လူနာတစ်ယောက်ကိုခွဲစိတ်ရာက လူသုံးယောက်ကို သေစေခဲ့သူ
**********************************************
ခွဲစိတ်ခံရဖို့လိုအပ်တဲ့သူတစ်ယောက်ကိုခွဲစိတ်အောင်မြင်ပြီး လူနာအသက်ရှင်သွားရင် အောင်မြင်မှု ၁၀၀ ရာနှုန်းလို့ခေါ်တယ်ဆိုပါတော့၊ လူနာသေသွားတယ်ဆိုရင် သေနှုန်း ၁၀၀ ရာခိုင်နှုန်းပေါ့။ ဒါပေမယ့် ထူးထူးခြားခြား သေနှုန်း ၃၀၀ ရာခိုင်နှုန်းဖြစ်အောင် အစွမ်းပြခွဲစိတ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်ရှိခဲ့ဖူးပါတယ်။
(တစ်ကယ်ကတော့ သေဆုံးနှုန်း Mortality rate ကိုတွက်တဲ့ပုံသေနည်းသက်သက်ရှိပါတယ်။ ထားပါတော့)
သူ့နာမည်က ဒေါက်တာ ရောဘတ်လစ်(စ်)တန် (Robert Liston) ပါတဲ့။ စကော့လူမျိုးတစ်ယောက်ဖြစ်တဲ့ လစ်(စ်)တန်က အနောက်တိုင်းမှာ ဓါးအမြန်ဆုံးခွဲစိတ်ဆရာဝန်အဖြစ်ထင်ရှားပါတယ်။ သူဆရာဝန်ဖြစ်ခဲ့တဲ့ ၁၈၂၀ ဝန်းကျင်ကာလတွေမှာ ထုံဆေးတို့၊ မေ့ဆေးတို့မပေါ်သေးပါဘူး (အဲဒီအချိန်က မြန်မာပြည်မှာ ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားရဲ့မြေးတော်၊ ဘကြီးတော်ဘုရားလက်ထက်လောက်ပါ)။ ဒီတော့ လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ခွဲစိတ်ဖြတ်တောက်ချင်ရင် ဒီအတိုင်း လူနာကိုဝိုင်းချုပ်ထားပြီး အမြန်ဆုံးပြီးအောင်ခွဲစိတ်ဖြတ်တောက်ရပါတယ်။ မြန်မြန်ပြီးလေ၊ လူနာဝေဒနာခံစားရချိန်ကနည်းလေမို့လို့ပါ။ ထုံဆေးကတော့ ၁၈၈၄ ခုနှစ်လောက်ရောက်မှ ကိုကိန်းကနေ တရားဝင်စထုတ်လုပ်နိုင်တယ်လို့ဆိုပါတယ်။
လစ်(စ်)တန်ကလူနာတွေကို မိနစ်ပိုင်းအတွင်းမှာခွဲစိတ်ဖြတ်တောက်နိုင်သူအဖြစ် ထင်ရှားတယ်။ အကျော်ကြားဆုံး ခွဲစိတ်မှုကတော့ လူနာတစ်ယောက်ရဲ့ခြေထောက်ကို ၂ မိနစ်ခွဲအတွင်းခွဲစိတ်ဖြတ်တောက်လိုက်တဲ့ ခွဲစိတ်မှုပါ။ အမြန်ခွဲစိတ်ရတဲ့အတွက် ရုန်းကန်အော်ဟစ်နေတဲ့ လူနာရဲ့ခြေထောက်ကိုကိုင်ထားတဲ့ သူ့လက်ထောက်ရဲ့ လက်ချောင်းတွေကိုပါမှားဖြတ်လိုက်ပါတယ်။ အဲဒါတင်မပြီးသေးပါဘူး။ ဘေးကရပ်ကြည့်နေတဲ့ တစ်ခြားခွဲစိတ်ဆရာဝန်အိုကြီးတစ်ယောက်ရဲ့ကုတ်အင်္ကျီအနားသတ်ကိုပါ ဓါးနဲထိုးခွဲမိပါသေးတယ်။ ကုတ်အင်္ကျီစုတ်ပြဲသွားတဲ့ ဆရာဝန်က သွေးတွေနဲ့ပေရေပြီး ပြဲနေတဲ့သူ့အင်္ကျီကိုမြင်ချိန်မှာ သူပါဓါးချက်မိသွားပြီထင်လို့ လန့်ဖျပ်ပြီးမေ့လဲရာကနေ နှလုံးခုန်ရပ်ပြီးအသက်ပါ ပါသွားရှာသတဲ့။ ခြေထောက်ဖြတ်လူနာနဲ့ လက်ချောင်းပြတ်သွားတဲ့ လစ်(စ်)တန်ရဲ့လက်ထောက်ကလဲ ဒဏ်ရာတွေကနေပိုးဝင်ရာက မကြာခင်ပဲဆေးရုံပေါ်မှာဆုံးပါးသွားကြပါတော့တယ်။ ဒါနဲ့ပဲ လူနာသေဆုံးနှုန်း ၃၀၀ ရာခိုင်နှုန်းရှိတဲ့ဆရာဝန်အနေနဲ့နာမည်ကြီးတော့တာ ဒီခေတ်ထိပါပဲ။
ပြီးတော့မပြီးသေးပါဘူး။
သူ့ရဲ့နောက်ထပ်နာမည်ကြီးတဲ့ ခွဲစိတ်မှုတစ်ခုလဲရှိပါသေးတယ်။ အဲဒီမှာကတော့ လူနာရဲ့ခြေထောက်ကို ၂မိနစ်ခွဲအတွင်း ခွဲစိတ်ဖြတ်တောက်လိုက်နိုင်ပေမယ့် အလျင်လိုနေတာနဲ့ စိတ်လှုပ်ရှားပြီး လူနာရဲ့ဝှေးစေ့တွေကိုပါ ဖြတ်ထုတ်လိုက်မိတာပါတဲ့။
လစ်(စ်)တန်အနေနဲ့လဲ ဒီနေ့ခေတ်ထိအဲလိုမျိုးကြီးနာမည်ကြီးနေတာတော့ကြိုက်မယ်မထင်ပါဘူး။ ဒါပေမယ့်လဲ ဒီအဖြစ်အပျက်တွေကမှတ်တမ်းအနေနဲ့ကျန်ခဲ့တာဆိုတော့ ဖတ်မိတဲ့မောင်ဇိလဲ မောင်ဇိရဲ့မိတ်ဆွေတွေကိုပြန်ပြီးဖောက်သည်ချလိုက်ပါတယ်။ ထုံဆေးတွေ၊မေ့ဆေးတွေကောင်းလာတဲ့ ဒီဘက်ခေတ်မှာလူလာဖြစ်ရတာ ကံကောင်းတယ်လို့မှတ်ကြပေါ့ဗျာ။ ။
မောင်ဇိ
(Weird History ဖေ့စ်ဘွတ်ပေ့ချ်ကနေ အနံ့ရလို့ အင်တာနက်မှာတစ်ခြားအသေးစိတ်အချက်အလက်တွေပြန်ရှာပြီး ရေးပါတယ်)
#MaungZitales #history #သမိုင်း #မောင်ဇိ၏ပုံပြင်များ #ရောက်တတ်ရာရာ
===================================================================
လူနာတစ္ေယာက္ကိုခြဲစိတ္ရာက လူသုံးေယာက္ကို ေသေစခဲ့သူ
**********************************************
ခြဲစိတ္ခံရဖို႔လိုအပ္တဲ့သူတစ္ေယာက္ကိုခြဲစိတ္ေအာင္ျမင္ၿပီး လူနာအသက္ရွင္သြားရင္ ေအာင္ျမင္မႈ ၁၀၀ ရာႏႈန္းလို႔ေခၚတယ္ဆိုပါေတာ့၊ လူနာေသသြားတယ္ဆိုရင္ ေသႏႈန္း ၁၀၀ ရာခိုင္ႏႈန္းေပါ့။ ဒါေပမယ့္ ထူးထူးျခားျခား ေသႏႈန္း ၃၀၀ ရာခိုင္ႏႈန္းျဖစ္ေအာင္ အစြမ္းျပခြဲစိတ္ခဲ့တဲ့ ဆရာဝန္တစ္ေယာက္ရွိခဲ့ဖူးပါတယ္။
(တစ္ကယ္ကေတာ့ ေသဆုံးႏႈန္း Mortality rate ကိုတြက္တဲ့ပုံေသနည္းသက္သက္ရွိပါတယ္။ ထားပါေတာ့)
သူ႔နာမည္က ေဒါက္တာ ေရာဘတ္လစ္(စ္)တန္ (Robert Liston) ပါတဲ့။ စေကာ့လူမ်ိဳးတစ္ေယာက္ျဖစ္တဲ့ လစ္(စ္)တန္က အေနာက္တိုင္းမွာ ဓါးအျမန္ဆုံးခြဲစိတ္ဆရာဝန္အျဖစ္ထင္ရွားပါတယ္။ သူဆရာဝန္ျဖစ္ခဲ့တဲ့ ၁၈၂၀ ဝန္းက်င္ကာလေတြမွာ ထုံေဆးတို႔၊ ေမ့ေဆးတို႔မေပၚေသးပါဘူး (အဲဒီအခ်ိန္က ျမန္မာျပည္မွာ ကုန္းေဘာင္မင္းဆက္ ဘိုးေတာ္ဘုရားရဲ႕ေျမးေတာ္၊ ဘႀကီးေတာ္ဘုရားလက္ထက္ေလာက္ပါ)။ ဒီေတာ့ လူ႔ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို ခြဲစိတ္ျဖတ္ေတာက္ခ်င္ရင္ ဒီအတိုင္း လူနာကိုဝိုင္းခ်ဳပ္ထားၿပီး အျမန္ဆုံးၿပီးေအာင္ခြဲစိတ္ျဖတ္ေတာက္ရပါတယ္။ ျမန္ျမန္ၿပီးေလ၊ လူနာေဝဒနာခံစားရခ်ိန္ကနည္းေလမို႔လို႔ပါ။ ထုံေဆးကေတာ့ ၁၈၈၄ ခုႏွစ္ေလာက္ေရာက္မွ ကိုကိန္းကေန တရားဝင္စထုတ္လုပ္ႏိုင္တယ္လို႔ဆိုပါတယ္။
လစ္(စ္)တန္ကလူနာေတြကို မိနစ္ပိုင္းအတြင္းမွာခြဲစိတ္ျဖတ္ေတာက္ႏိုင္သူအျဖစ္ ထင္ရွားတယ္။ အေက်ာ္ၾကားဆုံး ခြဲစိတ္မႈကေတာ့ လူနာတစ္ေယာက္ရဲ႕ေျခေထာက္ကို ၂ မိနစ္ခြဲအတြင္းခြဲစိတ္ျဖတ္ေတာက္လိုက္တဲ့ ခြဲစိတ္မႈပါ။ အျမန္ခြဲစိတ္ရတဲ့အတြက္ ႐ုန္းကန္ေအာ္ဟစ္ေနတဲ့ လူနာရဲ႕ေျခေထာက္ကိုကိုင္ထားတဲ့ သူ႔လက္ေထာက္ရဲ႕ လက္ေခ်ာင္းေတြကိုပါမွားျဖတ္လိုက္ပါတယ္။ အဲဒါတင္မၿပီးေသးပါဘူး။ ေဘးကရပ္ၾကည့္ေနတဲ့ တစ္ျခားခြဲစိတ္ဆရာဝန္အိုႀကီးတစ္ေယာက္ရဲ႕ကုတ္အက်ႌအနားသတ္ကိုပါ ဓါးနဲထိုးခြဲမိပါေသးတယ္။ ကုတ္အက်ႌစုတ္ၿပဲသြားတဲ့ ဆရာဝန္က ေသြးေတြနဲ႔ေပေရၿပီး ၿပဲေနတဲ့သူ႔အက်ႌကိုျမင္ခ်ိန္မွာ သူပါဓါးခ်က္မိသြားၿပီထင္လို႔ လန႔္ဖ်ပ္ၿပီးေမ့လဲရာကေန ႏွလုံးခုန္ရပ္ၿပီးအသက္ပါ ပါသြားရွာသတဲ့။ ေျခေထာက္ျဖတ္လူနာနဲ႔ လက္ေခ်ာင္းျပတ္သြားတဲ့ လစ္(စ္)တန္ရဲ႕လက္ေထာက္ကလဲ ဒဏ္ရာေတြကေနပိုးဝင္ရာက မၾကာခင္ပဲေဆး႐ုံေပၚမွာဆုံးပါးသြားၾကပါေတာ့တယ္။ ဒါနဲ႔ပဲ လူနာေသဆုံးႏႈန္း ၃၀၀ ရာခိုင္ႏႈန္းရွိတဲ့ဆရာဝန္အေနနဲ႔နာမည္ႀကီးေတာ့တာ ဒီေခတ္ထိပါပဲ။
ၿပီးေတာ့မၿပီးေသးပါဘူး။
သူ႔ရဲ႕ေနာက္ထပ္နာမည္ႀကီးတဲ့ ခြဲစိတ္မႈတစ္ခုလဲရွိပါေသးတယ္။ အဲဒီမွာကေတာ့ လူနာရဲ႕ေျခေထာက္ကို ၂မိနစ္ခြဲအတြင္း ခြဲစိတ္ျဖတ္ေတာက္လိုက္ႏိုင္ေပမယ့္ အလ်င္လိုေနတာနဲ႔ စိတ္လႈပ္ရွားၿပီး လူနာရဲ႕ေဝွးေစ့ေတြကိုပါ ျဖတ္ထုတ္လိုက္မိတာပါတဲ့။
လစ္(စ္)တန္အေနနဲ႔လဲ ဒီေန႔ေခတ္ထိအဲလိုမ်ိဳးႀကီးနာမည္ႀကီးေနတာေတာ့ႀကိဳက္မယ္မထင္ပါဘူး။ ဒါေပမယ့္လဲ ဒီအျဖစ္အပ်က္ေတြကမွတ္တမ္းအေနနဲ႔က်န္ခဲ့တာဆိုေတာ့ ဖတ္မိတဲ့ေမာင္ဇိလဲ ေမာင္ဇိရဲ႕မိတ္ေဆြေတြကိုျပန္ၿပီးေဖာက္သည္ခ်လိုက္ပါတယ္။ ထုံေဆးေတြ၊ေမ့ေဆးေတြေကာင္းလာတဲ့ ဒီဘက္ေခတ္မွာလူလာျဖစ္ရတာ ကံေကာင္းတယ္လို႔မွတ္ၾကေပါ့ဗ်ာ။ ။
ေမာင္ဇိ
(Weird History ေဖ့စ္ဘြတ္ေပ့ခ်္ကေန အနံ႔ရလို႔ အင္တာနက္မွာတစ္ျခားအေသးစိတ္အခ်က္အလက္ေတြျပန္ရွာၿပီး ေရးပါတယ္)
#MaungZitales #history #သမိုင္း #ေမာင္ဇိ၏ပုံျပင္မ်ား #ေရာက္တတ္ရာရာ
No comments:
Post a Comment