Tuesday, November 24, 2020

ဘီစီ၊ အေဒီ၊ သာသနာသက္ကရာဇ် နဲ့ မြန်မာသက္ကရာဇ်

ဘီစီ၊ အေဒီ၊ သာသနာသက္ကရာဇ် နဲ့ မြန်မာသက္ကရာဇ်
**************************************
ရှေးဟောင်းဒဏ္ဍာရီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ သမိုင်းနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေရေးတဲ့အခါမှာ မလွှဲမရှောင်သာပါလာတာက ခုနှစ်သက္ကရာဇ်တွေ၊ အေဒီ၊ ဘီစီ ဆိုတဲ့အသုံးအနှုန်းတွေ။ မောင်ဇိပရိသတ်တစ်ချို့ကလဲ အေဒီနဲ့ဘီစီဘာကွာလဲဆိုတာ လာလာမေးတတ်ကြတယ်။ ဒီတော့ သိပြီးသားသူတွေအတွက်တော့ ကိစ္စမရှိပေမယ့် မသိသေးတဲ့သူတွေအတွက် စာဖတ်တဲ့အခါ ပိုအရသာရှိအောင် မောင်ဇိရေးတဲ့ဒဏ္ဍာရီတွေမှာ တစ်ခါတစ်လေပါတတ်တဲ့ ဘီစီ၊ အေဒီဆိုတဲ့စကားလုံးတွေရဲ့အဓိပ္ပါယ်နဲ့ ခုနှစ်သက္ကရာဇ်တွေနဲ့ ဆက်စပ်ရာ ဆက်စပ်ကြောင်းလေးတွေကို ပြောပြသွားပါ့မယ်။

အေဒီ (AD)
********
အေဒီဆိုတာက မောင်ဇိတို့အခုရောက်နေတဲ့ သက္ကရာဇ်စနစ်ဖြစ်ပြီး  Anno Domini (AD) ဆိုတဲ့ အလယ်ခေတ်လက်တင်ဘာသာစကားအတိုလေးကနေလာပါတယ်။ အင်္ဂလိပ်လိုက‌တော့ "In the year of the Lord" ပေါ့။ မြန်မာလိုပြန်ရင်တော့ "ရှင်တော်၏လက်ထက်" တဲ့။ ခရစ်တော်သခင်ရေရှုမွေးတဲ့နှစ်ကနေစတွက်ပါတယ်။ လက်တင်ဘာသာစကားနဲ့ ဒီထက်ပိုရှည်အောင်ပြောထားတာရှိသေးပေမယ့် ဒီလောက်ဆိုလုံလောက်လို့ချန်ခဲ့လိုက်ပါမယ်။ သက္ကရာဇ်နှစ်ထောင်ဆိုရင် အေဒီ ၂၀၀၀ လို့ပြောပြီး ခရစ်တော်မွေးပြီး နှစ်ပေါင်း၂၀၀၀ လို့ဆိုလိုတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ ဆိုရင် AD၂၀၂၀ ပေါ့။ တစ်ခါတစ်လေ ခရစ်သက္ကရာဇ်ကိုလက်ရှိသုံးနေတဲ့သက္ကရာဇ်ဖြစ်လို့ Current Era သို့မဟုတ် Common Era (CE) လို့လဲသုံးပါတယ်။

ဘီစီ(BC)
*******
ဘီစီကတော့ရှင်းပါတယ်။ Before Christ  ဆိုတဲ့အင်္ဂလိပ်စကားလေးကိုပဲ အတိုကောက်ထားတာပါ။ ခရစ်တော်မတိုင်ခင်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ မျဥ်းကြောင်းတစ်ကြောင်းဆွဲပြီး သုညရယ်၊ သုညရဲ့ ဘယ်ဘက်မှာ အနှုတ်တစ်၊ အနှုတ်နှစ်၊အနှုတ်သုံးစသည်ဖြင့်အနှုတ်ကိန်းတွေရယ်၊ သုညရဲ့ညာဘက်မှာ တစ်၊နှစ်၊သုံး စသည်ဖြင့် အပေါင်းကိန်းတွေရယ်ထည့်မယ်ဆိုပါတော့၊ ဘီစီကတော့ အနှုတ်ကိန်းနဲ့တူပြီး အေဒီက အပေါင်းကိန်းနဲ့တူပါတယ်။ ဆိုလိုတာက ဘီစီကိုရောက်သွားတဲ့အခါမှာ ရှေးကျသွားလေ ဂဏန်းအရေအတွက်များလေပါ။ ဥပမာ ဘီစီ ၁၀ ထက် ဘီစီ ၁၀၀ ကပိုရှေးကျပါတယ်။ သူတို့ထက် ဘီစီ ၁၀၀၀ ကပိုရှေးကျတယ်ပေါ့။ ဒီတော့ အဲလိုဆက်သွားမယ်ဆိုရင် ရှေးကျလေ၊ ဘီစီဂဏန်းကြီးလေလေလို့ပြောလို့ ရပါလိမ့်မယ်။ အေဒီကတော့ ဂဏန်းကြီးလာလေ ခေတ်သစ်နဲ့နီးလေပါ။ ဥပမာ အေဒီ ၁၀၀၀ ထက်၊ အေဒီ ၂၀၀၀ ကခေတ်မီတာပေါ့။ ဘီစီကို Before Current Era or Before Common Era (BCE) လို့လဲခေါ်ပါတယ်။

သာသနာသက္ကရာဇ်
***************
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလလောက်အကြာမှာ အရှင်မဟာကဿပမထေရ်မြတ်ကြီးမှူးပြီး ပထမသင်္ဂါယနာတင်ခဲ့တာ  ၇ လလောက်ကြာပါတယ်။အဲဒီနောက်အဲဒီနှစ်ကိုပဲ သာသနာသက္ကရာဇ် ၁ အဖြစ် စတင်သတ်မှတ်ပါတယ်။ ရာဇဂြိုဟ်မင်း အဇာတသတ်နဲ့ အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီးသားသက္ကရာဇ်တစ်ခုကိုဖြိုပြီး စသတ်မှတ်ခဲ့တာပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့အချိန်က ခရစ်တော်မမွေးခင်ကဖြစ်ပြီး အထောက်အထားတွေအရ ဘီစီ ၅၀၀ ဝန်းကျင်လောက်ကဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ခရစ်နှစ်ကို ၅၄၃ ခုပေါင်းလိုက်ရင် သာသနာသက္ကရာဇ်ရပါတယ်။

မြန်မာသက္ကရာဇ်
************
မြန်မာသက္ကရာဇ်ကို ကောဇာ(ဂေါဇာ)သက္ကရာဇ်လို့လဲခေါ်ပြီး သရေခေတ္တရာမင်းဆက် သုမုန္ဒရီမင်း လက်ထက်က စပြီးရေတွက်တယ်လို့ဆိုပါတယ်။ ကောဇာသက္ကရာဇ်ကို ၁၁၈၂ နှစ်ထည့်ပေါင်းရင် သာသနာနှစ်ရပါတယ်။  

ဒီလောက်ဆို တော်တော်လေးရှင်းသွားမယ်ထင်ပါတယ်။

မောင်ဇိ
Ref: Internet

No comments:

Post a Comment