆည်းရင်းအလုပ်ရှုပ်နေသည့်သူ့ကို မကြာခင်လှမ်းခေါ်ပြန်သည်။ ဒီတစ်ခါတော့ စတော်ဘယ်ရီချိစ်ကိတ် လိုချင်ပြန်သည်တဲ့။ သူ ရှင်းပြရသည်။ မီးဖိုခန်းပိတ်သွားပြီဖြစ်၍ ဘာအစားအသောက်မှ ထပ်မှာ၍ရတော့မည်မဟုတ်ကြောင်း။ စိတ်မကောင်းပါကြောင်း။ သို့သော် ဒင်းကမလျှော့။ စတော်ဘယ်ရီချိစ်ကိတ်များမှာ ရေခဲခန်းထဲတွင်သိမ်းဆည်းထားသောကြောင့် အခြားအစားအသောက်များလို ချက်ပြုတ်ပြင်ဆင်စရာမလို၊ အလွယ်တကူထုတ်ယူပြီးသူ့ကိုပေးနိုင်ကြောင်း စောဒကတက်သည်။ သူလဲ ကလေးစိတ်ချမ်းသာစေရန် အစစ၊ အရာရာသိမ်းဆည်းပြီး၍ ပြန်ရန်ပြင်နေသည့်စားဖိုမှူးကိုလှမ်းမေးပေးလိုက်သည်။ စားဖိုမှူးက သဘောကောင်းစွာဖြင့် ရေခဲသေတ္တာထဲမှ ပလတ်စတစ်အုပ်ထားသည့်ဗူးကြီးတစ်ဘူးကိုပြန်ဖွင့်ပြီး ချိစ်ကိတ်လုံးလေးများကို ပန်းကန်ထဲထည့်ပေးလိုက်ရာ ကလေးအစား သူပင်ပျော်ရွှင်သွားရသည်။ ဒီအရွယ်နှင့် ပြောရဲ၊ ဆိုရဲသော၊ အကျိုးသင့် အကြောင်းသင့်ရှင်းပြတတ်သော၊ ပြဿနာတစ်ခုကိုအလွယ်တကူဖြေရှင်းနိုင်စွမ်းရှိသော ကလေးကိုသဘောကျသွားမိသည်။ ထိုကလေးက သူ့ကိုစကားတွေလှမ်းလှမ်းပြောနေ၍ မေးခွန်းတွေဖြေရသည်။ ဘယ်နိုင်ငံကလာတာလဲ၊ ဘာလုပ်နေတာလဲ၊ ဘယ်နိုင်ငံတွေရောက်ဖူးလဲစသည်ဖြင့် မေးခွန်းများကအတောမသတ်။ သူ့ကိုပြန်မေးတော့ အသက် ၁၂ နှစ်တဲ့။ မြန်မာနိုင်ငံမှာဆို ငါးတန်း၊ ခြောက်တန်းအရွယ်။ ထိုကလေးနှင့်သူ စကားတွေပြောရင်း အဖွဲ့ကျသွားသော်လည်းသူ့မှာက အလုပ်တွေရှိသေးသည်။ မပြီးလျင် ညသန်းခေါင်တိုင်ပြန်ရမည်မဟုတ်။ လုပ်စရာတွေရှိ၍ ခွင့်ပြုဖို့ပြောရင်းသူ့အလုပ်များကိုသူဆက်လုပ်နေစဉ်မှာ ထိုင်ခဲ့သည့်ထိုင်ခုံလေးကို ခုံအောက်သို့ပြန်ထိုးထည့်၍ ကျသင့်ငွေကိုရှင်းပြီး ထိုကလေးပြန်သွားသည်။
သိပ်မကြာလိုက်။ ဆိုင်ပိတ်သွားပြီးစားပွဲများကို တစ်လုံးပြီးတစ်လုံးသူလိုက်သန့်စင်နေသည့်အချိန်မှာ ထိုကလေးပြန်ရောက်လာသည်။ သူ့အဖေနှင့် အစ်ကိုတွေအစ်မတွေက ရှော့ပင်းစင်တာကြီးထဲမှာ ဈေးဝယ်၍မပြီးကြသေး။ ဆိုင်ထဲမှာခဏနေချင်သည်ဟုဆိုလာသည်။ သူတို့ဆိုင်က ရှော့ပင်းစင်တာကြီးထဲက အခြားစားသောက်ဆိုင်များလိုပင် အကာအရံ၊တံခါးမရှိ ဖွင့်ထားခြင်းဖြစ်သည်။ဒီနေ့ဆိုင်မှာတာဝန်ကျသည့် မန်နေဂျာက သူနှင့်အတော်အဆင်ပြေသည့်မန်နေဂျာဖြစ်၍ ကလေးကိုလက်ခံလိုက်ရာ သူစားပွဲတစ်လုံးကူးတိုင်းနောက်မှ တကောက်ကောက်လိုက်၍စကားတွေပြောနေတော့သည်။ ဆိုင်ပိတ်ရာမှာ သူ့အလုပ်တစ်ခုက စားပွဲတစ်ခုချင်းပေါ်ရှိ ဂျင်းထည့်သည့်ဗူး၊ တူထည့်သည့်ခွက်၊ သတ္တုတစ်သျှူးသေတ္တာ အစရှိသည်များသာမက စားပွဲကိုပါ ပြောင်လက်အောင်အဝတ်စိုတစ်ခု၊ တစ်သျှူးအခြောက်တစ်ခုတို့ဖြင့် လိုက်လံသန့်စင်ရသည်ဖြစ်ရာအလွန်လက်ဝင်၍အချိန်ယူရသည်။ ထိုအလုပ်များကိုလုပ်ရင်း ကလေးနှင့်စကားပြောရသေးသည်။ မိုးလေဝသပညာရပ်ကိုစိတ်ဝင်စား၍ တက္ကသိုလ်တက်လျှင် ထိုဘာသာရပ်ကိုလေ့လာမည်ဟုကလေးကဆိုသည်။ လုပ်သာလုပ်၊ ကောင်းတယ်ဟုသူကမြှောက်ပေးသည်။ ဝါသနာပါရာမည်သည့်အလုပ်ကိုမဆို ဘဝတွင်သက်မွေးဝမ်းကြောင်းအဖြစ်ပါ အောင်မြင်ဖြစ်ထွန်းအောင်လုပ်နိုင်ခွင့်ရှိသော ဒီနိုင်ငံက ကလေးများ၏ဘဝကို သူမုဒိတာပွားမိသည်။ ဒီနိုင်ငံရှိအချို့ဥပဒေများကိုပင် ရယ်စရာကောင်းသည်ဟု ကလေးကဝေဖန်လိုက်သေးသည်။ အခုခေတ်စားနေသည့် Hoverboard ခေါ် အမြန်စီး၍ရသည့်စက်တပ်စကိတ်ပြားလေးများကို အိမ်ဝင်းများထဲမှလွဲ၍ လမ်းမကြီးများပေါ်တွင်မစီးရဟု အစိုးရကအမိန့်ထုတ်လိုက်၍သူ့မှာ အခက်တွေ့ရကြောင်း၊ တစ်နာရီငါးမိုင်ထက်မြန်သည့် မော်တော်ယာဉ်မဟုတ်သည့်အခြားယာဉ်များကို လမ်းမများပေါ်တွင် ခွင့်မပြုလျှင် အဘယ့်ကြောင့်စက်ဘီးများကိုမူခွင့်ပြုကြောင်း စီကာပတ်ကုံးမေးခွန်းများထုတ်သည်။ ပြီးတော့ တစ်သက်လုံး ဒီနိုင်ငံမှာပဲနေမှာပဲမနေပဲ လှည့်လည်သွားလာဦးမည်ဟု ထိုကလေးကပြောသေးသည်။ ကလေးများကို လူကြီးတစ်ယောက်ကဲ့သို့ ကိစ္စရပ်များကိုခွဲခြမ်းစိတ်ဖြာတတ်အောင်၊ ပြောတတ်ဆိုတတ်၊ လုပ်ကိုင်တတ်အောင်၊ ကောင်းဆိုးဝေဖန်တတ်အောင်လေ့ကျင့်ပေးနိုင်သော ပညာရေးစနစ်ကို သူအားကျမိသည်။
 သူအလုပ်လုပ်နေစဉ်တစ်လျှောက် စကားတွေတစ်ဖောင်ဖောင်ပြောနေပြီး မိသားစုကလာခေါ်မှသာ သူ့ကိုလက်ပြ၍ ထိုလူတတ်ကလေးပြန်သွားလေသည်။ ကျန်သည့်အလုပ်များကို အဆက်မပြတ်ဆက်လုပ်ရင်း လူတတ်ကလေးအကြောင်းကခေါင်းထဲမှာကျန်ခဲ့သည်။ သူ၏မြောက်များလှစွာသောကလေးများကိုလည်း ဒီကလေးကဲ့သို့ဖြစ်စေချင်သည်။ အမြင်ကျယ်စေချင်သည်။ အပြောအဆိုတတ်စေချင်သည်။ ယဉ်ကျေးပျူငှာရှိစေချင်သည်။ သူတစ်ပါးပေါ်စာနာတတ်စေချင်သည်။ အရာရာကို အကြောင်းအကျိုး၊ အကောင်းအဆိုး မှန်မှန်ကန်ကန် ချင့်ချိန်စဉ်းစားတတ်စေချင်သည်။ ကိစ္စရပ်များအပေါ်တွင် မေးခွန်းကောင်းများထုတ်တတ်စေချင်သည်။ တာဝန်သိတတ်သော၊ ကောင်းမွန်မှန်ကန်သော စိတ်ဓါတ်များရှိစေချင်သည်။မတူခြားနားသည့်အရာများကို သဘောထားကြီးစွာနားလည်လက်ခံပေးတတ်သည့်အတွေးအမြင်မျိုးရှိစေချင်သည်။ ဒါ့အပြင် အရေးကြီးဆုံးမှာ ဝါသနာပါသည့်အရာများကိုဖြစ်ထွန်းပေါက်မြောက်သည်ထိ လုပ်ခွင့်ရစေချင်သည်။
တစ်နေ့နေ့…
မဝေးသောအနာဂတ်မှာရှိသည့် ထိုတစ်နေ့နေ့မှာတော့ သူ့ကလေးများသည်လည်း ထိုကလေးကဲ့သို့ လူတတ်ကလေးများဖြစ်လာကြလိမ့်မည်။
သူယုံကြည်သည်။ ။
မောင်ဇိ
(၂၀၁၅ ဒီဇင်ဘာ)
#MaungZi #Thoughts #Experience #မောင်ဇိ #အတွေး #ကလေး
 ================================================
တစ်နေ့နေ့…
သူယုံကြည်သည်။ ။
မောင်ဇိ
(၂၀၁၅ ဒီဇင်ဘာ)
Friday, December 11, 2015
မြေအောက်လောကမှ မိတ်ဆွေ
မြေအောက်ဘူတာထဲက ထိုင်ခုံတန်းလျားလေးမှာထိုင်ချ၊ အိပ်ချင်မူးတူးနဲ့ ရထားမလာသေးတဲ့ သံလမ်းကိုအငေးမှာ ဒင်းကိုသွားတွေ့တာပဲ။ ငနဲလေးက ရထားလာရင် အန္တရာယ်ဖြစ်မှာစိုးလို့ လူတွေမကျော်ရအောင် တားပေးထားတဲ့ မျဉ်းအဝါလေးကို ကျော်ဖို့ကြံစည်နေတာ။ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီး ကုပ်ချောင်းချောင်းနဲ့ အဲဒီမျဉ်းဝါကိုဖြတ်ပါလေရော။ ကျွန်တော် ဓါတ်ပုံလှမ်းရိုက်လိုက်တာကို ဒီကောင်မမြင်ဘူး။ ပြီးတော့ သံလမ်းဘေးတစ်လျှောက် မျဉ်းဝါးနဲ့ မျဉ်းဖြူ ကြားထဲမှာ နှာခေါင်းကို ရှုံ့ ပွ၊ ရှူံ့ ပွလုပ်ရင်း တစ်ရွေ့ ရွေ့ ထွက်သွားပါရောလား။
ရထားမလာခင် ပြန်ငိုက်မလို့ပဲရှိသေး၊ မဲမဲအရိပ်လေးတစ်ခု ကျွန်တော့ဆီပြေးလာတာကို မျက်လုံးထောင့်ကလှမ်းမြင်လိုက်ရတယ်။ ကိုယ်တော်ချောလေး ပြန်ပြေးလာတာ။ အံမယ်....ပါးစပ်ထဲမှာလဲ ဘယ်ကရလာတဲ့ ပေါင်မုန့်တစ်စမှန်းမသိဘူး၊ အကျအနကိုက်လို့ဗျ။ ပြေးတာက ကျွန်တော်ထိုင်နေတဲ့နေရာတည့်တည့်ကို ပြေးလာတာ။ ငနဲလေး လူပေါ်ခုန်တက်လာရလောက်အောင်တော့ မတုံးလောက်ပါဘူးလို့ တွေးပြီး၊ ချထားတဲ့ ခြေထောက်နှစ်ဖက်ကို မသိမ်းလိုက်တော့ပဲ ထိုင်လက်စအတိုင်း ခြေနှစ်ချောင်းခွဲပြီး ဆက်ထိုင်နေလိုက်တယ်။ အထင်ကြီးမိတာတောင် နည်းနည်းများသွားတယ်။ ငတိလေးက “ဘတ်“ ဆို ခြေထောက်တစ်ဖက်ကို ခေါင်းနဲ့ဝင်ဆောင့်၊ ပါးစပ်ထဲက ပေါင်မုန့်လွတ်ကျ၊ ကြောက်အားလန့်အားနဲ့ ခုံအောက်ဝင်ပြေးရော။ ခြေထောက်နှစ်ချောင်းကြားမှာကျနေခဲ့တဲ့ ပေါင်မုန့်အစလေးကို ခြေထောက်နဲ့အသာလေးဖိထားပြီး ဒင်းကို နောက်ရမလား စဥ်းစားတုံးရှိသေး “ဖလပ်၊ ဖလပ်“ ဆိုပြီး ခုံအောက်ကပြန်ပြေးထွက်လာလို့ သူ့ပေါင်မုန့်ကို ကမူးရူးထိုးပြန်ဆွဲပြီး ခုံအောက်ကို ပြန်ဝင်ပြေးသွားပါရောလား။ လူကိုတောင် မယုံသင်္ကာတဲ့မျက်လုံးနဲ့ကြည့်သွားသေးတယ်။ သူ့ပေါင်မုန့်ပဲ လုစားမယ့်လူမှတ်နေလားမသိပါဘူး။ အလကား ကြွက်။ ။
(စကားမစပ်။ ။ ခုရေးထားတာလေးကို စာလုံးရေမပြည့်လို့ တိုနန့်နန့်ဖြစ်နေတဲ့ report ထဲမှာ စာလုံးဖြည့်ဖို့ ထည့်ရေးလို့ ရလားဟင်)
Sunday, November 8, 2015
ဂိုင်းဖော့စ်ပွဲတော် သို့မဟုတ် အင်္ဂလန်ကမီးရှုးမီးပန်းပွဲ
မြန်မာနိုင်ငံမှာ သီတင်းကျွတ်မီးထွန်းပွဲရှိသလိုပဲ၊ အင်္ဂလန်နိုင်ငံမှာလဲ အာက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလဆန်းပိုင်းလောက်ထိ “တစ်ဖုန်းဖုန်း၊ တစ်ဒိုင်းဒိုင်း၊ တစ်ရွှီရွှီ ၊ တစ်ဖြောင်းဖြောင်း“ နဲ့ ဗြောက်အိုးဖောက်သံတွေ၊ မီးရှူးမီးပန်းလွှတ်သံတွေကို ကြားရ၊ မြင်ရလေ့ရှိတယ်။ အကြောင်းရင်းကတော့ နိုဝင်ဘာလ ၅ ရက်နေ့တိုင်း ကျရောက်လေ့ရှိတဲ့ Guy Fawkes Day အထိမ်းအမှတ်အတွက် မီးပုံပွဲတွေလုပ်ကြ၊ မီးရှူးမီးပန်း၊ ဗျောက်အိုးတွေဖောက်ကြလို့ဖြစ်တယ်။
ဂိုင်းဖော့စ် ( Guy Fawkes ) ဆိုတာက အင်္ဂလန်နိုင်ငံ၊ ယောက်(York) နယ်သား။ 
ဂီးဒိုဖော့စ် ( Guido Fowkes) လို့လဲခေါ်တယ်။
ခရစ်သက္ကရာဇ် ၁၅၇၀ ခုနှစ်လောက်မှာမွေးခဲ့တယ်။
အဲဒီအချိန် မြန်မာနိုင်ငံမှာ ဘုရင့်နောင်က တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ပြီး ယိုးဒယားနိုင်ငံကို အောင်မြင်ပြီးပြီ။  ဂိုင်းဖော့စ် အသက် ၂၁ နှစ်လောက်မှာ စပိန်ကက်သလစ်တွေနဲ့ စပိန်လက်အောက်ကခွဲထွက်ဖို့ကြိုးစားတဲ့ ဒတ်ခ်ျသမ္မတနိုင်ငံ ( အခု နယ်သာလန်) တို့ဖြစ်တဲ့ ၈ နှစ်စစ်ပွဲမှာ စပိန်တွေဘက်ကဝင်တိုက်ပေးခဲ့တယ်။ စစ်ဖြစ်ရတဲ့အကြောင်းရင်းက စပိန်လက်အောက်ခံဖြစ်တဲ့ နယ်သာလန်ဒေသတစ်ဝိုက်ကို စပိန်ဘုရင် ဖိလစ်-၂ က အခွန်အတုပ်ကြီးကြီးကောက်တာရယ်၊ ဒေသခံ ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင်တွေကို ကက်သလစ်ခရစ်ယာန်ဘာသာဝင် အာဏာပိုင်တွေက ဖိနှိပ်တာရယ် ကနေ စ တယ်။
ဒီစစ်ပွဲမှာ မျိုးရိုးစဉ်ဆက် ကက်သလစ်ဘာသာဝင်ဖြစ်တဲ့ ဖော့စ် က အင်္ဂလန်မှာရှိတဲ့ သူ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီး စပိန်ကက်သလစ်တွေဘက်ကဝင်တိုက်ပေးခဲ့တယ်။ အင်္ဂလန်နိုင်ငံနဲ့ စပိန်နိုင်ငံတို့က အဲဒီအချိန်မှာ ရန်သူတွေ။
 အင်္ဂလန်နိုင်ငံကတော့ တော်လှန်သူ ပရိုတက်စတင့်ဒတ်ခ်ျတွေကို ထောက်ပံ့ပေးခဲ့တဲ့နိုင်ငံတစ်ခု။
 စစ်ပွဲမှာ အရာရှိငယ်အဆင့်ထိ တာဝန်ထမ်းဆောင်တိုက်ခိုက်ခဲ့တဲ့ ဖော့စ် က ၁၆၀၃ မှာ စပိန်ဘုရင်ဆီသွားပြီး အင်္ဂလန်နိုင်ငံမှာ ကက်သလစ်တော်လှန်ရေးတစ်ခုလုပ်ဖို့ အကူအညီသွားရှာတယ်။
အကူအညီမရခဲ့တဲ့ ဖော့စ်က ၁၆၀၅ ခုနှစ်မှာ တစ်ခြားအင်္ဂလိပ်လူမျိုး ကက်သလစ်တစ်စုနဲ့ပေါင်းလို့ အဲဒီအချိန်က ပရိုတက်စတင့်ဘာသာဝင်ဖြစ်တဲ့ အင်္ဂလန်ဘုရင် ပထမမြောက် ဂျိမ်းစ် (James I)ကို လုပ်ကြံဖို့ကြံစည်တော့တယ်။
အဲဒီအဖြစ်အပျက်ကို ယမ်းမှုန့်အရေးအခင်း (Gunpowder plot) လို့ လူသိများတယ်။
သူတို့ အစီအစဉ်က နိုဝင်ဘာ ၅ ရက်နေ့မှာလုပ်မယ့် ပါလီမန်အဆောက်အဦးဖွင့်ပွဲ (Big Ben မျှော်စင်ရှိတဲ့ အသစ်ပြန်ဆောက်ထားတဲ့အခုဗြိတိသျှပါလီမန်နေရာ) မှာ ပါလီမန်ကိုရော၊ ဖွင့်ပွဲလာတဲ့ ဘုရင်နဲ့အမတ်အားလုံးကိုရော ဖောက်ခွဲပစ်ဖို့ ဖြစ်တယ်။
အဲဒီအတွက် ပါလီမန်နဲ့ ကပ်လျက်မှာရှိတဲ့ အိမ်တစ်လုံးကိုငှားပြီး ပါလီမန်အောက်ဖက်ထိရောက်နေတဲ့ အဲဒီအိမ်ရဲ့မြေတိုက်ခန်းမှာ ယမ်းမှုန့်တွေကို တိတ်တဆိတ်သိုလှောင်ကြတယ်။
 ယမ်းမှုန့်စည်ပေါင်း ၃၆ စည်ရှိတယ်လို့ဆိုတယ်။
 ဖွင့်ပွဲမတိုင်ခင်ရက်တွေအတွင်းမှာ ဘုရင့်ဆီအမှုထမ်းနေတဲ့ ကက်သလစ်အမတ်တစ်ယောက်ဆီကို ကက်သလစ်အမတ်တွေအန္တရာယ်မဖြစ်စေချင်တဲ့အတွက် ပါလီမန်ဖွင့်ပွဲကိုမတက်စေလိုကြောင်း ဘယ်ကလာမှန်းမသိတဲ့စာတစ်စောင်ရောက်လာခဲ့တယ်။
 ယုံရကောင်းနိုး၊ မယုံရကောင်းနိုးဖြစ်နေရာကနေ နောက်ဆုံးမှာတော့ အဲဒီစာဟာ ဘုရင်ဂျိမ်းစ်လက်ထဲကိုရောက်သွားတယ်။ ဖွင့်ပွဲနေ့မနက်မှာပဲ ဘုရင့်အမိန့်နဲ့ ပတ်ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာဖွေတဲ့ စစ်သားတွေဟာ မြေတိုက်ခန်းထဲမှာ ယမ်းမှုန့်စည်တွေရယ်၊ မီးခြစ်ဆံတွေရယ်နဲ့ အချိန်ရောက်တာနဲ့ ဖောက်ခွဲဖို့အသင့်ဖြစ်နေတဲ့ ဖော့စ်ကိုမိသွားကြတော့တယ်။
ဖော့စ်ကို နာမည်ကျော်သိမ်းမြစ်ဘေးက လန်ဒန်မျှော်စင် (Tower of London) လို့ခေါ်တဲ့ တစ်ချိန်ကဘုရင်တွေနန်းစိုက်ခဲ့တဲ့ ရဲတိုက်ကြီး ( အခု Tower Bridge နားကရဲတိုက်) မှာ ချုပ်နှောင်ထားလိုက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းလို့ သူ့ရဲ့အကြံအစည်နဲ့ ပူးပေါင်းကြံစည်သူတွေကို မပေါ်မချင်းစစ်မေးတော့တာပေါ့။ နောက်ဆုံးမှာတော့ ပြင်းထန်၊ ရက်စက်လှတဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး၊ ကြံစည်ဖော်ကြံစည်ဖက်တွေရဲ့ နာမည်တွေနဲ့ သူတို့ အစီအစဉ်အားလုံးကို ထုတ်ပြောလိုက်ရတော့တာပါပဲ။
ဖော့စ် ကို နှိပ်စက်ခဲ့တဲ့အခန်းကို Guy Fawkes room လို့ခေါ်ပြီး ခုချိန်ထိ Tower of London မှာ သွားကြည့်နိုင်ပါသေးတယ်။
အဲဒီအချိန်က အင်္ဂလန်နိုင်ငံရဲ့ထုံးစံအရ ဘုရင်ကိုပုန်ကန်သူတွေကို ကြိုးဆွဲချပြီးဖြစ်စေ၊ ရေနှစ်ပြီးဖြစ်စေ၊ လေးစိတ်လေးပိုင်း ဖြတ်တောက်လို့ဖြစ်စေ စီရင်လေ့ရှိတယ်။ ပြစ်ဒဏ်စီရင်ခံရဖို့ စင်ပေါ်မှာစောင့်ဆိုင်းနေတုန်းမှာပဲ အရှင်လတ်လတ် ဗိုက်ကိုဖောက်၊ အူတွေဆွဲထုတ်ပြီး အသတ်ခံရမယ့်ဘေးကနေရှောင်ရှားဖို့ ဖော့စ်တစ်ယောက် စင်ပေါ်ကနေခုန်ချလိုက်ပါတော့တယ်။
ရလဒ်အနေနဲ့ကတော့ ဇက်ကျိုးပြီး ဇီဝိန်ချုပ်သွားတာပါ။
ဒါတောင် ဘုရင်က ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို လေးပိုင်းပိုင်းပြီး အင်္ဂလန်နိုင်ငံရဲ့အရပ်လေးမျက်နှာကို စံနမူနာအဖြစ် ပြသခဲ့ပါသေးတယ်။ အသက်ဆုံးရှုံးသွားတဲ့အချိန်မှာ ဂိုင်းဖော့စ်က အသက် ၃၅ နှစ်ပဲရှိပါသေးတယ်။ ကြံစည်ဖော်ကြံစည်ဖက် ၁၂ ယောက်ရှိတဲ့ထဲက ၄ ယောက်ပဲလွတ်သွားပြီး ကျန်တဲ့သူအားလုံး နည်းအမျိုးမျိုးနဲ့ အသတ်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ နိုဝင်ဘာ ၅ရက်နေ့ကို ကျေးဇူးတော်နေ့အဖြစ်ဘုရင်က သတ်မှတ်လိုက်ပြီး မအောင်မြင်တဲ့လုပ်ကြံမှုကြီးအပြီးနောက်တစ်နှစ် ၁၆၀၆ ခုနှစ် (မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတော် ညောင်ရမ်းမင်းလက်ထက်) ကစလို့လန်ဒန်သားတွေဟာ ပွဲလမ်းသဘင်တွေကျင်းပခဲ့ကြတယ်။
အဲဒီနေ့တွေမှာ ဖော့စ်ကိုကိုယ်စားပြုတဲ့ ကောက်ရိုး၊ အဝတ်စတွေ ဒါမှမဟုတ် စက္ကူ တွေနဲ့လုပ်ထားတဲ့ ပုံတူအရုပ်တစ်ခုကို မျက်နှာဖုံးတပ် လှည်းပေါ်မှာတင်ပြီး တစ်မြို့လုံးလှည့်ကြတယ်။ အဲဒီလို ကိုရိုးကားယားဝတ်စားထားတဲ့အရုပ်ကို Guy လို့ခေါ်ကြတယ် (ခုခေတ်မှာတော့ guy ဆိုတာ အမျိုးသားတွေကိုပုံမှန်သုံးနှုံးတဲ့အခေါ်အဝေါ်ဖြစ်နေပါပြီ)။ ကလေးတွေက guy အတွက် တစ်ကျပ်တစ်ပြားပေးကြပါဆိုပြီးပိုက်ဆံတောင်းကြတယ်။ နောက်ဆုံးမှာတော့ မီးပုံပွဲ (bonfire)ကြီးလုပ်ပြီး guy အရုပ်ရော၊ တစ်ခြားနိုင်ငံရေးသမားအရုပ်တွေပါပစ်ထည့်လို့ မီးရှို့လိုက်ကြတယ်။
မီးပုံပွဲ (bonfire) ဆိုတဲ့စကားလုံးက (bonefire ) ဆိုတဲ့စကားကလာတယ်။ ရှေးတုံးက စုန်းကဝေတွေကို မြေမှာမမြှုပ်ပဲ အရိုးပါကျွမ်းတဲ့ထိ မီးရှို့ပစ်ကြတဲ့ bonefire ဆိုတဲ့စကားလုံးကနေ bonfire အဖြစ်ရွေ့လျားလာတာဖြစ်တယ်။
 မီးရှုး၊ မီးပန်း၊ မီးပုံပွဲတွေက မပေါက်ကွဲလိုက်ရတဲ့ ဖော့စ်ရဲ့ ယမ်းမှုန့်တွေကို ကိုယ်စားပြုကြတယ်။
Guy Fawkes Day ကို နောက်ပိုင်းမှာ အင်္ဂလန်တစ်နိုင်ငံလုံးအနှံ့ကျင်းပကြပေမယ့် ဖော့စ်ကျောင်းနေခဲ့တဲ့ ယောက်နယ်က စိန့်ပီတာကျောင်းကတော့ အဲဒီပွဲကိုလုံးဝမလုပ်ပါဘူး။ ၁၉၂၈ နိုဝင်ဘာလကစလို့ ပါလီမန်ဖွင့်ပွဲမတိုင်ခင်တိုင်းမှာ ပါလီမန်အစောင့်တွေက မီးအိမ်တွေကိုယ်စီကိုင်ပြီး ခေတ်သစ် ဂိုင်းဖော့စ်တွေရဲ့ရန်ကိုကာကွယ်ဖို့ မြေအောက်ခန်းတွေမှာ ဗုံးတွေ၊ယမ်းမှုန့်တွေရှာတဲ့ အခမ်းအနားကို ကျင်းပလေ့ရှိကြတယ်။
၁၉၈၀ ခုနှစ်တွေမှာ Alan Moore နဲ့ David Lloyd ရေးဆွဲခဲ့တဲ့ V for Vendetta ရုပ်ပြဇာတ်လမ်းတွဲတွေထဲမှာ ဂိုင်းဖော့စ်မျက်နှာဖုံး (Guy Fawkes Mask ) ကို ဧရာမအပြုံး၊ ရဲရဲတွတ်နေတဲ့ ပါးနီးနှစ်ဖက်၊ပါးရဲ့တစ်ဖက်တစ်ချက်မှာ အပေါ်ကိုကော့တက်နေတဲ့နှုတ်ခမ်းမွှေးတွေ၊ပြီးတော့ ဒေါင်လိုက် အောက်ကိုချွန်ထွက်နေတဲ့ မုတ်ဆိတ်မွေး သေးသေးသွယ်သွယ်ရှည်ရှည်တို့နဲ့သရုပ်ဖော်ခဲ့တယ်။
 V for Vendetta က Guy Fawkes ရဲ့ဇာတ်လမ်းကို မဆိုစလောက်မှီငြမ်းတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်အနာဂတ်ကာလတစ်ခုမှာ ပြည်သူလူထုပေါ် ရက်စက်ဖိနှိပ်တဲ့အစိုးရကိုပုန်ကန်ဖို့ကြိုးစားတဲ့ တစ်ကိုယ်တော် မင်းမဲ့ဝါဒီတော်လှန်ရေးသမားတစ်ယောက်အကြောင်း။
ဒီနာမည်နဲ့ပဲ ၂၀၀၆ ခုနှစ်မှာ ရုပ်ရှင်အဖြစ်ထွက်လာတော့ အကြီးအကျယ်အောင်မြင်ခဲ့တယ်။ ဂိုင်းဖော့စ်မျက်နှာဖုံးဟာလဲ လူသိများသွားပြီး ၂၀၀၈ နောက်ပိုင်းမှာ  အစိုးရအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းနဲ့ လုပ်ငန်းကြီးတွေရဲ့ဝဘ်ဆိုက်တွေကို ဦးတည်တိုက်ခိုက်တတ်တဲ့ Anonymous လို့ခေါ်တဲ့ဟက်ကာအဖွဲ့ဝင်တွေကပါ  တပ်ဆင်သုံးစွဲလိုက်ကြတဲ့အခါ ပိုပြီးထင်ရှားကျော်ကြားလာတော့တယ်။ နောက်ပိုင်းမှာတော့ ဂိုင်းဖော့စ်မျက်နှာဖုံးဟာ ဖိနှိပ်သူကို ပုန်ကန်ရာမှာ သုံးစွဲတဲ့ သေကင်္တတစ်ခုအဖြစ် နိုင်ငံအသီးသီးက ဆန္ဒပြပွဲတွေမှာ တွင်ကျယ်လာတော့တယ်။
၁၇ ရာစုက ဂိုင်းဖော့စ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကနေအစပြုခဲ့တဲ့ဇာတ်လမ်းတစ်ခုက ၂၁ ရာစုကိုရောက်တဲ့အချိန်မှာ ဂိုင်းဖော့စ်မျက်နှာဖုံးနဲ့ ဂိုင်းဖော့စ်ပွဲတော်နေ့ဆိုပြီး အသွင်သဏ္ဍာန်အမျိုးမျိုး၊ အနှစ်သာရအမျိုးမျိုးပြောင်းလဲပြီး နှစ်ပေါင်း ၄၀၀ ကျော်ဆက်လက်တည်ရှိနေခဲ့တာပါ။
မောင်ဇိ ( 7th November 2015; 2:15am)
ကိုးကား။  ။
*http://www.telegraph.co.uk/ (Friday 06 November 2015 issue)
*http://www.history.com/news/guy-fawkes-day-a-brief-history
*https://anoninsiders.net/the-mask-46/
*http://www.nps.gov/fora/learn/education/unit-1-the-church-of-england-in-the-sixteenth-century.htm
*http://www.jorvik.co.uk/guy-fawkes/
*https://www.britannica.com/event/Gunpowder-Plot
other internet sources
______________________
မျိုးထက်နိုင် ( 7th November 2015; 2:15am)
ကိုးကား။  ။
Tuesday, November 3, 2015
ဆောင်းနဲ့စိတ်
တမ်းတမ်းတတ မေ့မရနှင့်
ဆို့နင့်ရင်မှာ ရှိလာခါလဲ
ဘဝရေစက် ဒီမှာပြတ်လို့
ပြတ်လျက်သာလေ ရှိနေစေဟု
ခိုင်ကြည်စိတ်ထား ငါပြတ်သားသည်
တစ်ခါသေက နားလည်ပြီ။
မြူ နှင်းခိုးဝေ ဆောင်းဆိုးပေသည်
အသားကိုစိုက် အရိုးခိုက်လျက်
ထိရှဒဏ်ချက် အိုဟောင်းထက်ပါ
ညှာတာမရှိ
တူးဆွဘိမို့
ခံရခက်သည့် ဒီရာသီ။
ကင်းပင်ကင်းငြား နာကားနာမို့
သံစဉ်ယောက်ယက် အတွေးဖျက်ကို
နေရာမပေး ကန်တော့သေးလျက်
လစ်တိုင်းဝင်တွယ်
အောင်ပွဲမျှော်လဲ
ဆုသာတောင်းလေ ရဦးမည်။
Monday, November 2, 2015
ရထားပေါ်က ကလေး၊ ရထားပေါ်ကလူကြီး
“မေမေ နောက်ဂျွမ်းထိုးတတ်လားဟင်” သုံးနှစ်၊ လေးနှစ်အရွယ်ကလေးငယ်လေးက မပီကလာ ပီကလာနဲ့မေးတော့ အမေက
“ဟင့်အင်း…မထိုးတတ်ဘူးသားရယ်။ သားရောထိုးတတ်လား”
သားက ရင်ကိုကော့ပြီး “ထိုးတတ်တာပေါ့…….သိပ်သိပ်လွယ်” ဆိုပြီး နောက်ဆုံး “သိပ်သိပ်လွယ်” ကို ဝင့်ကြွားသံအပြည့်နဲ့ဖြည်းဖြည်းချင်ဆွဲပြီး ပြုံးရွှင်စွာ ဖြေလေရဲ့ ။ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်နေတဲ့ကျွန်တော့အတွက် ဘေးကနေရာလွတ်မှာလာထိုင်တဲ့ သားအမိက စိတ်ဝင်စားစရာတစ်ခုဖြစ်လာပါပြီ။ မြေအောက်မှာပြေးနေတဲ့ရထားတစ်စီးပေါ်မှာ အင်တာနက်မမိ၊ ရှုခင်းမရှိဆိုတော့ လူအများစုက သတင်းစာတွေပဲဖတ်နေကြတာ၊ ဒါမှမဟုတ် ငြိမ်ငြိမ်သက်သက် ပျင်းပျင်းရိရိပဲ ထိုင်နေကြတာမဟုတ်လား။ သားရဲ့ မေးခွန်းတွေက အဆက်မပြတ် .…
“မေမေ ခြေထောက်ကို အကျယ်ကြီးကားပြီး ခြေထောက်အောက်ကနေ ကျောဘက်ကိုကုန်းကြည့်တာရော လုပ်တတ်လား” “မေမေ….” “မေမေ….”
“ပြီးတော့လေ မေမေ” စသည်ဖြင့် သူ့မေးခွန်းတွေက မရပ်မနား။ ကလေးသဘာဝလေးကို နှစ်နှစ်ခြိုက်ခြိုက်အပြုံးလိုက်မိမှာ ဖြတ်ကနဲခေါင်းထဲမှာပေါ်လာတာက ကျွန်တော့ကလေးဘဝလေး။ ကျွန်တော်ငယ်ငယ်ကလဲ အဲလိုပဲ။ တစ်ခုခု အသစ်အဆန်းတတ်လာရင် လူကြီးတွေကို အရမ်းပြချင် အရမ်းအံ့သြစေချင်ခဲ့တာ။ တစ်ခါတစ်လေ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်ပဲ ဥာဏ်ကောင်းလွန်းလို့ သိတာ၊ တတ်တာလို့ ထင်ချင်ထင်နေခဲ့သေးတာကလား။ လူကြီးစီး စက်ဘီးကြီးမှာ အလယ်တန်းအောက်ကို ကိုယ်လုံးသေးသေးလေးနဲ့ရှို၊ မြေကြီးကို ခြေထောက်နဲ့တွန်းလိုက်၊ စက်ဘီးမှာခိုစီးလိုက်လုပ်ရင်း တစ်ချိန်မှာ ဟန်ချက်သဘောတရားကို ခန္ဓာကိုယ်ကနားလည်အသွား၊ စက်ဘီးကိုမလဲအောင်စီးနိုင်သွားတဲ့အခါမှာ ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့ လားကွလို့ မာန်တက်ပြီး လူကြီးတွေကိုပြေးကြွားခဲ့ဘူးတယ်။ စာလေး၊ ဘာလေးဖတ်တတ်လာတဲ့အရွယ်ရောက်လာတော့ အသစ်အဆန်းအသစ်တစ်ခုခု သင်လာရပြီဆို အိမ်ကလူကြီးတွေ ဒါမျိုးမသိလောက်ဘူးချည်းဆိုတာမျိုးချည်းလဲ တွေးခဲ့မိဘူးတာပါပဲ။ တစ်ခါကလည်း ကလေးဘဝမှာပဲ၊ မကြားဖူးတဲ့ အင်္ဂလိပ်စာလုံးလေးတစ်ခုသိလာတော့ ကျောင်းဆရာလုပ်လာတဲ့ ဦးလေးတစ်ယောက်ကိုသွားပြီး ဒီစာလုံးသိသလားဆိုပြီး သွားစိန်ခေါ်ခဲ့သေးတာ။ ကလေးတစ်ယောက်အတွက်ကတော့ သူမမြင်ဖူး၊ မကြားဖူးတာတစ်ခုဆိုရင် သူများလဲမသိလောက်ဘူးဆိုတာမျိုးကိုး။ အရွယ်တွေရောက်လာ၊ လူကြီးဖြစ်လာတော့လဲ အဲလိုအတွေးမျိုးရှိတဲ့သူတွေနဲ့ ရံဖန်ရံခါဆက်ဆံရ၊ ဆရာအလုပ်ခံရရင် ကိုယ့်ကလေးဘဝက အမှားလေးကိုပြန်တွေးပြီး ခပ်ပြုံးပြုံးနဲ့ ခွင့်လွှတ်ပေးဖြစ်လာတယ်။ အရွယ်ရောက်မှုဟာ လူတိုင်းမှာ တစ်ပြေးညီ မဖြစ်တတ်သလို၊ တစ်ချို့ လူတွေမှာ လူကြီးဖြစ်လာပေမဲ့ နောက်ကျကျန်ခဲ့တတ်တဲ့ တွေးခေါ်မြော်မြင်ပုံနဲ့ အတ္တအစိတ်အပိုင်းတွေလဲရှိနေတတ်တယ်။ ဘယ်သူ့မှ မထိခိုက်ရင် ဒါမျိုးကိုခွင့်လွှတ်ပေးခြင်းဖြင့် ကလေးဘဝ ကလေးအတွေးနဲ့လုပ်ချင်ရာလုပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုနဲ့နှိုင်းလို့ နားလည်စာနာပေးရာရောက်မယ်၊ ကလေးဘဝက ကိုယ့်အပြုအမူလေးတွေကိုလဲပြန်ခွင့်လွှတ်ပေးရာရောက်မယ်လို့ ယူဆတာလဲပါတာပေါ့။ အတွေးမျှင်နောက်ကို ခက်သွက်သွက်လေးလိုက်နေတုံးမှာ ဆင်းရတဲ့ဘူတာမှာရထားရပ်လို့ ခတ်ဖျတ်ဖျတ်လေးဆင်းရပြန်တော့ ဟိုသားအမိက ကိုယ့်ရှေ့ မှာ။ “ထွက်ပေါက်သို့” ဆိုတဲ့ လမ်းညွှန်စာတန်းအတိုင်း မြွေလိမ်၊ မြွေကောက်မြေအောက်ဥမင်တွေတစ်လျှောက် လှေကားထစ်တွေကိုနင်းပြီးတက်လိုက်၊ ဆင်းလိုက်ကွေ့လိုက်ကောက်လိုက်နဲ့ ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်အုံထဲများရောက်နေလားလို့တောင် ထင်ရစေတဲ့ခရီးတစ်လျှောက် တွေးရင်း ငေးရင်းလျှောက်နေတုံးမှာ “ နှစ်ဆယ်၊ နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ်……..။ လှေကားထစ်တွေအားလုံးပေါင်း နှစ်ဆယ့်နှစ်ထစ်ရှိပြီ ”
ခပ်စူးစူး အသံလေးက အတွေးကို ဖောက်ဝင်လာလို့ လှမ်းကြည့်တော့ ဟိုသားအမိ။ တက်ကြွနေတဲ့ ကလေးလေးက အရာရာကို စူးစမ်းပြီး လေ့လာမှတ်သားနေပါပေါ့။ ကျွန်တော်လဲ ဟိုးငယ်ငယ် ကလေးဘဝတုံးက အဲလိုပဲ အသေးစိတ်ကလေးတွေကအစ အရာရာကိုသတိပြု မှတ်သားခဲ့ဖူးတယ်။ အိမ်နဲ့လမ်းထိပ်ကို ခြေလှမ်းဘယ်နှစ်လမ်းလှမ်းရင်ရောက်တယ်ဆိုတာက အထိ။ ရွှေဘိုဆိုတဲ့မြို့ ကလေးမှာနေခဲ့တုံးက ရွှေဘိုမြို့ ထောင့်စေတီဘုရားပွဲကိုမိသားစုနဲ့သွားရင်း မိဘတွေနဲ့ကွဲသွားတုံးက ကျွန်တော့အသက်က ၅ နှစ်လောက်။ ကိုယ့်ထက်သုံးပြန်လောက်အရပ်မြင့်တဲ့ လူကြီးတွေကြပ်သိပ်နေတဲ့ လူအုပ်ကြီးကြားထဲမှာ မိဘတွေနဲ့ အစ်ကို၊အစ်မတွေကိုရှာမတွေ့ခဲ့တော့တဲ့ကျွန်တော်၊ ဘုရားပွဲအဝင်ဝက မြင်းလှည်းဂိတ်ကိုတော့ ကံကောင်းထောက်မစွာ ကွေ့ပတ်ပြီးရောက်အောင်သွားနိုင်ခဲ့တယ်။ မြင်းလှည်းဆရာကို ကျွန်တော်နေတဲ့ရပ်ကွက်ကိုပြောပြီး လိုက်ပို့ခိုင်း၊ ရပ်ကွက်ထဲရောက်ရင် အိမ်ကိုကျွန်တော်ကလမ်းပြ၊ ပြီးရင် အိမ်မှာကျန်ခဲ့တဲ့ အဖွားဆီကမြင်းလှည်းခတောင်းပြီးပေးလိုက်မယ် ဆိုတာက ကျွန်တော့ရဲ့ မာစတာပလန်။ မှတ်မှတ်သားသားရှိခဲ့တော့ ဒုက္ခတွေ့တောင် အနည်းဆုံး အစီအစဉ်လေးတစ်ခုတော့ဆွဲနိုင်ခဲ့တာပေါ့။ကလေးဘဝမှာတော့ ပတ်ဝန်းကျင်ကို စူးစမ်းပြီး လေ့လာမှတ်သားမှုတွေ များခဲ့ကြတာပါပဲ။ ကလေးတစ်ယောက်အတွက် ထိတွေ့ရတဲ့ပတ်ဝန်းကျင်၊ ဆက်ဆံရတဲ့လူ၊ မှတ်သားရတဲ့ အသိပညာတွေကလဲ သိပ်အများကြီးမရှိသေးဘူးမဟုတ်လား။
မှတ်မှတ်သားသားနဲ့ သူ့အမေအထင်ကြီးအောင် လုပ်ပြနေတဲ့ ကလေးလေးကို ပြုံးကြည့်မိရင်း ကိုယ့်ဖုန်းနံပါတ်တောင် ကိုယ်မနည်းပြန်မှတ်နေရတဲ့အဖြစ်ကိုရယ်ချင်သွားမိတယ်။ ကိုယ်နေတဲ့အခန်းတောင် ၂ ထပ်နဲ့ ၃ထပ်မှားမှားတက်သွားတာတို့၊ သွားနေကြ ခရီးတစ်ခုကို အမှတ်တမဲ့ရထားမှားစီးတာတို့၊ ရင်းနှီးတဲ့လူတစ်ယောက်ကို ရုတ်တရက်နာမည်မေ့နေတာတို့က မကြာခဏဖြစ်တတ်တဲ့ အရာတွေဖြစ်လာပြီ။ သင်ယူစရာတွေကျတော့ရော။ ပတ်ဝန်းကျင်မှာ ကိုယ်စိတ်မဝင်စားတော့တဲ့အရာတွေက ပိုများလာတယ်။ မှတ်သားစရာတွေများလွန်းလို့ ဘယ်ဟာမှကို လိုက်မမှတ်ချင်တော့တာ။ ၁၀ တန်းအောင်၊ တက္ကသိုလ်တက်တဲ့ထိ မှတ်စုစာအုပ်လေးတွေထားပြီး တွေ့သမျှ၊ ဖတ်ဖူးသမျှထဲက စိတ်ဝင်စားတာလေးတွေကိုမှတ်သားထားခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကို အိမ်အပြန်စာအုပ်အဟောင်းပုံထဲမှာ ပြန်ရှာတွေ့တုံးက တအံ့တသြနဲ့ အထင်တောင်ကြီးခဲ့မိသေး။ ကိုယ့်ကိုယ်ကိုတောင် မေ့နေတာကြာပေါ့။ ကလေးဘဝမှာအရာရာကို စိတ်ဝင်စား၊ စူးစမ်း၊ မှတ်သားတတ်တာကို ဒီကလေးလေးက ပြန်သတိပေးလိုက်တာပဲ။ တွေ့ဆုံ၊ ဆက်ဆံ၊ ပြောဆိုခဲ့ရတဲ့လူတွေများလွန်းလို့ အရောရောအထွေးထွေးဖြစ်ကုန်တဲ့အခါမျိုးမှာမျက်နှာ တစ်ခါမြင်ဖူးရင် အမြဲမှတ်မိတတ်တဲ့ ကလေးတွေရဲ့ မှတ်ဥာဏ်မျိုးကို ပြန်လိုချင်မိတယ်။ ပြီးတော့ ဘယ်ဟာကိုမဆို စိတ်ဝင်စားမှုအပြည့်နဲ့ စပ်စုချင်တတ်တဲ့ စိတ်မျိုးကိုရောပေါ့။ အသက်အရွယ်နဲ့ အတွေ့အကြုံ အလျောက် တွေ့ရကြုံရတာတွေများလာတဲ့အချိန်မှာ အရာတော်တော်များများက ဆွဲဆောင်မှုအားနည်းသွားတယ်။ အကျိုးမရှိ၊ စိတ်ကိုသာပင်ပန်းစေတဲ့အရာတွေအတွက်လဲ အချိန်မပေးချင်တော့ဘူး။ ဘယ်မှမရောက်တဲ့ ရထားတစ်စီးပေါ်ကိုလုယက်ပြီးတက်စီးနေတဲ့သူတွေ၊ ရထားလမ်းပေါ်က လူတိုင်းတွေ့နေတဲ့ဘူတာဆိုင်းဘုတ်တွေကို ရထားတစ်စီးလုံးကြားအောင် ဘူတာစဉ် အော်ဟစ်ပြီးဖတ်တတ်သူတွေ၊ ရထားတစ်စီးလုံးပေါ်ကလူတွေ ဘယ်သူမှ ကိုယ့်လောက်ဘယ်ရထားဘယ်ရောက်လဲဆိုတာမသိဘူးလို့ သူများကိုထင်မှတ်ဆက်ဆံတတ်သူတွေ၊ ခဏတစ်ဖြုတ်ထိုင်စီးရတဲ့ ထိုင်ခုံလေးတစ်ခုအတွက် ပူပူလောင်လောင်ရန်ဖြစ်နေကြတဲ့သူတွေ မြင်ရတဲ့အခါ စိတ်ကပင်ပန်းတတ်လာတယ်။ ကျွန်တော်သဘောကျတာက သက်ကြီးရွယ်အိုနဲ့၊ ကလေးမိခင်၊ နာမကျန်းသူတွေကို ကိုယ်ချင်းစာတရားအပြည့်နဲ့ နေရာဖယ်ပေးတတ်သူတွေ၊ တိတ်တိတ်ဆိတ်ဆိတ် ရထားစီးတတ်ပေမယ့် မသွားတတ်၊ မလာတတ်သူတွေတွေ့လာရင် စေတနာအပြည့်နဲ့ ဂရုတစိုက်လမ်းညွှန်ပေးတတ်သူတွေ၊ ပြီးတော့ လိုအပ်လာရင် ရထားအတက်အဆင်းမှာ ဝန်စည်စလည်နဲ့လူတွေ ကလေးနဲ့လူတွေကို ဖေးမတတ်သူတွေ။ ဆယ်ကျော်သက်တုံးက ဆရာတွေကိုအမှားရှာပြီး ကိုယ်သိတာလေးနဲ့ထောက်ပြခဲ့တဲ့ကျွန်တော်မဟုတ်တော့ဘူး။ ဖတ်ထား၊ မှတ်ထားသမျှလေးနဲ့ လူပေါ်လူဇော်လုပ်ချင်ခဲ့တဲ့ကျွန်တော်မဟုတ်တော့ဘူး။ ကိုယ်လုပ်တာမှ အကောင်းဆုံးဆိုတဲ့စိတ်မျိုးနဲ့ ကျွန်တော် မဟုတ်တော့ဘူး။ တစ်ချို့ အရာတွေက သိထားပေမယ့် မပြောတာပိုကောင်းတယ်ဆိုတာသိလာခဲ့ပြီ။ ဗဟုသုတဆိုတာ ဥာဏ်ပညာအထိန်းအကွပ်မပါရင် မာနနဲ့ အဆိပ်အတောက်ကိုသာပေးတတ်တာလဲမြင်ခဲ့ဖူးပြီ။ ကျွန်တော်အကျွမ်းကျင်ဆုံးကိစ္စမျိုးကိုတောင် ကျွန်တော့ထက်ပိုကောင်းအောင်လုပ်နိုင်တဲ့သူမျိုးတွေလဲတွေ့ခဲ့ဖူးပြီ။
နှစ်ပေါင်းသုံးဆယ်သွားခဲ့တဲ့ခရီးမှာ ကျွန်တော်သိခဲ့တာတွေအများကြီး၊ အဲလိုပဲ မသိခဲ့တာတွေလဲအများကြီး။ နောက်ထပ်သွားနေရသရွေ့ ခရီးမှာလဲ သင်ယူစရာတွေအများကြီးကစောင့်နေဦးမှာ။ လောဘ၊ ဒေါသ၊ မောဟ၊ မာနနဲ့ အတ္တတွေအတွက် မပြောသင့်တဲ့အရာတွေကိုပြောမိလို့ နောင်တရမိမှာမျိုးတွေ တတ်နိုင်သလောက်နည်းသွားစေချင်ပြီ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တာတွေအများကြီး၊ ဖြစ်နိုင်တာတွေအများကြီးဆိုတဲ့အသိနဲ့ ဘာကိုမှသိပ်မအံ့သြတတ်တော့ပေမယ့် အရာရာကို တက်တက်ကြွကြွ စူးစမ်းလေ့လာမှတ်သားတတ်တဲ့ ဒီကလေးလေးရဲ့ စိတ်မျိုးကိုတော့ လိုချင်မိသေးတယ်။ ဘဝမှာ မကုန်ခမ်းနိုင်တဲ့သင်ယူစရာတွေ၊ လေ့လာစရာတွေအတွက် အမြဲအဆင်သင့်ဖြစ်နေဖို့က သူ့လိုအရာရာ စူးစမ်းမှတ်သားတတ်တဲ့ စိတ်မျိုးရှိဖို့လိုတယ်ဆိုတာ ဒီကလေးလေးက သတိပေးလိုက်တာပါပဲ။အဲ....... ကျွန်တော့လို နောက်ဂျွမ်းထိုးတတ်လားဆိုတာကတော့ ကျွန်တော်တို့ ဘယ်တော့မှ မမေးရမယ့် မေးခွန်းဖြစ်လိမ့်မယ်ထင်ပါတယ်။
Sunday, October 25, 2015
အေးလွန်းတဲ့တစ်နေ့
အလိုက်မသိတဲ့ ဗိုက်က နှိုးစက်သံပေးပြန်တယ်
ဖျော်သောက်စရာက ထုထည်ဖွဲ့နေတဲ့ ပျင်းရိငြီးငွေ့ခြင်းတွေ။
အအေးဓါတ်ကိုမောင်းထုတ်ဖို့ ပြတင်းတံခါးကိုအပိတ်
တက်ကြွခြင်းတွေထွက်ပြေးသွားတာကို အထင်းသား တွေ့လိုက်တယ်။
ကြိုးစားဖို့အော်နေတဲ့ အသံသေးသေးလေးကို လစ်လျူ ရှုရင်း
အမှောင်ကိုရှာဖွေမိတယ်။
ဧကစာရီ၊ solitude၊ အထီးကျန်၊ ဘာသာစကားတွေကွဲပေမယ့်
အဓိပ္ပါယ်ချင်းဆင်တယ်။
ဒုက္ခသစ္စာကို ဆင်ခြင်ရင်း
ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်တွေကို မသဒ္ဓါရေစာဖြည့်ဆည်းရပြန်တယ်။
ရှိမရှိ မသေချာတဲ့ မနက်ဖြန်အတွက်
လူတိုင်းအလုပ်များကြတယ်မဟုတ်လား။ ။
Tuesday, August 25, 2015
အိပ်မက်များ၏ မြစ်ဖျား
 သေးငယ်ကျဉ်းမြောင်းသည့် ကြယ်သီးပေါက်ကလေးထဲသို့ ကြယ်သီးကို ခက်ခက်ခဲခဲထိုးသွင်းနေသော အိုမင်းရင့်ရော်နေသည့် ခပ်တုန်တုန်လက်တစ်စုံကို ကျွန်တော်လက်ဖြင့် အသာအယာဖယ်ရှားလိုက်သည်။ ပြီးတော့ သန့်စင်သည့်လည်ကတုံးရှပ်အင်္ကျီ၏ ကြယ်သီးလေးများကို တစ်လုံးပြီးတစ်လုံး ကျွန်တော့်လက်များဖြင့်တပ်ပေးသောအခါ
“ ရပြီ၊ ရပြီ ငါ့မြေး။ အောက်ဆုံးကြယ်သီးနှစ်လုံးချန်ထား။ ပြန်ဖြုတ်တော့မခက်အောင်လို့”
 ဟု ခပ်လေးလေးဆိုလေသည်။ ပြီးတော့
“ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ၊
ဘေးအသွယ်သွယ်၊ ရန်အမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။
မရသေးသော စည်းစိမ်၊ဥစ္စာ၊ ရာထူး၊ ဂုဏ်သိန်တို့သည်ရခြင်း၊
ရပြီးသောစည်းစိမ်ဥစ္စာ ရာထူး ဂုဏ်သိန်တို့သည် တစ်နေ့တစ်ခြားဒီရေအလားသို့တိုးပွားနိုင်ခြင်းတို့ရှိကြပါစေ။
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတပ္ပ စတဲ့သူတော်ကောင်း ဥစ္စာ ခုနစ်ပါးနဲ့ပြည့်စုံကြပါစေ၊
သူတော်ကောင်းတရားများကို ကျင့်ကြံ ပွားများ ကြိုးစား အားထုတ်နိုင်သူများဖြစ်ကြပါစေ၊
အနုရုဒ္ဓါမထေရ်ကဲ့သို့ မရှိဟူသောစကား ဘယ်ဘဝမှ မကြားပါရစေနဲ့၊
အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ အပါယ်စသော ဘေးဒုက္ခတို့မှကင်းလွတ်ကြပါစေ ……………………………….
……………………………….”  
စသည်ဖြင့် အလွန် ရှည်လျားလှသော ဆုပေးစကားကို ဖြည်းဖြည်းချင်းရွတ်ဆိုသည်။ ကျွန်တော်လဲ ငြိမ်ပြီးနားထောင်ရင်း တစ်ချိန်က အင်မတန်ခွန်အားရှိခဲ့၊ သန်မာခဲ့သော်လည်း ခုတော့အရေးအကြောင်း၊ မှဲ့နီ၊မှဲ့နက်၊မှဲ့ခြောက်တို့ဖြင့်ပြည့်ကာ လျော့ရဲ အိတွဲနေပြီဖြစ်သာ ဘဘ၏ လက်ဖျံ၊ လက်ဖမိုး၊ လက်မောင်းတို့ကို လက်ဖြင့်နှိပ်နယ်ပေးနေမိသည်။ ဒီကြမ်းတမ်းသည့် လက်ဖဝါး၊ သန်မာသည့်လက်ဖျံ၊ တောင့်တင်းသည့်လက်မောင်းများသည် ကျွန်တော့တို့တွေ၏ ဘဝအစဖြစ်သည်။ ခုချိန်ထိ အဆီပိုမရှိ၊ ကျစ်လျစ်မာကျောနေသေးသည့် ဝမ်းဗိုက်သားနှင့် ကျယ်ပြန့်သည့်ရင်အုံတို့က ဘဘငယ်စဉ်က နှစ်ပေါင်းများစွာကြာအောင်  လယ်ယာအလုပ်၊ ခြံအလုပ်ကို အဘယ်မျှအပင်ပန်းခံ လုပ်ကိုင်ခဲ့ပြီး ကျွန်တော်တို့အနာဂတ်အတွက် မျိုးစေ့ကောင်းများချပေးခဲ့ကြောင်း သက်သေပြနေသည်။ အသားဖြူဖြူ၊ နှဖူးကျယ်ကျယ်၊ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်းနှင့် တစ်ချိန်က ချောမောခန့်ငြားခဲ့သော်လည်း ယခုတော့ဇရာ၏လက်ရာ အရေးအကြောင်းများဖြင့်ပြည့်နေပြီဖြစ်သည့် ဘဘ၏မျက်နှာကိုငေးကြည့်ရင်း ကျွန်တော်မကြာခဏမေးတတ်လွန်း၍ ဘဘကိုယ်တိုင်ပြောပြဖူးသော၊ အခြားသူများဆီမှတစ်ဆင့်လဲသိရသော ဘဘ၏ငယ်ဘဝ အကြောင်းက ခေါင်းထဲမှာပေါ်လာသည်။
ဘဘကို မွန်ပြည်နယ်မှာရှိသည့် ကျွန်းလေးတစ်ကျွန်းပေါ်က ရွာလေးတစ်ရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၉၃ နှစ်ခန့်ကမွေးသည်။ မွေးပြီး ဘဘသုံးလသားမှာ ဘဘ၏ အဖေဆုံးရှာသည်။ ထိုစဉ်က အသက်၂၅ နှစ်သာရှိသေးသည့် ဘဘ၏အမေမှာ နောက်အိမ်ထောင်မပြုတော့ဘဲ ဘဘအထက် အစ်မနှစ်ယောက်နှင့် ဘဘတို့ကို ယက်ကန်းခတ်၍ ရှာဖွေကျွေးမွေးသည်။ မုဆိုးမသား၊ ဘဘ အရွယ်ရောက်လာချိန်ထိ ဆင်းရဲသောကြောင့် ကိုယ်ပိုင်လယ်မရှိ သူများလယ်တွင် သူရင်းငှားလုပ်၍မိခင်ကို ပြန်ရှာကျွေးရသည်။ 
ရိုးသားဖြောင့်မတ်၍ အလုပ်အလွန်ကြိုးစားသော ဘဘကို လယ်ရှင်များကကြိုက်ကြသည်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ လောင်းကစားမလုပ်ပဲ အလုပ်ကိုသာကြိုးစားလုပ်သော ဘဘမှာ ကိုယ်ပိုင်လယ်လေးရှိလာသည်။ ဘုန်းတော်ကြီးကျောင်းတွင်သာ ပညာသင်ကြားခဲ့ရသော်လည်း ဘဘက ဘဝအတွက်အကျိုးရှိမည့်စာတွေကိုတော့ ဖတ်တတ်၊မှတ်တတ်သလို၊ မှတ်သားထားသည့်အတိုင်း ကျင့်လဲကျင့်သုံးတတ်သည်။  ကျွန်တော့်ကို သူမကြာခဏဆုံးမတတ်သည်က
 “ ဝီရိယတော ကိံနာမ န သိဇ္ဈတိ၊
ဝီရိယတော ဝီရိယရှိသူသည်၊ ကိံနာမ မအောင်မြင်ပဲ၊ န သိဇ္ဈတိ ဘယ်မှာရှိအံ့နည်း” ဟူ၍။
သူဖတ်ဖူးခဲ့သော ကြီးပွားချမ်းသာရေးစာအုပ်တစ်ချို့ မှ သူကြိုက်နှစ်သက်သောစာသားများကိုလည်းမှတ်သား၍ လိုက်နာပြီး လုံ့လထုတ်ကာ အားထုတ်ခဲ့ကြောင်းကျွန်တော့ကိုထုတ်ဖော်ပြောပြတတ်သည်။  
“ငါ့မြေး၊ ဘယ်တော့မှ လက်မလျှော့နဲ့။ ယောက်ျားဆိုတာအလုပ်လုပ်ရင် ဘယ်တော့မှအရှုံးမပေးရဘူး” ဟုကျွန်တော့ကိုကြုံတိုင်းဆုံးမတတ်သည်။ ဘဘသည် ဆုံးမသည့်အတိုင်း ကိုယ်တိုင်ကျင့်ကြံခဲ့သူလည်းဖြစ်သည်။ သားသမီး ခြောက်ယောက်နှင့် မိခင်မုဆိုးမကိုရှာဖွေကျွေးမွးရင်း အခက်အခဲပေါင်းများစွာကိုလက်မလျှော့ပဲ ဇွဲနှင့်ကျော်ဖြတ်ခဲ့သည်။ လယ်အလုပ်အပြင်၊ ရာဘာခြံများကိုပါ ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးရင်း ဇနီးသည်နှင့်အတူ မိသားစုကိုလုပ်ကိုင်ကျွေးမွေးခဲ့သည်။
ရိုးသားဖြောင့်မတ်မှု၊ အမြင်ကျယ်မှု၊ ကြိုးစားအားထုတ်မှု၊ ရပ်ရွာကလေးစားမှုတို့ကြောင့် ရွာသူကြီးအဖြစ်တင်မြှောက်ခံရသည်။ “ငါ အမြဲမှန်မှန်ပဲပြောတယ်၊ မဟုတ်တာမပြောဘူး။ သူများကိုလဲ မတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလာလုပ်လဲ ငါမခံဘူး” ဟုကျွန်တော့ကိုပြောပြတတ်သော လူဖြောင့်စိတ်တို လက်မြန်ခြေမြန်ကျွန်တော့အဖိုးကို ရွာတွင်လူအများကလေးစားကြသည်။ 
“ငါမှန်မှန်ပဲလုပ်၊ မှန်မှန်ပဲပြောပြီး မတရားတာကိုမကြိုက်မှန်းလူတွေသိတော့ ရွာမှာအေးချမ်းပါတယ်။ သူခိုး၊ ဓါးပြမရှိတော့ ရိုင်ဖယ်သေနတ်တွေလဲ တစ်ခါမှမသုံးရပါဘူး” ဟုသူ့ သူကြီးဘဝကအတွေ့အကြုံကို ကျွန်တော်မေးလျှင်ပြောပြတတ်သေးသည်။
သူ သူကြီးဘဝက သေနတ်ကိုင်ရသလားဟု ကျွန်တော်မေး၍ ရိုင်ဖယ်သေနတ်ကိုင်ရကြောင်း၊ ငါးလက်ကိုင်ခွင့်ရကြောင်း ရည်ညွှန်းပြောပြခြင်းဖြစ်သည်။
အဖေကို မမြင်ဖူးလိုက်သော ဘဘက သူ့သားသမီးများကို အလွန်ချစ်သည်။ ရွာကို လာတတ်သော နယ်ပိုင်၊ မြို့ ပိုင်များနှင့် နီးနီးကပ်ကပ်အလုပ်လုပ်ရတော့ ဒီလူတွေကို ဘာကြောင့် သူ ဆလံ ပေးရသလဲဆိုတာကို စောကြောသည်။ 
“ငါ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တယ်။ ဘယ်သူ့မှ ဆလံပေးရတာမကြိုက်ဘူး” ဟုပြောတတ်သူဖြစ်သည့် ဘဘက ထိုသူများမှာ ပညာတတ်ကြ၍ အဆင့်အတန်းမြင့်မြင့်နေရကြောင်းသွားတွေ့သည်။ ဒီတော့ သူ့သားသမီးများကိုလည်း ပညာတတ်များဖြစ်အောင် ပျိုးထောင်မည်ဟု ဆုံးဖြတ်သည်။
ဆုံးဖြတ်သည့်အတိုင်းပင် ရေရှည်စီမံကိန်းချ၍ ဆင်းရဲခက်ခဲသည့်ကြားမှ၊ ရွာမှလူတွေအမျိုးမျိုးတားကြ၊ ဖျက်ကြသည့်ကြားမှ သားသမီးများကို ပညာတတ်အောင်သင်စေသည်။ ထိုခေတ်က ထိုဒေသတွင် မည်သူမျှသားသမီးများကို ပညာဆုံးခန်းတိုင်အောင် သင်ကြားပေးလေ့မရှိ။
၃ တန်း ၄တန်းအောင်လျှင်ပင်ကျောင်းထုတ်၍ မိဘကို လယ်ထဲ၊ ယာထဲတွင်ကူညီစေကြသည်။
အမျှော်အမြင်ကြီး၍ ဝေးဝေးကိုကြည့်သော ဘဘကို “ဒီလူရူးနေလို့ သူ့ကလေးတွေကို ကျောင်းတက်ခိုင်းတာ။ ဘာလုပ်မှာလဲ………… သေစာရှင်စာတတ်ရင်တော်ရောပေါ့။ မိဘကို လယ်ထဲမှာလိုက်ကူခိုင်းပေါ့”ဟု ရွာရှိလူတစ်ချို့ က ကဲ့ရဲ့ ခဲ့ကြသည်။
ဘဘကတော့ ဂရုမစိုက်ခဲ့။ သူ့အလုပ်ကိုသာ သူကြိုးစားလုပ်ရင်း၊ စစ်စစ်စီစီသုံးစွဲရင်း ထူးချွန်သည့်သားသမီးများကို ရွာကျောင်းကုန်လျှင် မြို့ ကျောင်း၊ ထို့နောက် တက္ကသိုလ်ပညာပြီးဆုံးသည်ထိ  ကျောင်းထားပေးခဲ့သည်။
ဒီကျေးဇူးတွေက သူ့သားသမီးများပေါ်မှာသာမက မြေးများဖြစ်သည့် ကျွန်တော်တို့အပေါ်မှာပါရှိသည်။
အတန်းပညာမသင်ခဲ့ရသော်လည်း တွေးခေါ်တတ်သည့် ဘဘ၏ အပင်ပန်းခံ၊ အနစ်နာခံကြိုးစားခဲ့မှုများကြောင့်သာ ကျွန်တော့မှာ ပညာကောင်းစွာသင်ယူခွင့်၊ အသိပညာ အတတ်ပညာများဆည်းပူးလေ့လာခွင့်၊ နေရာဒေသမရွေး လူအများနှင့်ပြောဆိုဆက်ဆံလုပ်ကိုင်နိုင်ခွင့်သာမက၊ ကျွန်တော့ အိပ်မက်များကို လိုက်လံဖမ်းဆုပ်နိုင်ခွင့်ထိ ရခဲ့ခြင်းဖြစ်သည်။
ဖေဖေက ဘဘနှင့်အမေကြီးကို အိမ်တွင်ခေါ်ထားသောကြောင့် အတူနေရ၍ရင်းနှီးခြင်းအပြင်၊ ဒီကျေးဇူးတွေကိုသိမြင်မိ၍ တတ်နိုင်သမျှ အဖိုး၊ အဖွားကို ကျွန်တော်ဂရုစိုက်ဖြစ်သည်။ အပြင်မှပြန်လာလျှင် ဘဘကြိုက်တတ်သည်များကို ကျွန်တော်ဝယ်လာစမြဲ။ ဝယ်လာသည်များကို စား၍ကောင်းသည်ဟု ဘဘဆိုလျှင် ကျွန်တော်ကျေနပ်မြဲ။ ဘဘကလဲသူ့ကိုသူများကန်တော့ထားသည်များရှိလျှင်ကျွန်တော့ကိုကျွေးမြဲ၊ ကျွန်တော်ကလည်း ဘဘတရားမထိုင်သောအချိန်များတွင် အားလျှင်အားသလိုဘဘအခန်းထဲဝင်၍ ဘဘနှင့်စကားစမြည်ပြောဖြစ်မြဲ။ကျွန်တော် ရပ်ဝေး၊ နယ်ဝေးတွင်ရှိနေလျှင် ဘဘက အမြဲမေတ္တာပို့ပေးတတ်ကြောင်းလဲပြောသည်။ ဒီလိုနှင့် အမေးအမြန်းထူသောကျွန်တော်နှင့် စကားနည်းသောဘဘတို့ ပို၍၊ ပို၍နီးကပ်လာကြသည်။ ကျွန်တော်အခါအခွင့်သင့်၍ အိမ်ပြန်လာလျှင် ကျွန်တော်ဘယ်လောက်ငြင်းငြင်း ဘဘက မုန့်ဖိုးပေးမြဲ၊ ဆုံးမစကား၊ အားပေးစကားတွေပြောမြဲ။ တစ်ခါထက် တစ်ခါ၊ တစ်နှစ်ထက်တစ်နှစ်ကျွန်တော်ပြန်လာတိုင်း ဘဘက အားနည်းနည်းသွားသည်။ အစားအသောက်နည်းနည်းလာသည်။ ပိုပိုပြီး အိုလာသည်။ ကျန်းမာရေးကောင်းသော်လည်း အရင်လောက်မသန်မာတော့။
အဝေးကိုသွားမည်ဟု ကျွန်တော်ဆုံးဖြတ်စဉ်ကတည်းက အိမ်ကိုလွမ်းသည်၊ အိမ်နှင့်အဝေးမှာရင်ဆိုင်ရသော အခက်အခဲများကြောင့်အားငယ်သည် ဟူ၍ဘယ်တော့မှ မညည်းညူ ရန်၊ ဖြစ်လာသမျှ၊ ကြုံလာသမျှကို ရင်ဆိုင်ရန်ကျွန်တော်ပိုင်းဖြတ်ပြီးဖြစ်သည်။ ပြဿ     နာ အခက်အခဲမှန်သမျှကိုလဲ နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံဖြေရှင်းခဲ့သည်ချည်းဖြစ်သည်။ တစ်ခါမျှအိမ်ကို လှမ်းမတိုင်ဖူးခဲ့။ ပြဿ     နာများနှင့်ရင်ဆိုင်နေရကြောင်း ကြွေးကြော်လေ့မရှိခဲ့။ သို့သော် တစ်ရက်မှာတော့ ဘဘကို ကျွန်တော်အိပ်မက် မက်သည်။ အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က ဘဘဆုံးပြီးဟု လာပြောခြင်းဖြစ်သည်။ ကျွန်တော် အိပ်မက်ထဲတွင်ပင် ဘဘရှိရာသို့ချက်ချင်းလိုက်သွားသည်။ ဘဘကိုထားသည့်ကုတင်နားကိုရောက်တော့ ဘဘက ထထိုင်နေသည်ကိုတွေ့ရသည်။ “ ငါ့မြေးကို ဘဘစောင့်နေတာ” ဟုလည်းပြောသည်။ ကျွန်တော်ဖြေမဆည်နိုင်ခဲ့။ အိပ်မက်ထဲမှာပင် ဘဘကိုဖက်၍ သည်းထန်စွာငိုမိသည်။ ငိုရင်းနှင့်ကျွန်တော်လန့်နိုးလာသည်။ မျက်ရည်များက ကျွန်တော့မျက်လုံးထဲမှစီးကျ၍ ကျွန်တော့မျက်နှာပေါ်တွင်အပြည့်။ စိတ်ပူလွန်း၍ ကျွန်တော်အိမ်ကို ချက်ချင်းဖုန်းဆက်သည်။ ဘဘ နေကောင်းသည် ဟုအိမ်ကပြော၍ ဘာကြောင့်စိတ်ပူကြောင်းတဆက်တည်းမေးတော့ ကျွန်တော့အိပ်မက်အကြောင်းကိုပြောဖို့ ကျွန်တော်ပြောမထွက်ခဲ့။ ရင်ထဲတွင်စို့နေခဲ့ပြီး ရှိုက်ကြီးတငင်သာငိုကြွေးခဲ့မိသည်။ ဘဝတွင် ပထမဆုံးအကြိမ် အိမ်နှင့်ဖုန်းပြောစဉ် ငိုဖူးခြင်းဖြစ်သည်။ ဘဘ အပေါ်ကျွန်တော်ဘယ်လောက်သံယောဇဉ်ကြီးကြောင်းလည်းသိလာရသည်။ ဖုန်းပြောလိုသော်လည်း နားသိပ်မကောင်းတော့သည့် ဘဘအသံကိုသာနားထောင်ခဲ့ရသည်။ အပြန်အလှန်စကားပြောရန်ခွင့်မသာခဲ့။ဘဘရှိနေစဉ် တတ်အားသရွေ့ ပြုစုစောင့်ရှောက်သွားချင်သေးသည်။
ကျွန်တော်အိမ်ပြန်ခွင့်ရချိန်တွင် ဘဘကို ဖေဖေနှင့်အတူမကြာခဏရေချိုးပေးဖြစ်ခဲ့သည်။ သားအဖနှစ်ယောက် ဘဘကို ရေခပ်နွေးနွေးဖြင့်ရေချိုးပေးကြခြင်းပင်။ ဘဘက သန့်သန့်ပြန့်ပြန့်နေတတ်၍ နေ့တိုင်းရေချိုးရမှ ကျေနပ်သူဖြစ်သည်။ အမြဲ လည်ကတုံးအင်္ကျီနှင့်လုံခြည်ကိုသပ်သပ်ရပ်ရပ် ဝတ်တတ်သူဖြစ်သည်။ ခုတော့အရင်ကလို သူ့ဟာသူရေချိုးမှာကို ကျွန်တော်တို့ စိတ်မချတော့။ ချော်လဲသွားမှာ၊ မူး၍လဲကျသွားမှာစိုးရိမ်ကြ၍ဖြစ်သည်။ ကျွန်တော်တို့သားအဖနှစ်ယောက် ဘဘကို ရေလောင်းပေးကြ၊  ဆပ်ပြာတွေတိုက်ပေးကြ၊ ချေးတွေတွန်းပေးကြနှင့် ပြုစုကြသည်။ ဘဘကလဲ ထုံးစံအတိုင်း သာဓုခေါ်ကာ ဆုတွေ တစ်သီတစ်သန်းကြီးပေးသည်။ ပြီးတော့ ဘဘကို ရေလဲပုဆိုးလဲပေးကာ ဖေဖေ၏ “သား၊ ဘဘကိုအိမ်ပေါ်ကိုခေါ်သွားတော့” ဟုဆိုသည့်စကားနှင့်အတူ ဘဘကိုင်နေကျ လက်ကိုင်တုတ်လေးကိုလက်ထဲထည့်ပေးရင်း၊ တစ်ဖက်မှလည်းဘဘကိုတွဲကာ အိမ်ပေါ်သို့တက်ခဲ့သည်။ ဘဘက ရေချိုးခန်းမှာထက် အိမ်အောက်မှရေကန်တွင်ရေချိုးရသည်ကိုနှစ်သက်၍ ကျွန်တော်တို့တွေဘဘကို ရေကန်တွင်ရေချိုးပေးကြခြင်းဖြစ်သည်။ ကျွန်တော်ကအိမ်ပေါ်ရောက်လျှင် ဘဘကို တဘက်တစ်ထည်ဖြင့် တစ်ကိုယ်လုံးရေခြောက်အောင်သုတ်ပေး၊ အဝတ်အစားကူညီဝတ်ပေး၊ ကြယ်သီးများတပ်ပေးလုပ်ရဦးမည်။ ဖေဖေကလေးဘဝငယ်စဉ်က ဘဘတို့ပြုပေးခဲ့သောဝတ်၊ ကျွန်တော်ငယ်စဉ်က ဘဘတို့ပြုပေးခဲ့သောဝတ်များကို ပြန်ဖြည့်ပေးရခြင်းဟု ဆင်ခြင်မိသည်။ ဘဘစိုက်ခဲ့သည့်အပင်မှ အသီးများကို ဘဘ စားနေရပြီ။
အိမ်ပေါ်သို့လှမ်းတက်ခါနီးတွင် ရေချိုးရန်ပြင်ဆင်နေသော ဖေဖေ့ကို ကျွန်တောပြုံးစိစိနှင့် လှည့်မေးမိသည်။“ဖေဖေ၊ သားဖေ့ဖေ့ကိုရော ရေချိုးပေးရမလား” ဟူ၍။ ဖေဖေက ရယ်မောရင်းပြန်ဖြေသည်က
 “ခုတော့ မလိုသေးဘူးသားရယ်၊ နောက်မှပေါ့” ဟူ၍ပင်။ သံသရာစက်ဝန်းဆိုသည်မှာ အမြဲမပြတ်လည်ပတ်နေသည့် သဘောကို ကျွန်တော်သိထားခဲ့သည်မှာ ကြာခဲ့လေပြီ။ သည်လိုနှင့် တစ်နေ့တွင် ဖေဖေရော၊ ကျွန်တော်ရောပါ၊ ကျွန်တော့အိပ်မက်များ၏မြစ်ဖျားခံရာ ဘဘကဲ့သို့ အိုကြရဦးမည်။။
Thursday, June 4, 2015
ကြောင်ကလေးက နားရွက်နှစ်ဖက်ကိုပေ၊ မျက်မှောင်ကြီးကိုကြုံ့ ၊ အမြှီးကြီးကိုဖွပြီး ငုတ်တုတ်ထိုင်ရင်း သူ့ရှေ့ က ပြောင်စပ်စပ်နဲ့ခွေးဖြူကြီးကို သင်္ကာမကင်းစူးစူးစိုက်စိုက်ကြည့်နေတယ်။
Sunday, May 31, 2015
အင်္ဂလန်နဲ့ ဥရောပက ပြည်ကြီးသားတွေ
အင်တာနက်မှာ လူတွေရေးကြတဲ့ကိစ္စတွေမှာ တွေ့တွေ့နေတာက ပြည်ကြီးတရုတ်ကိုဘယ်လိုဆော်၊ ဘယ်လိုချဆိုတာမျိုး၊ ပြည်ကြီးတရုတ်တွေကို အကုန်မောင်းထုတ်တို့၊ တရုတ်နဲ့ အဆက်အဆံမလုပ်နဲ့တို့၊ အဲဒါတွေတော်တော်များတယ်။ ကျွန်တော်တို့လူမျိုးတွေ အမြင်တော်တော်ကျယ်ဖို့၊ ကမ္ဘာနဲ့အဝှမ်းဖြစ်နေတာတွေသိဖို့နဲ့၊ ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်တတ်ဖို့လိုသေးတယ်ထင်လို့ ကျွန်တော်ကြုံတွေ့ခဲ့တာလေးတွေနဲ့ယှဉ်ပြီး ဒီစာကိုရေးလိုက်တာပါ။
မြန်မာပြည်မပြောနဲ့၊ အင်္ဂလန်နိုင်ငံလိုမျိုးမှာတောင် တရုတ်ပြည်မကြီးကကျောင်းသားတွေ အုံနဲ့ကျင်းနဲ့ရှိတယ်။အင်္ဂလန်မှာကျောင်းတက်နေတဲ့ ဘွဲ့လွန်တန်းကျောင်းသားတွေထဲမှာ ပြည်ကြီးတရုတ်က ၂၀ ရာနှုန်းကျော် ( အင်္ဂလန်နိုင်ငံသား ကျောင်းသားဦးထက်နည်းနည်းပဲလျော့) ပါတယ်လို့ ၂၀၁၄ ဧပြီလထဲမှာထုတ်တဲ့ daily mail သတင်းစာမှာပါတယ်။ နောက် ဘွဲ့တန်းတက်နေတဲ့ကျောင်းသားတွေ၊ foundation၊ A level ဘာညာနဲ့ဆို တရုတ်ပြည်မကြီးက ကျောင်းသားတွေ အင်္ဂလန်မှာတော်တော်များတယ်။ ကုန်ကုန်ပြောရရင် တရုတ်သံဝဲဝဲ၊ အင်္ဂလိပ်စကားနဲ့ စာသင်နေကြတဲ့ တရုတ်လူမျိုးပါမောက္ခတွေတောင် တက္ကသိုလ်တွေမှာအများကြီး။ အဓိက ကတော့ တရုတ်ပြည်ကြီးက ချမ်းသာတဲ့သူတွေတဖြည်းဖြည်းများလာလို့ ဒီနိုင်ငံမှာတော်တော်များများကျောင်းလာတက်နိုင်ကြတာ။ နောက်တစ်ကြောင်းက အဲဒီကပြီးတဲ့ဘွဲ့တွေနဲ့ အင်္ဂလန်နိုင်ငံမှာ ဘွဲ့လွန်တန်းလျှောက်ဖို့ အဆင်ပြေတာလဲပါတယ်။ တရုတ်ပြည်မကြီးက ဘေဂျင်းတက္ကသိုလ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၁၀၀ စာရင်းမှာပါတယ်။ အင်္ဂလန်ကကျောင်းတစ်ချို့ နဲ့ချိတ်ထားပြီး အပြန်အလှန်ကျောင်းသားလဲတာတွေဘာတွေတောင်ရှိတယ်။ 
တရုတ်ကျောင်းသားတွေက သချာင်္တို့ ၊ရူပဗေဒတို့တော်ပေမယ့်တော်တော်များများက အင်္ဂလိပ်စာညံ့ကြတယ်။ ကျွန်တော့် သူငယ်ချင်းပြည်ကြီးတရုတ်မတစ်ယောက်ဆို IELTS band 6 လောက်ရအောင် ၇ ခါလောက်စာမေးပွဲဖြေလိုက်၊ ကျူရှင်တက်လိုက် လုပ်ခဲ့ရတယ်ပြောတယ်။သူတို့နဲ့ယှဉ်ရင်မြန်မာတွေက အရေးနဲ့အဖတ်မှာမညံ့တော့ အပြောနဲ့ နားထောင်တာကို ကျင့်လိုက်ရင် အတန်အသင့် ပြောနိုင်၊ နားလည်ပါတယ်။ အောင်မယ်...အဲဒီပြည်ကြီးတရုတ်တွေက အင်္ဂလိပ်စာသာမကျွမ်းကျင်တာ၊ ပေါ့သေးသေးမထင်နဲ့။ ကျွန်တော် ဒီဇင်ဘာမှာ ဥရောပသွားတုံးကဆို ကမ္ဘာလှည့်ခရီးသည်တော်တော်များများက ပြည်မကြီးကတရုတ်တွေ (ကျန်တဲ့အချိန်တော့မသိဘူး) ။တစ်ခါတစ်လေ ရထားတစ်တွဲလုံး မန်ဒရင်းတရုတ်စကားပြောသံကို ညံလို့။ သူတို့က ငွေရှိတော့ ဘဏ်ကတ်လေးကိုင်ပြီး နေရာအနှံ့အကြောက်အလန့်မရှိသွားနိုင်ကြတယ်။ အဲဒါအပြင် တရုတ်တွေက သွားလာခဲ့သမျှကို သူတို့တရုတ်ဝဘ်ဆိုက်တွေမှာ အသေးစိတ်တင်ကြတယ်။ ဒီတော့ သွားချင်တဲ့သူတွေက အဲဒီလမ်းညွှန်တွေထဲက အကောင်းဆုံးဆိုတာတွေကိုရွေးပြီး အဲဒီထဲက ညွှန်ကြားချက်တွေအတိုင်းလိုက်လုပ်တော့ အခက်အခဲမရှိသွားလာနိုင်ကြတယ်။ ဘယ်ကိုသွားရင် ဘယ်ရထားစီး၊ ဘယ်လောက်ကျတယ်။ ဘယ်ကိုဆိုရင် ဘတ်စ်ကားနဲ့က သက်သာတယ်။ ဘယ်ဟိုတယ်က ဈေးသက်သာပြီး ဟင်းချက်စားလို့ရတယ်။  ဘယ်မြို့ တွေမှာဆို ဘယ်ရက်တွေမှာ ဘာပွဲတွေရှိတယ် စသည်ဖြင့် အသေးစိတ်ကို ရေးတင်ထားကြတာ။ ပြီးတော့ ဥရောပနိုင်ငံတွေမှာက အင်မတန်ကောင်းမွန်တဲ့ ဘဏ်စနစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူနေမှုစနစ်နဲ့၊ လုံခြုံစိတ်ချမှုပေးနိုင်တဲ့ အစိုးရစနစ်တွေရှိတာလဲပါတာပေါ့။ ဒီတော့ ငွေရယ်၊ လမ်းညွှန်ကောင်းကောင်းရယ်ရှိတဲ့ တရုတ်တွေက စည်းစနစ်အင်မတန်ကျနပြီး အစစအရာရာလွယ်ကူအဆင်ပြေအောင်လုပ်ထားတဲ့နိုင်ငံတွေမှာ နိုင်ငံခြားဘာသာစကားကို ကောင်းကောင်းမကျွမ်းကျင်ပဲ၊ ဧည့်လမ်းညွှန်မပါပဲ ရဲရဲရင့်ရင့်သွားလာနေတာမဆန်းဘူး။ ဥရောပသားအဖြူတွေကိုယ်တိုင်က ပိုက်ဆံရတော့ ဒီပြည်ကြီးတရုတ်တွေကို ဝန်ဆောင်မှုပေးရတာပဲ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ဘဏ်ကတ်တွေသုံးစွဲပြီး သွားလာနေထိုင်နေတဲ့တရုတ်တွေအများကြီးတွေ့ရတယ်။
ရယ်စရာတစ်ခုပြောရရင် ကျွန်တော်ဆွီဒင်က မြို့ လေးတစ်မြို့ကိုရောက်တုံးကပေါ့။ ဟိုတယ်တစ်ခုကိုရောက်တော့ ထုံးစံအတိုင်း wifi password တောင်းလိုက်ရော။ ဟိုတယ်က ဥရောပသားတွေပိုင်တဲ့ ဥရောပဟိုတယ်ပါ။ အဲဒီမှာ ဟိုတယ်က wifi password ကဘာလို့ထင်တုံး။ Mandarin တဲ့ဗျာ။ ကဲ..တရုတ်တွေ ဘယ်လောက်တည်းတယ် မတည်းတယ် အဲဒီမှာသာကြည့်တော့။ ကျွန်တော့မှာ အဲဒီအကြောင်းကို တစ်နေ့စာထဲမှာတောင်ထည့်ရေးသင့်တယ်လို့တွေးပြီး ရယ်လိုက်ရတာ။ နောက် ပြည်မကြီးတရုတ်တွေလုပ်တာတစ်ခုက ဘယ်နိုင်ငံကိုရောက်ရောက်၊ အဲဒီနိုင်ငံက တစ်ခါသုံး sim card နဲ့ အင်တာနက်ကို အရင်ဆုံးဝယ်ကြတယ်။ ဈေးလဲသက်သာတာကိုး။  (ဒါကတော့ မြန်မာနိုင်ငံမှာလဲ ဝယ်လို့ရနေပါပြီး။ နှေးတာလေးနဲ့ နေရာတိုင်းမမိတာလေးတစ်ခုပဲ)လူကွဲသွားရင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့နဲ့ အင်တာနက်ကတရုတ်ဝဘ်ဆိုက်မှာလမ်းညွှန်ကြည့်ဖို့ရယ်၊ အင်တာနက်ကနေမြေပုံကြည့်ပြီး သူတို့လိုချင်တဲ့နေရာကိုမြို့ ထဲမှာရှာပြီးသွားဖို့ရယ်။ ဘယ်လောက်အဆင်ပြေလဲ။
ထပ်သိလာရတာက ဆွီဒင်တို့ဘာတို့လို ဥရောပကမြို့ တွေမှာလဲ တရုတ်ပြည်မကြီးကကျောင်းသားတွေရှိတယ်ဆိုတာပဲ။ ကျွန်တော်တို့မြန်မာတွေ အများကြီးလုပ်ရဦးမယ်။ ဝါးလုံးခေါင်းထဲမှာလသာ၊ နွားခြေရာခွက်ထဲက ဖားသူငယ်လုပ်ပြီး ကိုယ်သိသလောက်လေးနဲ့ တောင်အော်မြောက်အော်၊ တောင်ပြောမြောက်ပြော ပြောနေလို့မရတော့ဘူး။ တရုတ်ပြည်မကြီးကလူတွေက နိုင်ငံတကာအတွေ့အကြုံတွေရှိနေပြီ။ ပိုက်ဆံရှိပြီး နိုင်ငံတကာက ယဉ်ကျေးမှုတွေကိုနားမလည်ပဲ လိုချင်တာမရလို့ လေယာဉ်မယ်ကိုရေနွေးနဲ့ပက်တဲ့ပြည်ကြီးတရုတ်တို့၊ မြန်မြန်အောက်ရောက်အောင် လေယာဉ်ရပ်တာနဲ့ အသက်ကယ်တံခါးဖွင့်ဆင်းတဲ့ ပြည်ကြီးတရုတ်တို့ စသည်ဖြင့်ကတော့ရှိမှာပဲလေ။ လူဦးရေများတော့ ပိုက်ဆံရှိခါစမှာ ငွေကလွဲလို့ ဘာမှနားမလည်တဲ့တရုတ်တွေလဲရှိမှာပေါ့။ ဒါပေမယ့် နောက်ထပ်မျိုးဆက်တစ်ခုကျရင်အဲလိုမဟုတ်တော့ဘူး။ အင်္ဂလန်၊ အမေရိကန်၊ ဥရောပပြန် အတွေ့အကြုံများ၊ ပညာတတ်၊ ငွေရှိတရုတ်တွေဖြစ်လာတော့မယ်။
ပညာတတ်ဆိုလို့ နာက်ထပ်ဟာသတစ်ခုပြောရဦးမယ်။ ကျွန်တော့သူငယ်ချင်းတရုတ်တစ်ယောက်က အင်္ဂလိပ်စာမကျွမ်းကျင်တော့ ကျောင်းက အစီရင်ခံစာရေးခိုင်းတာကို ဘယ်လိုရေးရေး အမှတ် ၅၀ ကမတက်ရှာဘူး။ ဆရာကလဲ မကြိုက်တိုင်း ပြန်ရေးခိုင်းပေါ့ဗျာ။ နောက်ဆုံးမှာ သူကဘယ်လိုလုပ်လိုက်လဲဆိုတော့ တရုတ်လိုရေးလိုက်ပြီး တရုတ်ကနေအင်္ဂလိပ်ဘာသာပြန်ဝဘ်ဆိုက်ကို သုံးလိုက်တာ အမှတ်ကောင်းရသွားသတဲ့ဗျာ။တရုတ်တွေ ကမ္ဘာမှာအောင်မြင်နေတဲ့နည်းလမ်းတွေထဲကတစ်ခုပဲဆိုပါတော့။
တရုတ်ချီးမွမ်းခန်းဖွင့်ချင်လို့ ဒါတွေပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာ အဓိကနှစ်ချက်ရှိတယ်။ ပထမတစ်ခုက အနောက်နိုင်ငံတွေမှာပညာသင်တဲ့ ကမ္ဘာ့ ဗဟုသုတတွေစုဆောင်းနေတဲ့ ပြည်မကြီးသားတရုတ်တွေ အင်မတန်များတယ်ဆိုတာရယ်၊ အနောက်နိုင်ငံသားတွေ၊ ဥရောပသားတွေကိုယ်တိုင်က ဒီခရီးသွားတရုတ်တွေကိုဝန်ဆောင်မှုပေးနေရပြီဆိုတာကို သိစေချင်လို့ရယ်ပါ။ တကယ်တမ်း အင်္ဂလန်ကလဲ တရုတ်ကျောင်းသားတွေဆီကကျောင်းလခတွေနဲ့စီးပွားရှာစားနေတာပဲ။ ကျွန်တော်တို့လူမျိုးက မျက်စိမှိတ်ပြီး တရုတ်မုန်းကြောင်းကုန်းအော်နေမယ့်အစား မျက်စိဖွင့်နားဖွင့်နဲ့ တစ်ကမ္ဘာလုံးမှာ ဘာတွေဖြစ်နေလဲသိသင့်တယ်။ (အိမ်နီးနားချင်းဆိုတာကရွေးချယ်လို့မရတဲ့အတူတူ၊ မပက်သက်လို့မရတဲ့အတူတူ )အမှီလိုက်ဖို့ကြိုးစားရင်း မျှမျှတတ၊ သမာသမတ်ကျကျတွေး၊ ပြည်ကြီးတရုတ်တွေ ဗိုလ်ကျ၊လူလည်ကျတာကို မခံရအောင်မှန်ကန်တဲ့နည်းစနစ်တွေနဲ့ကာကွယ်ရင်း သူတို့ဆီက အမြတ်ပြန်ရအောင်ယူသင့်တယ်။ သိထားရမှာကဒီလူတွေက အဖြူတွေကြားမှာတောင် လူတွင်ကျယ်လုပ်နေနိုင်ပြီဆိုတာပဲ။ ကျွန်တော့သူငယ်ချင်း လူဖြူကျောင်းသားတစ်ယောက်ကို အရှေ့ တိုင်းတွေမှာ အဖြူတွေကို အင်မတန်အထင်ကြီးကြကြောင်းပြောပြတော့ သူက ဘာပြန်ပြောလဲဆိုတော့ အေး...ငါတို့ တရုတ်တွေအပေါ်မြင်သလိုပဲနေမှာပေါ့တဲ့။ ငါတို့ဆိုလဲ တရုတ်တွေကိုစာတော်တယ်ဆိုပြီး အထင်ကြီးကြတယ်တဲ့။ အဲဒီလို။
ပြန်ဆက်ရရင် ကျွန်တော်တို့နိုင်ငံမှာလဲ စနစ်တကျလုပ်နိုင်ရင် တရုတ်တစ်နိုင်ငံထဲကကို နိုင်ငံခြားငွေဝင်နိုင်တာအများကြီးပဲ။ဥပမာ.... အစားအသောက်နဲ့ကုန်ချောရောင်းစားရင်တောင် နည်းတဲ့ဈေးကွက်ကြီးမဟုတ်ဘူးဗျာ။ နောက်...သူတို့ကို မြန်မာပြည်လာလည်အောင်ဆွဲဆောင်နိုင်ရင် (ဘဏ်စနစ်ကောင်းကောင်းရှိရမယ်) ကမ္ဘာလှည့်ခရီးသွားအနေနဲ့ မလာပဲနေမလားဗျာ။ ခရီးသွားလုပ်ငန်းကနေငွေရမယ်ဗျာ။ ဆက်စပ်ပြီး သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်းစတာတွေ စီးပွားဖြစ်မယ်၊ ပြည်တွင်းက လက်မှုပစ္စည်း၊ ထွက်ကုန်စသည်ဖြင့်ရောင်း၊ အမြတ်ကြီးပဲ။ ကျွန်တော်တို့လူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလဲအများကြီးရမယ်။ဘယ်သူကမှ ဘယ်သူ့ကို အနိုင်ကျင့်ဗိုလ်ကျလို့မရအောင်၊ လုံခြုံစိတ်ချရမှုရှိအောင် ဥပဒေကောင်းကောင်းနဲ့ ထိန်းသိမ်းကွပ်ကဲ၊ အခြေခံအဆောက်အဦးတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေ၊ အင်တာနက်တွေကောင်းအောင်လုပ်၊ ကိုယ့်လူမျိုးတွေကိုယ်တိုင်ကလဲ အမြင်ကျယ်ကျယ်ထား၊ဥရောပမှာ ခရီးသွားဧည့်လမ်းညွှန်မပါပဲသွားသလိုမျိုး မြန်မာပြ
ည်မှာလဲတရုတ်တင်မက နိုင်ငံတကာကပါလာကြမှာ။ အခုတောင် ကမ္ဘာ့ အသွားသင့်ဆုံးမြို့ တွေစာရင်းထဲမှာ ပုဂံကထိပ်ဆုံးကပြေးနေတာ။
 ပြောရရင်တော့ အများကြီး၊ အများကြီးရှိသေးတယ်ဗျာ။ ဒါပေမယ့် ပြည်မကြီးကတရုတ်တွေ ကမ္ဘာမှာဘာလုပ်နေလဲဆိုတာသိစေချင်တာနဲ့ တရုတ်ပြည်နဲ့ပက်သက်တဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ အများကြီးကျယ်စေချင်လို့ဒီစာရေးတာဆိုတော့ ဒီလောက်ပဲဗျာ။ တရုတ်ကိုဆရာမခေါ်ရပဲ သူတို့ကိုတန်းတူထားပြီး စီးပွားပြန်ရှာဖို့၊ သူတို့နဲ့ရင်ပေါင်တန်းနိုင်ဖို့ (မြန်မာတွေမှာလဲသူတို့ထက်သာတာတွေရှိတယ်၊ ပေါင်းသင်းဆက်ဆံရေး၊ အင်္ဂလိပ်စာစသည်ဖြင့်) ရည်ရွယ်တာပါ။ မျက်စိမှိတ်ပြီးပြည်မကြီးကတရုတ်မှန်သမျှအဆက်အဆံမလုပ်ဘူးကွ လို့လုပ်လို့မဖြစ်ကြောင်းဆိုလိုရင်းပါ။ 
Wednesday, May 27, 2015
နှင်းတောထဲမှာ
နှင်းတွေထဲမှာ
***********
ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်း (stockholm)မြို့ကနေ မြောက်ဖျားပိုင်း ကီရူနား (kiruna) မြို့လေးကို ရထားစီးရင် ၁၈ နာရီလောက်စီးရတယ်။ ကျွန်တော်စီးခဲ့တဲ့ ညရထားက ညနေ၅နာရီ စတော့ဟုမ်းကနေထွက်ပြီး ရထားပေါ်မှာ ၄ ယောက် အိပ်လို့ရတဲ့ အိပ်ခန်းတွဲတွေပါတယ်။ နံရံတစ်ဖက်ကို အိပ်စင်နှစ်ခု အပေါ်အောက်စီထားပြီး နံရံနှစ်ဖက်မှာ အိပ်စင်လေးခု။ ညရထားဆိုတော့ ရထားပေါ်မှာပဲ ညအိပ်ပေါ့။ ရထားတွဲတွေထဲက အလယ်ဆုံးတွဲကစားသောက်ခန်းတွဲ။အရှေ့ပိုင်းအတွဲတွေကဖြစ်ဖြစ်၊ အနောက်ပိုင်းတွဲကဖြစ်ဖြစ်လာရတာ အဆင်ပြေအောင်အလယ်မှာ ထားတာ။ ပေါင်မုန့်အသားညှပ်တို့၊ ကော်ဖီ၊ အအေး၊ လက်ဘက်ရည်အပြင် အားလူးခြောက်ကြော်လို သွားရေစာမုန့်ထုပ်လေးတွေပါရတယ်။ ဈေးတော့နည်းနည်းကြီးတယ်။ ကျွန်တော်ကတော့ ရထားပေါ်မတက်ခင်ကတည်းက အပြင်ကနေ ပန်းသီးတို့၊ ပေါင်မုန့်တို့ ဝယ်ထားလို့ စားသောက်တွဲမှာသွားမစားဘူး။ ရောက်ဖူးတယ်ရှိအောင်ပဲ ရထားတွဲ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်လျှောက်ကြည့်လိုက်တယ်။ ရထားကတော့ မခုန်ပါဘူး။ ငြိမ့်ငြိမ့်လေးနဲ့ စီးလို့ကောင်းတယ်။ မြန်လဲမြန်တယ်။
ဒီဇင်ဘာလဆိုတော့ရာသီဥတုကတော့ အေးတယ်။ မြို့တော် စတော့ဟုမ်းမှာ နှင်းတွေကျတာတွေ့ပြီး အေးလှပြီထင်ခဲ့တာ ဆွီဒင်မြောက်ပိုင်းရောက်မှ တဖြည်းဖြည်းနဲ့ပိုထူတဲ့ နှင်းတောထဲကိုရောက်မှန်းမသိရောက်လာမှန်းတွေ့ရလို့ အဆမတန်ပိုအေးမှန်း သိရတယ်။ ကြည့်လေရာမှာနှင်းတွေနဲ့ဖွေးနေပြီး သစ်ပင်တွေ၊ အဆောက်အဦးအမိုးတွေကလည်း နှင်းတွေနဲ့ဖုံးနေတယ်။ ရထားထဲမှာ အတန်အသင်နွေးနေပေမယ့် ကျွန်တော်က နှင်းကာအင်္ကျီအထူကြီးကို ဝတ်ထားတော့ ရထားပေါ်မှာခင်တဲ့ မိတ်ဆွေဘူဂေးရီးယားနိုင်ငံသား မစ္စတာအမ်မိုက အနွေးထည်ကြီးချွတ်ထားဖို့ပြောတယ်။ ဒါမှအနွေးဓါတ်က ကိုယ်ထဲကိုဝင်ပြီး၊ နှင်းထဲကိုထွက်လိုက်ချိန်မှာတော့ ကိုယ်ထဲမှာနွေးနေမှာလို့ သင်ပေးတယ်။ ဆွီဒင်စကားစုတစ်ချို့ကိုလဲ သူ့ဆီကနေသင်ယူရတယ်။ ဆွီဒင်စကားက နော်ဝေစကားနဲ့ဆင်တူယိုးမှားတူတယ်။ ဒီတော့ ဆွီဒင်စကားတတ်ရင် နော်ဝေမှာလဲသုံးလို့ရတာပေါ့။သူက ဥရောပကို ယူရုပ် (Europe) လို့မခေါ်ပဲ ဥရောပလို့ခေါ်တာသတိထားမိလို့မေးကြည့်တော့ ဆွီဒင်ဘာသာစကားနဲ့ဆို ဥရောပလို့ပဲ အသံထွက်တယ်ဆိုတာသိရတယ်။ အင်္ဂလိပ်နဲ့ အမေရိကန်ကတော့ ယူရုပ် ( Europe ) လို့ခေါ်တယ်။ ထိုင်ပြီးစကားပြောကြရင်း ပြတင်းပေါက်ကနေ မြင်ရသမျှရှုခင်းတွေကိုငေးရတယ်။ ရထားပြတင်းကမြင်ရသမျှကတော့ မျက်စိတစ်ဆုံး ဖြူဖွေးနေတဲ့နှင်းပြင်ကြီးရယ်၊ နှင်းတွေဖုံးနေတဲ့ သစ်တောအုပ်ကလေးတွေရယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက ဆွတ်ဆွတ်ဖြူပြီး သန့်သန့်စင်စင်နဲ့ တော်တော်လေးကိုလှတယ်။
 နောက်တစ်ရက်နေ့လည် ၁ နာရီလောက်မှာ ကီရူးနားမြို့လေးကိုရောက်တယ်။ အပူချိန်က သုညမှတ်အောက်ရောက်နေပြီး အနှုတ်၂ ဒီဂရီလောက်ပဲရှိတယ်။ နှင်းကာအင်္ကျီအပြင် လက်အိတ်စွပ်၊ ခေါင်းစွပ်ဝတ်ထားတာတောင် နှာရည်တွေအဆက်မပြတ်ကျနေလို့တစ်ချိန်လုံးသုတ်နေရတယ်။ မျက်နှာတစ်ခုလုံးကတော့ထုံနေတာပဲ။အေးလွန်းလို့ နှင်းကာအင်္ကျီကြီးမှာတွဲပါတဲ့ ခေါင်းစွပ်ကြီးကိုပါဆောင်းထားရတယ်။ ဆောင်းတွင်းပိုင်းဖြစ်တာရယ်၊ ကမ္ဘာ့မြောက်ဖျားပိုင်းအကျဆုံးဒေသဖြစ်တာရယ်ကြောင့် ဒီမြို့လေးမှာ နေ့ခင်းဘက်ဆို နှစ်နာရီ၊ သုံးနာရီလောက်ပဲနေ့အလင်းရောင်ရပြီး ကျန်တဲ့အချိန်က အမြဲမှောင်နေတယ်။ တစ်ကယ်တော့ ဒီဒေသတွေက ကမ္ဘာပေါ်မှာ မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးနေရာတွေ။ ဆောင်းတွင်းဆို နေ့တာတိုလွန်းမကတိုပြီး အမြဲမှောင်မဲနေတတ်သလို နွေဆိုနေ့တာရှည်လွန်းလို့ တစ်ညလုံးအမြဲအလင်းရောင်ရှိနေတတ်တယ်။
ကျွန်တော်တို့ခရီးသွားတဲ့အချိန်မှာ ခရီးသွားတွေက အရမ်းတော့ကျပ်ခဲမနေဘူး။ ဘူတာကလဲ ခပ်ခြောက်ကပ်ကပ်ပဲ။ ရထားစောင့်တဲ့သူတွေ အေးရင်ဝင်နေဖို့လုပ်ပေးထားတဲ့ မှန်လုံအိမ်လေးတွေထဲကခုံလေးတွေပေါ်မှာလဲ လူမရှိဘူး။ သံလမ်းနဲ့ မလှမ်းမကမ်း နှစ်ထပ်ဘူတာရုံ အဆောက်အဦးလေးထဲမှာတော့ အထုပ်အပိုးတွေကိုယ်စီနဲ့ လူတွေ ထိုင်ခုံတွေမှာထိုင်နေကြတယ်။ ဒီမြို့လေးမှာ နှင်းလျှောစီးတာတို့၊ ရေခဲတောင်တက်တာတို့စတဲ့ နှင်းနဲ့ပက်သက်တဲ့ အပန်းဖြေအားကစားမျိုးစုံလုပ်လို့ရတယ်။ခရီးသွားအများစုက ပြည်မကြီးကလာတဲ့တရုတ်လူငယ်ကျောင်းသားအရွယ်တွေ။ တော်တော်များများကအင်္ဂလန်နဲ့ ဥရောပမှာကျောင်းတက်နေတဲ့ကျောင်းသားတွေနဲ့ တစ်ချို့ကတော့အလည်သက်သက်လာကြတဲ့သူတွေ။ အရင်က ကျွန်တော်ထင်ခဲ့တာက ကမ္ဘာပေါ်မှာဘယ်သွားသွား တရုတ်လူမျိုးတွေနဲ့ ပုရွက်ဆိတ်တွေကတော့နေရာတကာမှာရှိလိမ့်မယ်လို့။ တကယ်တော့ ကျွန်တော့အထင်မှားမှန်း အဲဒီတော့မှသိတယ်။ မြောက်ဝင်ရိုးစွန်းမှာ တရုတ်တွေရှိပေမယ့် ပုရွက်ဆိတ်တွေတော့ အေးလွန်းလို့မနေနိုင်ရှာကြဘူး။ နင်းလိုက်ရင် ခြေမျက်စိလောက်ထိမြုပ်မြုပ်ဝင်သွားတဲ့နှင်းထဲမှာဟိုလျှောက်ဒီလျှောက် လျှောက်ကြည့်ရင်းနဲ့ ဘာပုရွက်ဆိတ်မှမရှိနိုင်ဘူးဆိုတာ ပိုသေချာသွားတယ်။
ကျွန်တော်တို့ကို လာခေါ်တဲ့ကားလေးနဲ့ဘူတာရုံလေးက စထွက်လာတော့ ကားဆရာကိုကားခပေးဖို့ငွေသားမရှိကြဘူး။ ဒါနဲ့သူက မြို့ထဲကအနီးဆုံးငွေထုတ်စက်ကိုပို့ပေးလို့ ကားပေါ်ပါလာတဲ့သူအားလုံးတန်းစီပြီး ငွေသားလေးတွေထုတ်ကြတယ်။ ဘဏ်စနစ်ကောင်းမွန်တဲ့နိုင်ငံတွေဖြစ်တော့ ဒီလိုအစွန်အဖျားမြို့မှာတောင် ဘဏ်ကတ်ထဲမှာဘယ်နိုင်ငံကငွေသားရှိရှိ (မြန်မာနိုင်ငံမပါ) ဆွီဒင်ငံသုံးငွေကိုငွေလဲနှုန်းနဲ့တွက်ပေးပြီး တစ်ခါထဲထုတ်လို့ရတဲ့အတွက် တော်တော်လေး အဆင်ပြေတယ်။ အရင်က ဥရောပတစ်ခုလုံးမှာ ယူရိုငွေကိုသုံးကြရမယ်လို့ထင်ခဲ့ပေမယ့် မဟုတ်ဘူး။ ဆွီဒင်နိုင်ငံထဲမှာ ဆွီဒင်ခရိုနာကိုပဲသုံးကြပြီး နော်ဝေနိုင်ငံမှာတော့နော်ဝေခရိုနာကိုပဲသုံးကြတယ်။ ဆိုင်ကြီးတွေ၊ တည်းခိုခန်းတွေတော်တေ်ာများများကတော့ ကိုယ်ပေးချင်တဲ့ နိုင်ငံငွေကြေး (ဥပမာ၊ အမေရိကန်ဒေါ်လာ၊ ဗြိတိသျှစတာလင်ပေါင်) ကိုလည်း ငွေလဲနှုန်းနဲ့တွက်ချက်ပြီးလက်ခံပေးတတ်ကြပါတယ်။
တစ်နာရီကျော်နီးပါးလောက် ကားစီးရပြီး ကျွန်တော်တို့သွားမယ့်တောစခန်းလေးရဲ့အစွန်အဖျားကိုရောက်တဲ့အချိန်မှာ နေ့ခင်း ၂ နာရီခွဲလောက်ပဲရှိသေးပေမယ့် နေဝင်စပြု ပြီ။ ကျွန်တော်တို့အားလုံးကို နှင်းကာဘောင်းဘီရှည်အထူကြီးတွေနဲ့ နှင်းတောစီးဖိနပ်ရှည်ကြီးတွေထုတ်ပေးတယ်။ ဝတ်လာတဲ့ဘောင်းဘီရှည်တွေပေါ်ကနေထပ်ဝတ်ကြပေါ့။ ကားဆရာကကျွန်တော်တို့ကိုမေးတယ်။ မော်တော်ကားမောင်းလိုင်စင်ရှိတဲ့သူ ဘယ်သူရှိလဲတဲ့။ ကျွန်တော်က မြန်မာလိုင်စင်ပဲရှိတယ်ဆိုတော့ သူကရတယ်တဲ့။ နှင်းလျှောစီးဆိုင်ကယ်ကြီးတွေမောင်းခိုင်းဖို့ ကားမောင်းတတ်လားသိချင်လို့မေးတာပါ။ တစ်ကယ်တော့နှင်းလျှောစီးဆိုင်ကယ်ကြီးတွေက မောင်းရတာတော်တော်လွယ်တယ်။ သော့တံနဲ့လှည့် စက်နှိုးပြီးတာနဲ့ လက်ကိုင်ဘေးက ခလုတ်အနီလေးကိုလက်မနဲ့ဖိထားလိုက်ပြီး ဆိုင်ကယ်ကိုမောင်းထွက်ယုံပဲ။ တစ်ခြားလက်ကိုင်တစ်ဖက်ကိုလှည့်ပြီးတော့ အရှိန်အတင်အလျှော့လုပ်ရတယ်။ ကျွန်တော့ဆိုင်ကယ်နောက်မှာ လှည်းတစ်စီးတွဲပေးပြီး ပါလာတဲ့သူတွေကိုတက်ခိုင်းတယ်။ ကားဆရာဦးလေးကြီးကတော့ ပစ္စည်းတွေတင်ထားတဲ့လှည်းတစ်စီးကိုဆွဲထားတဲ့ တခြားဆိုင်ကယ်တစ်စီးကိုရှေ့ကမောင်းသွားလေရဲ့။ ဒူးဆစ်ကျော်ကျော် ခပ်ပွပွနှင်းတွေကြားထဲမှာ နှင်းလျှောစီးယာဉ်သွားတဲ့ လမ်းကြောင်းခပ်ကျစ်ကျစ်ကိုမြင်နေရလို့အဲဒီပေါ်ကပဲမောင်းသွားရတယ်။ အရှိန်နည်းနည်းတင်မိရင် အကွေ့တွေမှာခက်တယ်။ တစ်ခါတစ်လေ အကွေ့တွေမှာ ဆိုင်ကယ်ကအရှိန်လွန်ပြီး နှင်းတောထဲကိုတိုးပြီးဝင်ဝင်သွားတတ်လို့ လက်ကိုင်ကို အတင်းပြန်ပြန်ဆွဲလှည့်ရတယ်။ ကျွန်တော့နောက်ကပါလာတဲ့ဆွပ်ဖားပေါ်ကလူတစ်အုပ်ကတော့ အဲလိုမျိုးများကွေ့လိုက်ရင် ငယ်သံပါအောင် အော်ကြ၊ ဟစ်ကြ၊ ဘုရား တ ကြနဲ့ပေါ့။ ဒီလိုနဲ့ နှင်းဖုံးနေတဲ့သစ်တောအုပ်တွေ၊ လွင်ပြင်တွေဖြတ်ပြီးတော့အပေါ်ယံရေခဲနေတဲ့မြစ်တစ်စင်းနားကိုရောက်တယ်။ ကားဆရာက ဆိုင်ကယ်ခဏရပ်ပြီး ကျွန်တော်တို့ကို မြစ်ကမ်းဘေးကနေပဲ လမ်းကြောင်းအတိုင်း သတိထားပြီးမောင်းခဲ့ဖို့၊ မြစ်ပေါ်ကရေခဲကပါးပါးလေးမိ့ု အဲဒီပေါ်ဆိုင်ကယ်တက်မသွားအောင်သတိထားဖို့ လာသတိပေးတယ်။
ကျွန်တော်တို့ ဖြတ်ကူးရမယ့်နေရာကိုမှာတော့ မြစ်ကတော်တော်ကျဉ်းတယ်။ ရေကခပ်သွက်သွက်လေးစီးနေပြီး၊ မြစ်ထဲမှာရေခဲတွေကို ဟိုတစ်စ၊ ဒီတစ်စတွေ့ရတယ်။မြစ်ရေက ကြည်လင်နေပြီးတော့ ခပ်တိမ်တိမ်ပါပဲ။ ဒါပေမယ့် သွေးခဲလောက်အောင်အေးတဲ့ရေခဲရေတွေ။ နှင်းလျှောစီးယာဉ်တွေရပ်ပြီး ကျွန်တော်တို့တွေမြစ်ကိုကူးဖို့ ပြင်ဆင်ရတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လုံးဝတိတ်ဆိတ်နေပြီး မြစ်ရေစီးတဲ့ အသံလေးသဲ့သဲ့ကိုပဲကြားရတယ်။ အလင်းရောင်မှုန်ပျပျအောက်မှာမြင်နေရတာက မျက်စိတစ်ဆုံးဖြူ ဖွေးနေတဲ့ နှင်းပြင်ကြီးရယ်၊ အရွက်တွေပေါ်မှာ နှင်းတွေဖွေးဖွေးလှုပ်တင်နေတဲ့ ခပ်ဝေးဝေးကသစ်တောအုပ်တွေရယ်၊ နှင်းပြင်ကြီးထဲမှာ စီးဆင်းနေတဲ့ရေခဲမြစ်ကြီးရယ်။ ပြီးတော့ မြောက်ဝင်ရိုးစွန်းရဲ့ကောင်းကင်ခုံးခုံးကြီးရယ်။
ကားဆရာကြီးရဲ့သားက အသက်ကယ်ရာဘာလှေကြီးတစ်စင်းနဲ့လာခေါ်လို့ ကျွန်တော်တို့အားလုံးသူ့ရဲ့ညွှန်ကြားချက်အတိုင်း လှော်တက်ကိုယ်စီနဲ့လှော်ရင်းခတ်ရင်း ဟိုဘက်ကမ်းကိုရောက်ခဲ့ကြတယ်။ ကမ်းပေါ်တက်၊ နှင်းထဲကလူသွားလမ်းလေးအတိုင်း၊ နှင်းဖုံးသစ်ပင်တွေကြားထဲကနေ ကုန်းမြင့်လေးပေါ်ကိုတက်လိုက်တော့ တစ်ညတာနေရမယ့် တောစခန်းလေးကို နှင်းတောထဲမှာတွေ့ရတယ်။ နှင်းတွေဖုံးနေတဲ့ တောအုပ်အလယ်မှာ မီးခိုးခေါင်းတိုင်လေးတွေကိုယ်စီနဲ့ အစီအစဉ်မကျဆောက်ထားတဲ့ ဟိုနားတစ်လုံး၊ ဒီနားတစ်လုံး နေချင့်စဖွယ်သစ်လုံးအိမ်စုစု ကလေးတွေ။ ဆောင်းတွင်းဘက်ရာသီဥတုကြည်လင်တဲ့ညတွေမှာ ဒီတိတ်ဆိတ်တဲ့တောအုပ်လေးကနေကောင်းကင်ကိုကြည့်လိုက်ရင် ဒဏ္ဍာရီလာ ကွယ်လွန်သူများရဲ့ ဝိညာဉ်တွေကနေ အလင်းစွမ်းအင်တွေ ဖြာထွက်ရာကဖြစ်လာတာလို့ ဒေသခံ စာမီ (saami) လူမျိုးတွေယုံကြည်ကြတဲ့၊ Aurora Borealis လို့ခေါ်တဲ့ အင်မတန်လှပဆန်းကြယ်တဲ့ဝင်ရိုးစွန်းအလင်းတန်းတွေကို ကောင်းကင်ထက်မှာ မြင်ရတတ်တယ်။
မောင်ဇိ
( The Voice Sunday 7 June,2015)
_______________________________-
နှင်းတွေထဲမှာ
***********
မောင်ဇိ
Friday, May 22, 2015
ဆေးခြယ်သူများ
လူ့လောကကြီးဟာ ဆေးရောင်စုံပန်းချီကားကြီးနဲ့တူတယ်တဲ့။ မဟုတ်ပါဘူး။ ဆေးရောင်စုံပန်းချီကားကြီးတစ်ချပ်ကသာ လူ့လောကကြီးနဲ့တူကောင်းတူရမှာ။ တူခဲ့ရင်တောင် လူ့လောကကြီးရဲ့ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု၊ ကိုင်းဖျားကိုင်းနားလေးတစ်ခုလောက်ကိုသာ ပုံဖော် တုပ နိုင်မှာ။ ဒီလောက် အရောင်အသွေးစုံလင်၊ အဖြစ်အပျက်တွေဆန်းပြား၊ နှစ်သန်းပေါင်းများစွာချီခဲ့တဲ့ သမိုင်းဝင်လူ့လောကကြီးကို ဘယ်ပန်းချီကားက မှီအောင်တုနိုင်မှာလဲ။
လူ့လောကကြီးက အမြဲပြောင်းလဲနေတာ။ အဖြစ်အပျက်တွေက အစဉ်မပြတ်၊ နေရာအနှံ့မှာဖြစ်ပျက်နေတာ။ အသစ်အဆန်းတွေက အမြဲပေါ်နေသလို နှောင်းခတ်လူတွေ မသိမမှီ၊ မကြားဖူး၊ မတွေးမကြံခဲ့ဖူးတဲ့ အဟောင်းတွေကိုပြန်ရှာတွေ့နေတာကလဲ အပြည့်။ လုံးဝပျောက်ကွယ်သွားခဲ့တာတွေလည်း အများအပြား။ထပ်ပြောရရင်တော့ လူလောကကြီးက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော အမြဲပြောင်းလဲနေခဲ့တာ။ ဝတ်စားဆင်ယင်မှုတွေ၊ အဆောက်အဦးတွေ၊ အသုံးအဆောင်တွေ၊ ယာဉ်ရထားတွေ၊ ဆေးဝါးတွေ၊ နည်းပညာတွေ၊ အတွေးအခေါ်တွေ၊ စံနှုန်းတွေ အမြဲ၊ အမြဲ....အမြဲပဲပြောင်းလဲနေခဲ့တာ။
 ဘုရင်တွေ၊ အုပ်ချုပ်သူတွေ၊ နယ်စား၊ မြို့ စားတွေ၊ တီထွင်သူတွေ၊ စူးစမ်းလေ့လာသူတွေ၊ နယ်ပယ်ချဲ့ ထွင်သူတွေ၊ ကျူးကျော်အုပ်စိုးသူတွေ၊ခုခံကာကွယ်သူတွေ၊ ပုန်ကန်သူတွေ၊ လူသားမျိုးနွယ်တစ်ခုလုံးကို အဆိတ်ခတ်သူတွေ၊ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးသူတွေ၊ စစ်မီးမွှေးသူတွေ၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ ငြိမ်းချမ်းရေးကိုသယ်ဆောင်လာသူတွေ၊ အသိပညာဆောင်ကျဥ်းပေးသူတွေ၊ အမှန်တရားကို ပိတ်ပင်တတ်သူတွေ၊ လူ့လောကကို ကူညီစောင့်ရှောက်သူတွေ၊ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ အားကောင်းလာလိုက်၊ အားနည်းသွားလိုက်၊ များလာလိုက်၊ နည်းသွားလိုက်၊ ဖြစ်လာလိုက်၊ ပျက်သွားလိုက်......။
ဘုရင်၊ မင်း၊ တော်ဝင် မျိုးနွယ်တွေကို ကုသိုလ်ကံကြီးမားသူများသာဖြစ်ခွင့်ရတဲ့ဘဝတွေ၊ ဘုရားအမိန့်နဲ့လာသူတွေလို့ အားကျ၊ လေးစား၊ ရိုကျိုးပျပ်ဝပ်၊ အထင်ကြီးဖူးမြော်ခဲ့ကြဖူးတယ်။ အဲဒီ လူတွေကိုပဲ အခွင့်ထူးခံ၊ ရေပေါ်ဆီ၊ ဖောက်ပြန်တဲ့ လူတန်းစားဆိုတဲ့ အမြင်နဲ့ သတ်ကြ၊ဖြတ်ကြ၊ ရှုံ့ ချပုန်ကန်ကြတဲ့ ခေတ်တွေလဲရှိခဲ့ဖူးတယ်။ လူလူချင်းကျွန်ပြုခဲ့တဲ့ခေတ်တွေရှိခဲ့ဖူးသလို၊ ကျွန်စနစ်ပျောက်ကွယ်သွားတဲ့ အချိန်တွေလဲ ရှိခဲ့တယ်။ အမျိုးအနွယ်မြင့်မြတ်မှုကို ချီးမြှောက်ခဲ့ကြတယ်။ အမျိုးအနွယ်မြင့်မြတ်သူတွေကို မျိုးရိုးစဉ်ဆက်ဂုတ်သွေးစုတ်ခဲ့သူတွေကိုဆိုပြီး နှိမ်ချတိုက်ခိုက်ခဲ့ကြပြန်တယ်။ တစ်ခါ အမျိုးအနွယ်ကောင်းမွန်မှုဟာ အရေးကြီးကြောင်းပြောကြတယ်။လူသားဟာ အားလုံးအတူတူပဲလို့ ဆိုခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ငွေကြေးဥစ္စာကို ရှာဖွေစုဆောင်းတတ်သူတွေကို သူဌေး၊ သူကြွယ်တွေအနေနဲ့ နေရာပေး၊ အထင်ကြီးခဲ့ရာက အမြတ်ကြီးစား၊ အတ္တသမား၊ ကိုယ်ကျိုးစီးပွားရှာသမားတွေလို့ ရှုမြင်သူတွေ၊ ရှုမြင်တဲ့အတွေးအခေါ်တွေ ပေါ်လာပြန်တယ်။ အများစုချမ်းသာမှ လူ့ဘောင်ဆိုသူနဲ့ အများစုတန်းတူညီမျှမှ လူ့လောက ဆိုသူတွေ အငြင်းပွားကြတယ်။ ဥစ္စာ၊ဓန တိုးပွားလိုသူတွေနဲ့ ပစ္စည်းဥစ္စာဆိုတာ ဖောက်ပြန်သူလူတန်းစားတွေရဲ့  အဆင်တန်ဆာပါဆိုသူတွေ အချင်းချင်းမုန်းတီးကြတယ်။ ဘယ်ဘက်က အားကြီးကြီး၊ အားကြီးတဲ့သူက အားနည်းတဲ့သူကို ဒုက္ခပေးကြတယ်။ အများစုက အနည်းစုကို အနိုင်ကျင့်ကြတယ်။ စံနစ်တွေဖြစ်လာတယ်။ ပျက်သွားတယ်။ သဘောတရားတွေပေါ်လာတယ်။ ငုပ်လျှိုးသွားတယ်။ အားကောင်းတဲ့အရာက အားနည်းတဲ့အရာကို ဝါးမျိုတယ်။ လူကြိုက်များတဲ့ အရာကလူကြိုက်နည်းတဲ့အရာကိုသတ်တယ်။ စံနစ်တွေ အချင်းချင်းသတ်ကြတယ်။ လူတွေအချင်းချင်းသတ်ကြတယ်။ အချိန်တန်တော့ အတွေးအခေါ်၊ အယူအဆ၊ စံနှုန်းတွေ ပြောင်းကြပြန်တယ်။ ဟုတ်ခဲ့တဲ့အရာတွေက မဟုတ်တော့ဘူး ဆိုတယ်။ မဟုတ်တော့တဲ့အရာတွေက ဟုတ်နိုးနိုးဆိုတယ်။ကမ္ဘာ့ဒေသတစ်ခုမှာ ယဉ်ကျေးတဲ့အပြုအမူတစ်ခုက တစ်ခြားနေရာတစ်ခုမှာ အင်မတန်ရိုင်းစိုင်းတဲ့ အရာဖြစ်ချင်ဖြစ်နေတတ်ပြန်ရော။ ငြင်းကြ၊ ခုန်ကြ၊ ပဋိပက္ခတွေဖြစ်ကြ၊ကဲ့ရဲ့ ကြ၊ ရှုံ့ ချကြ၊ အမုန်းတွေပွားကြ။ အဖြစ်အပျက်တွေက ထပ်ခါ၊ ထပ်ခါကျော့ ၊ သံသရာတွေက အဆက်မပြတ်လည်၊ ဓါးစာခံတွေက ကြားထဲက မဟားတရားသေ။ ဘယ်မှာလဲ အမှန်တရား။
ဘာသာတရားတွေပေါ်လာတယ်၊ ဘာသာတရားအဆုံးအမနဲ့ လူတွေအချင်းချင်းသတ်ကြတယ်။ အမုန်းတရားတွေပွားကြတယ်။ ဘာသာတရားအဆုံးအမနဲ့ လူအချင်းချင်း စောင့်ရှောက်ကြတယ်။ ပညာ ဆိုတဲ့စကားကို တွင်တွင်သုံးတဲ့ခေတ်ရှိခဲ့တယ်။ ပညာကြောင့် အသတ်ပေးရသူတွေရှိခဲ့တယ်။ ပညာကြောင့် ထင်ပေါ်လေးစားခံခဲ့ရသူတွေရှိတယ်။ ပညာကိုအရင်းပြု ပြီး လူ့ဘောင်ကို တည်ဆောက်လိုသူတွေ၊ ဥစ္စာကို အခြေပြုတဲ့အသိုက်အဝန်းဖြစ်ချင်သူတွေ၊ အတတ်ပညာအားကိုးတဲ့ ပတ်ဝန်းကျင်ဖန်တီးလိုသူတွေ၊ အာဏာကြီးမှူးတဲ့ အရိပ်အမြုံ လိုလားသူတွေ၊ ဝိဝါဒတွေကွဲပြား၊ ခြားနားတဲ့အမြင်တွေနဲ့ ကိုယ်မှန်ကန်ကြောင်းသက်သေပြလိုကြပြန်တယ်။ အမှန်တရားကို ကိုယ်လိုရာ အဓိပ္ပါယ်ဖွင့် ကိုယ်ပြောတာမှ အမှန်တရားခေတ်ရောက်ပြန်တယ်။ အမှန်တရား ဆိုတာကဘာလဲ။ လူ့လောကကြီးမှာ အမှန်တရားဆိုတာက ဘာကိုဆိုလိုသလဲ။ ခေတ်အလိုက် အမြဲပြောင်းလဲနေတဲ့အမှန်တရားက တကယ်တမ်းဖမ်းဆုပ်ကြည့်ဖို့တော့ အရမ်းခက်ခဲလောက်အောင် ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်လွန်းလှပြန်တယ်။ ဒီခေတ်က အမှန်တရားက နောက်တစ်ခေတ်မှာ မဟုတ်ပြန်ဘူး။ အရင်က အမှန်တရားမဟုတ်ခဲ့တဲ့ဟာက အခုအမှန်တရားဖြစ်ချင်ဖြစ်။
ခေတ်၊ စံနစ်၊ ဘာသာတရား၊ ယဉ်ကျေးမှု ၊ အတွေးအခေါ် ၊နေရာဒေသ ဘာတွေပဲကွာကွာ မပြောင်းလဲတာတွေတော့ရှိတယ်။လူ့ အခြေခံစိတ်ဓါတ်။ လူ့ အတ္တ၊ လူ့လောဘ၊ မနာလိုစိတ်၊ သာယာလိုစိတ်၊ ဒေါသစိတ်၊ ကြောက်ရွံ့ စိတ်၊ ချစ်ခင်မြတ်နိုးစိတ် စတဲ့ လူ့အခြေခံသဘောတရားတွေကတော့ ဘယ်တော့မှမပြောင်း။ ကျောက်ခေတ်လူ၊ ဓါးခေတ်လှံခေတ်လူ၊ စက်မှုခေတ်လူ၊ အိုင်ဖုန်းခေတ်လူတွေ ခေတ်အဆက်ဆက်မှာ ဒီအခြေခံစိတ်နဲ့ရှင်သန်ခဲ့ကြ။ သူဆင်းရဲတွေ၊ သူဌေးသူကြွယ်တွေ၊ ဘုရင်မင်းမြတ်တွေကစ၊ သာသနာပိုင်ထိ ဒီအခြေခံစိတ်တွေက အတူတူ။ နည်းတာ၊ များတာ၊ ဖွင့်လှစ်ခွင့်ရတာ၊ မရတာ၊ အသုံးချခွင့်ရတာ၊ မရတာ၊ ထိန်းချုပ်နိုင်စွမ်းရှိတာ၊ မရှိတာသာ ကွာတယ်။ စိတ်အလိုကျ ဖွင့်လှစ်ဖော်ပြ၊ စိတ်တိုင်းကျဇက်ကြိုးလွှတ်ပေးတတ်သူတွေက ပိုပြီးပူလောင်ရ၊ မှားရ၊ ကြိုးဆွဲခံကြရတယ်။ ထိန်းသိမ်းနိုင်သူတွေက သက်သာမှုရသလို၊ သူများအခြေခံစိတ်ကိုပါ လိုသလိုကစားနိုင်သူတွေက အဖြစ်အပျက်တွေကို ပုံဖော် ထိမ်းချုပ်ကြတယ်။ ခေတ်တိုင်း၊ စံနစ်တိုင်း၊ အဖြစ်အပျက်တိုင်းမှာ ဒီအခြေခံသဘောတရားတွေက အမှန်တရားအနေနဲ့ မပြောင်းလဲပဲ အမြဲပါတယ်။
လူသားဆန်မှုဆိုတာ လောဘ၊ ဒေါသ၊ အတ္တ၊ မာန၊ မစ္စရိယ စတဲ့ စိတ်ဆိုးစိတ်ညစ်တွေကိုပဲဆိုလိုတာပဲဆိုရင်လဲမှားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရားဆိုတဲ့  ကောင်းမြတ်တဲ့အချက်လေးတွေကလဲ လူသားဆန်မှုရဲ့  လက္ခဏာရပ်တွေ။ တစ်ချို့  ကာလတွေ၊ တစ်ချို့ ဒေသတွေ၊ တစ်ချို့ အခြေအနေတွေမှာ အခွင့်သင့်သလို ပေါ်လာတတ်တဲ့ ဒီကောင်းမြတ်ခြင်းတရားလေးတွေက လှပတယ်။ ဘယ်ခေတ်၊ ဘယ်ဒေသ၊ ဘယ်စံနစ်မှာ မဆိုလှပတယ်။ ဘုရင်ဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကောင်းမြတ်ခြင်းတရားရှိတဲ့သူကလူကောင်းပဲ။ သူဌေးဖြစ်ဖြစ်၊ ပစ္စည်းမဲ့လူတန်းစားဖြစ်ဖြစ်၊ စွမ်းနိုင်သလောက် ဘဝတူလူသားကို အကျိုးပြုသူက လှပသူပဲ၊ ပညာတတ်ဖြစ်ဖြစ်၊ ပညာမရှိသူဖြစ်ဖြစ်၊ စိတ်ဆိုးစိတ်ညံ့ရှိသူက လူဆိုးပဲ။ သမိုင်းတွေကလဲ သက်သေပြခဲ့ပြီးပြီ။ အဖြစ်အပျက်တွေကလဲ ပုံဖော်ခဲ့ကြပြီးပြီ။ မျက်စိရှေ့ မှာလဲ မြင်ခဲ့ကြရပြီးပြီ။ အုပ်ချုပ်ခံလူတွေကို တိုးတက်ချမ်းသာစေခဲ့တဲ့ ကြီးမြတ်တဲ့ဘုရင်တွေရှိခဲ့သလို၊ တိုင်းသူပြည်သားတွေကို နှိပ်စက်တတ်တဲ့ဆိုးယုတ်တဲ့ဘုရင်တွေ အုပ်စိုးခဲ့ဖူးတယ်။ ကောင်းမွန်တဲ့လူသားဝါဒီတွေရှိသလို၊ လူသားဝါဒီနာမည်သုံးပြီး လူမဆန်ခဲ့တဲ့သူတွေလဲ သမိုင်းမှာ ဒုနဲ့ဒေး။ ဒီဘုရင်စံနစ်တစ်ခုထဲက ထွက်လာတဲ့ ဆန့်ကျင်ဘက် ဘုရင်နှစ်ပါး၊ ဒီ လူသားဝါဒီဆိုတာကိုပဲ ဟောပြောစည်းရုံးနေတဲ့ မတူညီတဲ့ သဘောတရားခေါင်းဆောင်တွေ။ အခြေခံစိတ်ဓါတ်မကောင်းသူက ဘာအရေခြုံခြုံ အချန်တန်ရင် ပေါ်လာတတ်တာပဲ။ ကောင်းမွန်သူက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူ့ရဲ့ အရည်အသွေးကိုပြမှာပဲ။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဒီလိုမျိုး အင်္ဂါရပ်ရှိတွေရှိတဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတာဆိုတာကလဲ ငြင်းလို့မရတဲ့ အမှန်တရားနောက်တစ်ခု။ လူသားဆန်လွန်းတဲ့လူသားတွေကတော့ ဘယ်ခေတ်၊ ဘယ်ကာလ၊ ဘယ်နည်းပညာ၊ ဘယ်စံနစ်ကိုရောက်ရောက်၊ ဆိုခဲ့တဲ့ စိတ်ဆိုးစိတ်ညစ်လေးတွေရယ်၊ ကောင်းမြတ်တဲ့စိတ်ကလေးတွေရယ် ဒွန်တွဲလျက်၊ (ဒါမှမဟုတ်) တစ်ခုက အားကောင်း၊ တစ်ခုကအားနည်း၊ (ဒါမှမဟုတ်) တစ်လှည့်စီအားကောင်းလိုက်နဲ့ ဒီစိတ်နှစ်ခုစေရာအတိုင်း လူ့ဘောင်လောကကြီးကို ဆက်ပြီး ဆေးရောင်တွေခြယ်နေကြဦးမှာပဲ။ ခြယ်သွားကြဦးမှာပဲ။
Sunday, May 10, 2015
ရှေးဟောင်းနှောင်းဖြစ်တွေ
ဆယ်နှစ်ကျော်လောက်မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတယ်။ စကားတွေပြောကြရင်းနဲ့ ကလေးတုံးကဟာတွေ၊ အဖြစ်အပျက်တွေ၊ အမှတ်တရတွေ အစီအရီပေါ်လာတယ်။
ကျွန်တေ်ာတို့တွေ ကိုးတန်းစာမေးပွဲပြီးတဲ့နောက် ကျောင်းပိတ်ပိတ်ချင်း ကျွန်တော့အိမ်မှာ လူစုဖြစ်ကြတဲ့အကြောင်းကို သတိတရပြန်ပြောဖြစ်တယ်။ ကျွန်တော်တို့ခေတ်က ကော်ကျည်ဆံထည့်ပစ်ရတဲ့ လေသေနတ်လေးတွေ တအားခေတ်စားတယ်။ ဒါနဲ့ပဲ စာမေးပွဲပြီးတာနဲ့ ကျွန်တော့အိမ်မှာလူစုပြီး သေနတ်ပစ်တိုင်းကစားဖို့ စီစဉ်ဖြစ်ကြတယ်။ အဲဒီတုံးက ကွန်ပြူ တာဂိမ်းတွေခေတ်မစားသေးဘူး။ Conter Strike တောင်မပေါ်သေးဘူး။ ကျွန်တော်တို့တွေ အများဆုံးဆော့တဲ့ဂိမ်းက Play Station လောက်နဲ့ family game လေးတွေပဲရှိတာ။ ဒီတော့ outdoor ဆော့တဲ့အလုပ်တွေ ပိုလုပ်ဖြစ်သွားတာပေါ့။ ပြန်ဆက်ရရင် ကျွန်တော်တို့ ဆော့တာက Counter Strike ပုံစံမျိုး အပြင်မှာလူနှစ်ဖက်ခွဲပြီး တစ်ဖက်နဲ့တစ်ဖက် ကော်ကျည်ဆံထွက်တဲ့ သေနတ်တွေနဲ့ လိုက်ပစ်ကြတာပါ။ အဲတုံးက ကျွန်တော်နေတာက အင်းစိန်မှာ။ ခြံကလဲ ခြုံတွေ သစ်ပင်တွေနဲ့ အကျယ်ကြီးဆိုတော့ သေနတ်ပစ်တိုင်းဆော့ရတာ အင်မတန်ကောင်းတာကလား။
လူကတော့ တော်တေ်ာစုယူရတယ်။ ကျောင်းမပိတ်ခင်ကတည်းကကြိုစီစဉ်ထားတဲ့အတိုင်း အဲဒီနေ့မှာတစ်ချို့ကိုဖုန်းဆက်ပြီးချိန်း၊ တစ်ချို့ကိုတစ်အိမ်တက်ဆင်းလိုက်ခေါ် လုပ်ရတယ်။ တစ်ချို့သူငယ်ချင်းမိဘတွေက သူတို့ကလေးကို အပြင်လွှတ်ရမှာ စိတ်မချတော့ ကျွန်တော်တို့က မျက်နှာသွားပြပြီး ခေါ်ရတယ်။ စက်ဘီးတွေနဲ့  အင်းစိန်တစ်မြို့လုံး ကုန်းတက်ကုန်းဆင်းပတ်ရတာ တပျော်တပါးကြီး။ ကျွန်တော်တို့အားလုံးမှာ တူတာတစ်ခုရှိတယ်။ ဒီနေ့အတွက် အားခဲပြီးဝယ်ထားတဲ့ ပစ္စတိုသေနတ်ကလေးတွေပါ။ ဒီဇိုင်း၊ အတိုအရှည်၊ အလေးအပေါ့ကွာကြပေမယ့် ကျွန်တော်တို့အားလုံးမှာ ပစ္စတိုတစ်လက်စီရှိတယ်။ တစ်ချို့ကလဲ ပိုကောင်းမယ်ထင်တဲ့သေနတ်ထပ်ဝယ်ပြီး အားဖြည့်ပေါ့။ သူငယ်ချင်းတစ်ယောက်ရဲ့အမေကတော့ သူ့ရဲ့ တစ်ဦးတည်းသောသားကိုအရမ်းချစ်လို့ ပုံမှန်ဆိုဘယ်မှလွှတ်လေ့မရှိဘူး။ ကျွန်တော်တို့ သူ့အိမ်ကိုသွားခေါ်တော့ စိတ်ချလက်ချလွှတ်ရှာပါတယ်။ အဲဒီတုံးကလဲ ကျွန်တော်တို့က ကျောင်းမှာ ဗိုင်းကောင်းကျောက်ဖိနေ၊ စာတစ်အားလုပ်ကြတဲ့ကလေးတွေကိုး။ လူကြီးတွေကွယ်ရာမှ မျောက်ရှုံးအောင်ဆော့ကြတာသူတို့မှ မသိတာ။ ဘယ်လောက်မျောက်ရှုံးကြလဲဆို စလောင်းကလာတဲ့ BMX စက်ဘီးစတန့်တွေကြည့်ပြီးအားကျ၊ တောင်ကုန်းအပြတ်တွေပေါ်ကနေ ဖီးနစ်လိုမျိုးမိန်းမစီးစက်ဘီးလေးတွေကိုစီးပြီး ခုန်ခုန်ချကြတာ။ စက်ဘီးခွေတွေဆို လိမ်လိမ်နေတာ အိမ်ကမသိလို့။ ပြီးတော့ အဲဒီမိန်းမစီးဘီးတွေကိုပဲ ရှေ့ဘီးတွေထောင်၊ နောက်ဘီးတွေထောင်၊ ခုန်ဆွ ခုန်ဆွတွေလုပ် မျိုးစုံစမ်းစီးနဲ့ အပြိုင်အဆိုင်လုပ်ကြသေးတာ။ သူငယ်ချင်းတစ်ယောက်ဆို ရှေ့ဘီးထောင်လိုက်တာ အထောင်လွန်ပြီးပက်လက်လန်ပြုတ်ကျ၊ ခေါင်းနဲ့မြေကြီးနဲ့ဆောင့်၊ ပုဆိုးလဲနှစ်ခြမ်းကွဲပါရောလား။ ဒါလဲ မမှတ်ကြပါဘူး။ အခွင့်သာတာနဲ့ မျိုးစုံနေအောင် စတန့်ထွင်ကြတာပါပဲ။ နောက်စက်ဘီးချင်း စီးချင်းထိုးကြတယ်။ နောက်ကတစ်ယောက်ထိုင်၊ ရှေ့ကတစ်ယောက်နင်း၊ ပြီးတာနဲ့ အဲလိုစက်ဘီးနှစ်စီးတစ်ဖက်နဲ့တစ်ဖက် ပြုတ်မကျမချင်း လှည့်ပတ်ပြီးခြေထောက်နဲ့ကန်ကြ၊ ခေါင်းချင်းဆိုင်တိုက်ကြ လုပ်ကြတာ။ ပြောရရင်တော့ အများကြီးပါပဲ။ မိဘတွေကတော့ ဘယ်သိမလဲ ကျွန်တော်တို့ကမြင်းကျောထတာ။ ဒီတော့လဲ စာကြိုးစားတဲ့ကလေးတွေ ကျောင်းပိတ်လို့ဆော့ကြတာ ဆော့ပါစေဆိုပြီး၊ သူတို့ကလေးကို ကျွန်တော်တို့လက် ယုံယုံကြည်ကြည်အပ်လိုက်တယ်။ အပ်ယုံတင်မကဘူး သူ့သားကို ကျည်ဆံတွေအများကြီးထည့်လို့ရတဲ့ ကျည်ကပ်အရှည်ကြီးနဲ့ သေနတ်ကြီးကြီးရှည်ရှည်ကြီးတစ်လက်ပါ ဝယ်ပေးလိုက်သေးတယ်။
သွားခေါ်ကြတာက ကျွန်တော်ရယ်၊ နောက်သူငယ်ချင်းတစ်ယောက်ရယ်၊ နောက်တော့ တစ်အိမ်ပြီးတစ်အိမ်သွားရင်း တစ်ဖြည်းဖြည်းလူအင်အားတောင့်လာတယ်။ ကျွန်တေ်ာနဲ့သွားတဲ့ကောင်ကလဲ စာသာတော်တာ ကဲတဲ့၊ မွှေတဲ့နေရာမှာတော့ အမေရိကန်စာရေးဆရာကြီး မတ်တွိန်းရဲ့ဇာတ်ကောင် ကလေးဗိုလ်တွမ်ဆောယာတို့၊ ဟက်ကယ်ဘယ်ရီဖင်းတို့၊ ဆရာဇဝနရဲ့ ဆိုးပေ တို့ထက်မညံံ့ဘူး။ နောက်ပိုင်း အဲလိုခပ်ဆင်ဆင် နာမည်တစ်ခုတောင် ဘွဲ့တံဆိပ်အနေနဲ့ရလိုက်သေး။ မဟုတ်တာလုပ်ရမယ်ဆို ပြုံးစိပြုံးစိ မြှုံးမိတဲ့ငါးလိုလိုဆိုပြီး ကျွန်တော်တို့ပြောကြတာ။ ဖော်တယ်ဖြစ်မှာစိုးလို့ ထားပါတော့။ သူငယ်ချင်းကကျောင်းက ဆရာမရဲ့သား၊ လိမ္မာတယ်ဘာညာဆိုပြီး လူကြီးတွေကလဲ အမြင်မှားနေ၊ စာကလွဲပြီး ဘာမှလုပ်တတ်ပုံမရတဲ့ ကျွန်တော်ကလဲ ကုပ်ချောင်းချောင်းနဲ့ ဘေးကပါနေဆိုတော့ တော်ရုံ ဘယ်သူနဲ့မှအပြင်မထွက်ရတဲ့သူငယ်ချင်းတွေပါ ပါလာတယ်။ တစ်ချို့ကတော့ အိမ်ကအထွက်မှာ သေနတ်ကလေးတွေ ဝှက်ယူခဲ့ရတာပေါ့။ ခုတော့ အဲကောင်တွေ တော်တော်များများတောင် ကလေးအဖေတွေဖြစ်ကုန်ပါပြီ။ သူတို့ကလေးပုံတွေတောင် ဖေ့စ်ဘွတ်မှာ ၁၅ မိနစ်တစ်ခါတင်လို့။
လူစုတဲ့လုပ်ငန်းစဉ်ကြီးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့တွေ ကျွန်တော့အိမ်ကိုချီတက်ကြပေါ့။ လူတွေခွဲ၊ လက်နက်တွေတပ်ဆင်ပြီးတဲ့နောက်တော့ ခြံအနောက်နဲ့အရှေ့နဲ့ခွဲပြီး နှစ်ဖွဲ့နေရာယူကြတယ်။ ကြားထဲမှာ သစ်ပင်တွေ၊ ခြုံတွေအပြင်၊ အလည်ခေါင်မှာ အိမ်ကြီးကလဲရှိနေတော့ တစ်ဖက်နဲ့တစ်ဖက်မမြင်ကြရဘူး။ ဒီကြားထဲ သေနတ်အကြီးကြီးနဲ့ သူငယ်ချင်းကို မမျှတဘူးဆိုပြီး ဝိုင်းပြောကြပြန်တယ်။ ပြောလဲ ပြောစရာ ပစ္စတိုလေးတွေကြားထဲမှာ သူ့သေနတ်ကြီးက အကြီးကြီးတော်တော်ကြောက်စရာကောင်းတာ။ ကျည်ဆံတွေကလဲ အများကြီးဆံ့သေး။ စာသူငယ်ကြား လဒနားသကဲ့သို့ဆိုတာ အဲလို အခြေအနေမျိုးကိုပြောတာနေမှာ။ နောက်တော့လဲ ဘာဖြစ်လဲ ချကြတာပေါ့ဆိုပြီး စဖြစ်သွားတယ်။ မျက်လုံးတွေမထိအောင် နေကာမျက်မှန်လေးတွေ ကိုယ်စီတပ်ပြီး တစ်ဖက်နဲ့တစ်ဖက်ပစ်ကြပေါ့။ ဒီတော့မှ သေနတ်အကြီးကြီးရဲ့အစွမ်းသိရတော့တယ်။ အဲဒီသေနတ်က ပစ်လိုက်ရင် ကျည်နှစ်တာင့်၊ တစ်ခါတစ်လေသုံးတောင့်တစ်ခါထဲထွက်တယ်။ ထွက်တာက ဘယ်ဘက်ကိုတစ်တောင့်၊ ညာဖက်ကိုတစ်တောင့်ကွေ့ပြီးတော့သွားတာ။ ဘယ်တော့မှ ကျည်ဆံက တည့်တည့်မသွားတာကလား။ ဒီတော့ဘယ်လိုချိန်ပစ်ပစ်သူ့သေနတ်က လူကိုမထိဘူး။ ကျည်ကနှစ်တောင့်လောက်ထွက်တာဆိုတော့ ပြင်းအားလဲလျော့သွားတယ်။ ။ ပထမတော့ ကျန်တဲ့သူတွေက သူ့သေနတ်ကြီးကိုကြောက်ကြပေမယ့် နောက်တော့ အကြောင်းလဲသိသွားရော သူ့ကိုမဲပစ်ကုန်ကြရော။ သူ့မှာ သူ့ရဲ့ဧရာမသေနတ်ကြီးတကားကားနဲ့ ဟိုပြေးဒီပြေးဖြစ်ပြီး ကမ္ဘာကိုပျက်လို့။ တစ်ခြံလုံးလဲ ညာသံပေးသံတွေ၊ တစ်ဖောင်းဖောင်း လေသေနတ်သံတွေ၊ ပြေးကြလွှားကြသံတွေ၊ ငြင်းကြခုန်ကြသံတွေ၊ အော်သံဟစ်သံတွေနဲ့ စီစီညံနေတာပါပဲ။ တစ်ချို့က ဂိုထောင်ဘေးမှာ ကပ်ပေါက်နေတဲ့ မာလကာပင်ပေါ်ကနေတစ်ဆင့် ဂိုထောင်ခေါင်မိုးပေါ်တက်ပြီးနေရာယူကြတယ်။ ခေါင်မိုးသွပ်ပြားရဲ့ စောင်းနေတဲ့အခြမ်းမှာပုန်းပြီးအောက်ကဖြတ်သွားတဲ့သူတွေကို ချောင်းပစ်ကြတယ်။ နောက် သိကုန်ကြတော့ အောက်ကနေဝိုင်းပြီး ပစ်လိုက်ကြတာ သူတို့မှာဆင်းပြေးလို့လဲမရ၊ ပတ်ပြေးလို့လဲမရနဲ့၊ ဂိုဒေါင်အမိုးပေါ်မှာ ပြားပြားကိုဝပ်နေကြရတာပါပဲ။ အငြင်းသန်တဲ့ကောင်တွေကလဲ သေနတ်မှန်တာကို မမှန်ဘူးခံငြင်း၊ ပြီးတော့အနီးကပ်တွေတေ့ပစ်ကြ၊ စကားတွေများကြနဲ့။
ညနေပိုင်းဇာတ်သိမ်းတော့ ကျွန်တော်တို့အားလုံး တစ်ကိုယ်လုံး၊ လက်တွေ၊ခြေတွေ၊ မျက်နှာတွေမှာ ကော်ကျည်ဆံရာအနီဖုတွေကျန်ခဲ့ပြီး၊ သူငယ်ချင်းတစ်ယောက်ရဲ့နေကာမျက်မှန်ကတော့ သေနတ်မှန်ပြီးအက်သွားတယ်။ ချော်လဲ၊ ပြုတ်ကျ၊ ပွန်းတဲ့ပဲ့တဲ့ဒဏ်ရာတွေ အားလုံးနီးပါးရကြပေမယ့် အတော်ကိုပျော်ခဲ့ကြတယ်။ နောက်တစ်ခေါက်ထပ်ချိန်းပြီး ပစ်ကြဖို့အားလုံး အားတက်သရောသဘောတူခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီလို ထပ်မဆော့ဖြစ်ကြတော့တာ ဒီနေ့ထိဆိုပါတော့။
_____________________________________