ကြောင်အသစ်ကလေးများ
ကျွန်တော်ခရီးဝေးမှအိမ်သို့ပြန်လာသောအခါ ဘုရားစင်နောက်မှ ပြူတစ်ပြူတစ်လုပ်နေသော ကြောင်ခေါင်းကလေးနှစ်ခုကိုတွေ့ရသည်။ အနားကပ်သွားသောအခါ စပ်စုသည့် သတ္တဝါလေးနှစ်ကောင်မှာ ဘုရားစင်နောက်သို့ လှစ်ခနဲဝင်ပြေးသွားကြလေသည်။ အိမ်တွင် ကြောင်အသစ်လေးနှစ်ကောင်ရောက်နေခြင်းပင်။
နှစ်ကောင်လုံးမှာ အိပ်အပေါ်ထပ်ရှိဘုရားစင်ပေါ်တွင်တက်၍
အခန့်သားနေထိုင်ကြကာ အိမ်အောက်သို့မဆင်းကြ။ အစာကိုလည်း အိမ်ပေါ်သို့ပင်တက်ကျွေးရကာ ဘုရားစင်နောက်တွင်တစ်နေကုန်ပုန်းနေကြလေသည်။
ညဘက်လူအိပ်ချိန်ရောက်မှ အောက်ဆင်း၍ တွေ့သမျှကိုက၊် ရှိသမျှကုတ်ဖဲ့ကာသောင်းကျန်းကြသည်။
ကြောင်ကလေးနှစ်ကောင်မှာ ဝဖီးပြီး၊ ချောမောလှပ လှသည်။ ရောက်ရောက်ချင်း အနားကပ်ရန်ကြိုးစားကြည့်သော်လည်း ကျွန်တော့်ကို ဂြိုဟ်သားတစ်ကောင်လို ပြူးကြောင်ကြောင်ကြည့်ကြ၍ အူလျားဖားလျား သုတ်ခြေတင်ကြလေသည်။ပြေးလွှား၍ ဘုရားစင်နောက်တွင်ပုန်းအောင်းနေကြသောကြောင့်
သူတို့အားကိုင်တွယ်ရန်ကို ကျွန်တော်လက်လျှော့ထားလိုက်သည်။ သို့သော်လှေကားအတက်အဆင်းလုပ်တိုင်း
စောင်းငဲ့၍ကြည့်လိုက်လျှင် လှေကားဘေးရှိ ထိုင်ခုံများအောက်မှ မျက်လုံးအဝိုင်းသားနှင့်ချောင်းကြည့်နေကြသော
သူတို့နှစ်ကောင်ကို မြင်ရလေသည်။
ကျွန်တော်ပြန်ရောက်ပြီး ဒုတိယညတွင် မီးခိုးရောင်ကြောင်ကလေးနှင့်စတင် သိကျွမ်းမိတ်ဖွဲ့ရသည်။
သူ့ရှေ့ တွင်ထိုင်၍ လက်ကမ်းပေးသောအခါ ပြေးလာချင်သောအမူအရာများကို
ပြသည်။ ရှေ့ သို့မတိုးသွားပဲ စိတ်ရှည်ရှည်နှင့်ထိုင်စောင့်ကာ လက်ကမ်းပေး၍ခေါ်သောအခါ
မကြာမီပင် ကျွန်တော့ကို ယုံကြည်စိတ်ချလာဟန် အနားကပ်လာသည်။ ခေါင်း၊ ပါးနှင့် ကျောကုန်းကို
ပွတ်သပ်ပေးလိုက်သောအခါ တစ်ဖြည်းဖြည်းနှင့် ကျွန်တော့ကို လုံးဝယုံကြည်စိတ်ချလာပြီး အနားတွင်ပွတ်သီးပွတ်သပ်လုပ်ကာနေလေတော့သည်။ အလွန်ခင်လွန်း၍ ကျွန်တော့အခန်းထဲထိပင်လိုက်ဝင်မည် အကြံအစည်နှင့် တရကြမ်း ပြေးလာသောကြောင့် ကျွန်တော့မှာ တံခါးအမြန်ပိတ်၍ အခန်းထဲသို့ဝင်ပြေးရသေးသည်။ အဖြူနှင့်အဝါကြားကြောင်ကလေးမှာမူ ဘုရားစင်အမိုးပေါ်မှသာ ချောင်းကြည့်နေပြီး အောက်သို့ဆင်းမလာပေ။
နောက်နေ့တွင်မူ နှစ်ကောင်လုံး ကျွန်တော့ အနားရစ်ဝဲနေတော့သည်။ အကြောင်းမှာ သူတို့ကြိုက်တတ်သည့် ကြောင်စာများထည့်ထားသည့်ဗူးကို တစ်ဂျောင်းဂျောင်းလှုပ်ပြနေလိုက်သောကြောင့်ပင်။ကျွန်တော် ခေတ္တနေထိုင်ခဲ့ဖူးသော ကျွန်းနိုင်ငံလေးတစ်နိုင်ငံမှ
ကြောင်များမှာမူ လူနှင့်အလွန်ယဉ်ပါးကြသည်။ ဘေးမဲ့ပေးထားသည့် အနှီကြောင်များမှာ တိုက်ခန်းများအောက်၊
မြေညီထပ်သံမံတလင်းတွင် ဝဝဖီးဖီးနှင့်လွတ်လပ်စွာ နေထိုင်ကြသည်။ ဖြတ်သွားဖြတ်လာလူများကိုလည်းမကြောက်၊
မော့ကြည့်လိုက်၊ အိပ်လိုက်နှင့်ပင် လူသွားလမ်းဘေးတွင် ဇိမ်ကျနေကြသည်ကို တွေ့ရသည်။ သူတို့အနီးသို့
ကျွန်တော်ကပ်သွားလျှင်လည်း ကြောက်ရွံ့ ဟန်မရှိပဲ ငြိမ်သက်စွာ အဖမ်းအဆီးခံကြသည်။ တစ်ခါတစ်ရံ
ကျွန်တော်ပွတ်သပ်ချော့မြူပေးလိုက်သော ထိုကြောင်ဝဝလေးများမှာ ကျွန်တော့နောက်သို့တကောက်ကောက်လိုက်လာတတ်သဖြင့်
ကျွန်တော်နေထိုင်ရာ အခန်းပေါ်သို့ ဓါတ်လှေကားဖြင့်အမြန်ပြေးတက် မျက်ချေဖြတ်ရသေးသည်။
ထိုမျှအထိ လူနှင့်ယဉ်ပါးသော ကြောင်များကို ရက်ရက်စက်စက်၊ နှိပ်စက်ကလူပြုတတ်ကြသော
လူရမ်းကားများအကြောင်းကို သတင်းစာများတွင်ဖတ်ရသောအခါ တိရစ္ဆာန်ထက်ပင် အောက်တန်းကျသောထိုလူစားမျိုးကို
အလွန်ပင်အော့နှလုံးနာမိသည်။ မိမိထက် အဆမတန် အင်အားငယ်သော၊ လူကိုအန္တရာယ်မပေးတတ်သော သတ္တဝါငယ်လေးများကို
ထိုလူများသည် အဘယ်ကြောင့် ရက်စက်စွာ နှိပ်စက် သတ်ဖြတ်ဝံ့သည့် စိတ်နှလုံးရှိကြပါသနည်း။
ကိုယ်ချင်းစာတရားများ၊ ကရုဏာတရားများ အဘယ်ကြောင့်ခေါင်းပါးကြပါသနည်း။ ထိုလူမျိုးများအကြောင်းမှာ
တွေးလိုက်တိုင်းဒေါသထွက်ရ၍ မစဉ်းစားသည်မှာ ပိုကောင်းပေလိမ့်မည်။
ကြောင်များနှင့်မိတ်ဆက်ခြင်း
ကျွန်တော်ပထမဆုံးမှတ်မိသော ကြောင်ကလေးများမှာ ကျွန်တော် ၇ နှစ်၊ ၈နှစ်သားအရွယ်ခန့်က
တွေ့ဖူးသော ကြောင်ကလေးများဖြစ်သည်။ ကျွန်တော်တို့အိမ်အနောက်ဖက်ရှိ ဘဘမောင်နှင့်အန်တီအုပ်တို့အိမ်မှ
မွေးထားသောကြောင်ကလေးများပင်။သူတို့အိမ်တွင် သေးသေးပိစိမှ ကြီးကြီးဝတုတ်ထိ ကြောင်အရွယ်စုံ
ဆယ်ကောင်ကျော်ခန့်ရှိသည်။ တစ်နေ့ကို နှစ်ခေါက်ခန့်တော့ သူတို့အိမ်သို့ ကျွန်တော်ကြောင်သွားကြည့်မြဲဖြစ်သည်။
ကြောင်အသစ်ကလေးများပေါက်လျှင် ဘဘမောင်တို့၏ သမီးများဖြစ်သော မမမြင့်၊ မမမူ၊ မမဖြူတို့က
ကျွန်တော့ကိုခေါ်ပြလေ့ရှိသည်။ကြောင်အမေကြီးမှ ကလေးများကိုနေရာရွှေ့သွားမည်ဖြစ်သောကြောင့်
လူစိမ်းဖြစ်သောကျွန်တော်တို့က ကြောင်ကလေးများကိုမူ မကိုင်တွယ်ရပေ။ နေ့စဉ်ကြည့်ယုံသာ
သွားကြည့်၍ ကြောင်ကလေးများနေကောင်းလား၊ မျက်စိဖွင့်ပြီလား စောင့်ကြည့်လေ့ရှိသည်။ တစ်ခါတစ်ရံ
မျက်စိတစ်ဖက်တိမ်ဖုံးသော ကြောင်ကလေးများပါလာလျှင် စိတ်မကောင်းဖြစ်ရသည်။ ဝဝနှင့် ကစ်ကစ်ဟူသောကြောင်ကလေးနှစ်ကောင်မှာ
ကျွန်တော့ကိုအင်မတန်ခင်သည်။ ခွေးကိုက်ခံရ၍ ကြောင်ကလေးတစ်ကောင်သေသွားသောအခါ ကျွန်တော်မျက်ရည်ကျရသည်။
ကိုက်သောခွေးကို အလွန်မုန်း၍ ခဲနှင့်ပေါက်ချင်သည်။
တစ်ညတွင် ကျွန်တော့အိမ်ရှိအိပ်ယာ၌ ကျွန်တော်အိပ်ပျော်နေစဉ်
အိပ်ယာဘေး၌ ချိုးချိုးချွတ်ချွတ် လှုပ်ရှားသံကြားသောကြောင့် ခြင်ထောင်ဖွင့်ကြည့်ရာ
ငုတ်တုတ်ထိုင်နေသောကြောင်ကလေးတစ်ကောင်ကို လရောင်ဖြင့် တွေ့ရသည်။ အလည်လွန်၊ ခြေရှည်၍
ဘဘမောင်တို့အိမ်မှ ကျွန်တော့အိမ်အိပ်ယာဘေးထိ ရောက်လာသောကြောင်လမ်းများ၊ လမ်းသလားလေးပင်ဖြစ်သည်။
ခြင်ထောင်ဖွင့်ပေးလိုက်သောအခါ ခြင်ထောင်ထဲဝင်လာ၍ ကျွန်တော့်လက်ကိုလျှာဖြင့်လျက်နေလေသည်။
ကြောင်တို့၏စရိုက်မှာ ပိုင်ရှင်ပင်ဖြစ်စေကာမူ သူ့အိမ်မဟုတ်သောအခြားနေရာ၌တွေ့ပါက အကိုင်ခံလေ့၊
အဖမ်းခံလေ့မရှိပေရာ ယခုကြောင်ကလေး၏စရိုက်မှာ အဆန်းပင်ဖြစ်သည်။ ပိုင်ရှင်မဟုတ်သော ကျွန်တော်၏အိမ်သို့ရောက်လာပြီး
ကျွန်တော့ခြင်ထောင်ထဲတွင် ပွတ်သီးပွတ်သပ်လာလုပ်နေပုံမှာ ကျွန်တော့ကို ကောင်းကောင်းမှတ်မိနေဟန်ရှိသည်။
တော်တော်လည်းခင်မင်၍ ဖြစ်ပေလိမ့်မည်။ ကျွန်တော့မှာမူ စိတ်လှုပ်ရှားလွန်း၍ ကြောင်လေးကိုပိုက်ကာ
တစ်ညလုံးအိပ်မပျော်တော့။ ဘဘမောင်တို့တော့ ကြောင်ပျောက်၍စိတ်ပူနေတော့မည်ဟု တွေးနေမိသည်။
မနက်မိုးလင်းလင်းချင်း ကြောင်လေးကိုပိုက်၍ သူ့အိမ်သို့သွားပြန်ပို့ရာ မနက်၅နာရီ၊ အလွန်စောသောအချိန်ဖြစ်၍
ဘဘမောင်တို့ပင် မနိုးကြသေးပေ။ ဝီရိယနှင့် စေတနာထက်သန်လှသောကျွန်တော်က အိပ်ပျော်နေသော
ဘဘမောင်တို့အား မရမကနှိုး၍ ကြောင်ပျောက်သောကြောင့်စိတ်မပူရန်ပြောပြီး ကြောင်ကလေးကိုပြန်အပ်ခဲ့ပါသည်။
ဘဘမောင်တို့အိမ်သွားတိုင်း လမ်းတွင်ကြောင်ဆေးပင်လေးများကိုရှာဖွေ၍
နှုတ်ယူသွားကာ ကြောင်ကလေးများအား ကျွေးရသည်။ ကြောင်ကလေးများမှာ ထိုအပင်၏အမြစ်များကို
အလွန်သဘောကျ၍ နှုတ်သီးဖြင့်ပွတ်၊ ပါးဖြင့်ပွတ်ကစားကာ ဝါးစားလေ့ရှိသည်။ ကြောင်ဆေးပင်များ
မျိုးတုန်းသွားမည်ဖြစ်သောကြောင့် နေ့စဉ်မနှုတ်ယူရန် အန်တီအုပ်က အကြံပေးသောအချိန်ထိဖြစ်သည်။
ကျွန်တော်တို့ခြံမှာ အတန်ငယ်ကျယ်၍ အိမ်မှ ဘဘမောင်တို့အိမ်တို့သွားရာ လူသွားလမ်း ဝဲယာတွင်
အပင်ငယ်မျိုးစုံ သဘာဝအလျှောက်ပေါက်နေ၍ ကြောင်ဆေးပင်များလည်း အပါအဝင်ဖြစ်သည်။
ဘဘမောင်တို့အိမ်နှင့်ကျွန်တော်တို့အိမ်မှာ ခြံကျယ်ကြီးတစ်ခုထဲတွင်
အတူတကွတည်ရှိခြင်းဖြစ်ရာ ခြံထဲတွင်ယောင်ပေ၊ ယောင်ပေလာလုပ်သောခွေးများအား ကျွန်တော်ကခဲနှင့်ပစ်ခတ်ခြောက်လှန့်ကာ
မောင်းထုတ်၍ ကြောင်ကလေးများကို ကာကွယ်ပေးရပါသေးသည်။ ကိုယ်ပိုင်ကြောင်တစ်ကောင်ရှိလိုသော်လည်း
ကြောင်မိသားစုလေးများကို မခွဲရက်သောကြောင့် မတောင်းယူဖြစ်ခဲ့ပါ။
ကျွန်တော်တို့အိမ်သို့ ဧည့်သည်လာပါက ကလေးများပါလာလျင် အသစ်အဆန်းအဖြစ်ဖြင့်ကျွန်တော်လိုက်ပြသောအရာမှာ
ကြောင်ကလေးများပင်ဖြစ်သည်။ ဆိုးသွမ်းသော၊ ကြောင်လေးများကို နှိပ်စက်တတ်သော၊ အကိုင်အတွယ်ကြမ်းတမ်းသည့်ကလေးများကိုမူ
ကြောင်ကလေးများရှိရာသို့ ကျွန်တော်မခေါ်သွားပါ။ ပြောစကားနားထောင်သော၊ ယဉ်ကျေးသိမ်မွေ့သော
ကျွန်တော့ညီဝမ်းကွဲလေးများအား အနောက်ဖက်အိမ်တွင်ကြောင်များစွာမွေးထားကြောင်း၊ အလွန်ချစ်စရာကောင်းကြောင်းပြောပြ၍
ကြောင်ကလေးများရှိရာသို့ခေါ်ပြလေ့ရှိပါသည်။ ရှစ်နှစ်သားကျွန်တော့တွင် ကြောင်ကလေးများအပေါ်ကြင်နာစိတ်ရှိသော
ညီဝမ်းကွဲလေးများလည်းရှိပါသည်။ ခရီးဝေးမှလာလည်လျှင်ပင် ရောက်ရောက်ချင်းကြောင်ကလေးများကို
သွားကြည့်တတ်သည့်အကျင့်ပါ အချို့ ညီများရသွားကြပါသည်။
ဤသို့ဖြင့် ဖေဖေ့အလုပ်တာဝန်ဖြင့်
ကျွန်တော်တို့မိသားစု အခြားမြို့တစ်မြို့ သို့ ပြောင်းရွှေ့ ရသောအခါ မျက်ရည်လည်ရွှဲဖြင့်
ကြောင်ကလေးများကိုခွဲခွာခဲ့ရပါသည်။ ထိုခြံတွင်ကျွန်တော်သံယောဇဉ်အဖြတ်ရအခက်ဆုံးမှာ ကြောင်ကလေးများပင်ဖြစ်ပေလိမ့်မည်။
ကျွန်တော်၏ကိုယ်ပိုင်ကြောင်
အခြားမြို့ သို့ပြောင်းရွှေ့ ပြီးသောအခါ ကိုယ်ပိုင်ကြောင် ဗိုက်ပူ၊နံကားလေးတစ်ကောင်မွေးခွင့်ရသည်။
ဘယ်ကရောက်လာသည့်ကြောင်ဖြစ်သည်ကိုမူကား မမှတ်မိတော့။ ထိုမတိုင်ခင်ကမူ ကျူရှင်တက်သည့်ဆရာမအိမ်မှ
ကြောင်ကလေးများအတွက် ကတ်ထူပြားများနှင့်ဗူးလုပ်ကာ ကြောင်ဆေးပင်အမြစ်ကလေးများကိုထည့်၍
ယူသွားကာကျွေးရပါသည်။ ဘဘမောင်နှင့် အန်တီအုပ်တို့ထံမှ သင်ယူခဲ့သော ကြောင်ဗဟုသုတများကြောင့်
ကြောင်ဆေးပင်လေးများကို မည်သည့်နေရာတွင်တွေ့တွေ့ ကျွန်တော်ခွဲခြားတတ်နေပြီဖြစ်သည်။
ကြောင်များမျက်နှာသစ်ခြင်း၊ လက်သည်းသွေးခြင်း၊ ပါးနှင့်မေးကိုပွတ်သပ်ခံလိုခြင်းစသည့်
ကြောင်အမူအရာများ၊ ကြောင်နှင့်ပက်သက်သည့်အချက်များကိုကားကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်ပြီး
ဖြစ်နေလေပြီ။ အမြှီးကိုဆွဲလျှင်ကြောင်များအလွန်စိတ်ဆိုးသည်ဟူသော အန်တီအုပ်ပြောစကားကြောင့်
ကြောင်အမြှီးကို လိုက်လံဆွဲသည့်ကလေးများတွင် မည်သည့်အခါမှကျွန်တော်မပါခဲ့ပေ။ ထိုမျှမက
ကြောင်များကို အမြှီးဆွဲ၍နှိပ်စက်တတ်သောကလေးများကိုလည်း တားမြစ်နိုင်က တားမြစ်လေ့ရှိသည်။
နောက်ပိုင်းမှ ကျွန်တော်သိလာရသည်မှာ လက်ဆော့၊ ခြေဆော့နှင့်ကြောင်ကို အမြှီးဆွဲ၍နှိပ်စက်တတ်သော
အမြင်ကတ်ဖွယ်ရာ လူကြီးများလည်း ရှိတတ်သေးကြောင်းပင်။
ကျွန်တော်၏ ပထမဆုံးကိုယ်ပိုင်ကြောင်လေးကို “ပိစိ” ဟု နာမည်ပေးလိုက်သည်။ အညိုရောင် မွဲခြောက်ခြောက်နှင့်
ဗိုက်ပူနံကား၊ သေးသေးကွေးကွေးကြောင်ကလေးဖြစ်သောကြောင့်ဖြစ်သည်။ ထိုကြောင်လေးသည် အကောင်သာငယ်သော်လည်း
အင်မတန်အာပြဲ၏။ သူ့ကိုအခန်းပြင်ထုတ်ထားပါက တစ်ညောင်ညောင်နှင့် တစ်ညလုံးနားငြီးအောင်
အော်ပြပါလိမ့်မည်။ တံခါးဖွင့်ပေးလိုက်ပါက တဂူးဂူးအော်မြည်ရင်းလူကြားထဲတွင်တိုးဝှေ့အိပ်ပါလိမ့်မည်။
မနက်မိုးလင်းလျှင် စောင်ပေါ်၌ ပျော့စိစိ၊ နံဟောင်ဟောင် ကြောင်ချီးများကို လက်ဆောင်အဖြစ်ထားခဲ့ပါလိမ့်ဦးမည်။
ထိုသို့သောအချက်များကြောင့်ပင် ဒင်းကို အခန်းပြင်တွင်သိပ်ရခြင်းဖြစ်သည်။ သစ်သားနံရံတွင်
ကြောင်ဝင်ပေါက်လေးတစ်ခုရှိရာ ကျွန်တော့အစ်မများက ပိစိဝင်၍မရအောင် အုတ်ခဲတစ်လုံးဖြင့်ပိတ်ထားလေ့ရှိသည်။
ဇွဲကောင်းသောပိစိသည် ထိုအုတ်ခဲကို ခေါင်းဖြင့်တွန်းရွှေ့၍ အခန်းတွင်းသို့ဝင်ခြင်းအတတ်ကို
တတ်မြောက်သွားပါသည်။ သူမတွန်းနိုင်စေရန် အုတ်ခဲအပြင် အခြားလေးလံသောအရာများဖြင့်ပါပိတ်ဆို့ထားပါမှ
ကြောင်မင်းကြီးသားမှလက်လျှော့ကာ တစ်ညောင်ညောင်အသံဝင်အောင် ထိုင်အော်နေပါတော့သည်။
တစ်ညလုံးအော်နေသော ပိစိအားကျွန်တော်မကြည့်ရက်ပါ။ အပြင်တွင်ချမ်းနေမည့်ပိစိအား သနားလွန်းသောကြောင့်
အစ်မများအလစ်တွင်အခန်းတွင်းသို့ပေးဝင်၍ ကျွန်တော့စောင်အောက်တွင်ဖွက်ကာသိပ်ထားပါသည်။
မနက်မိုးလင်းလျှင် စောင်ခြေရင်းအစပ်မှ နံစော်နေသော ကြောင်ချီးတစ်ပုံမှာ ပိစိမှကျွန်တော့အားကျေးဇူးဆပ်ထားခြင်းဖြစ်သည်။
စောင်မကြာခဏလျှော်ရလွန်းသောကြောင့် အစ်မများက ကျွန်တော့ကိုဆူပါသည်။ ကျွန်တော်က အကျင့်ယုတ်သောပိစိကိုလက်ဖြင့်ရိုက်ပါသည်။
မျက်လုံးလေး ကလည် ကလည်ဖြင့် ငြိမ်ခံနေသောအခါ သူ့ကိုကျွန်တော်မရိုက်ရက်တော့ပြန်။ အိပ်ယာထဲသို့
ထည့်မသိပ်ဖြစ်တော့သည့်တိုင် ကျွန်တော်စာကြည့်လျှင်သူ့ကို ကျွန်တော်အင်္ကျီထဲသို့သွင်း၍
ဗိုက်ထဲသို့ကားသွင်းထားမြဲဖြစ်သည်။ ထိုအခါများတွင် ပိစိသည် အလွန်အင်မတန်ကျေနပ်၍ တစ်ဂူးဂူးအော်မြည်ကာ
မှိန်းနေလေ့ရှိသည်။ ချမ်းအေးသောထိုဒေသတွင် ကြောင်ကလေးတစ်ကောင်အား ဗိုက်ပေါ်တင်၍ အင်္ကျီဖြင့်အုပ်ထားရခြင်းသည်
နှစ်ဦးနှစ်ဖက်အကျိုးရှိလှသည်။ သူရော ကျွန်တော်ပါ နွေးသောကြောင့်ဖြစ်သည်။
ဤသို့ဖြင့် ပိစိမှစကာ သူများထံမှတောင်း၍ တစ်ဖုံ၊ သူ့ဟာသူ
ရောက်လာ၍တစ်သွယ်၊ အိမ်တွင်လာပေါက်၍ တစ်နည်း ကိုယ်ပိုင်ကြောင်ကလေးပေါင်းများစွာကို မွေးမြူခွင့်ရခဲ့ပါသည်။
မှတ်မှတ်ရရ ကြောင်ပေါင်းများစွာလည်း ရှိခဲ့သည်။ ကိုယ့်ကလေးကိုယ် ပြန်ကိုက်စားတတ်သောကြောင့်
အတင်းချုပ်၍ ကလေးများကိုနို့တိုက်ခဲ့ရသော ကြောင်မကြီး၊ မွေးပြီးပြီးချင်း အမေစွန့်ပစ်သွားသောကြောင့်
နို့ဖျော်တိုက်ကာမွေးခဲ့ရသော ကြောင်ကလေးများ၊ တစ်မြို့ မှတစ်မြို့ အပြောင်းအရွှေ့ တွင်
ခရီးဝေးသောကြောင့် မသယ်နိုင်ဘဲ ဝမ်းနည်းနည်းနှင့်ပင်သူများကို ပေးပစ်ခဲ့လိုက်ရသောကြောင်ကလေးများ၊ သူများတောင်းသောကြောင့် မပေးချင်ပေးချင်ဖြင့်ပေးလိုက်ရသည့်ကြောင်ကလေးများ
စသည်ဖြင့် မရေမတွက်နိုင်အောင်ပင်။
ကြောင်လိမ္မာလေးတစ်ကောင်
ထိုအထဲမှ အမှတ်အရဆုံးမှာ မိကျား ဖြစ်သည်။ နားရွက်နှစ်ဖက်ကြား
နှဖူးပြင်တွင် အညိုရင့်ရောင် ဒေါင်လိုက်အစင်းကြားများပါသောကြောင့် မိကျားဟုနာမည်ပေးလိုက်ခြင်းဖြစ်သည်။
ကိုယ်လုံးမှာ အညိုနုရောင်ဖြစ်ပြီး အညိုရင့်ရောင် အစက်အပြောက်ကလေးများ ကိုယ်၏ဘေးတစ်ဖက်တစ်ချက်တွင်
ပါ၍ လှုပ်ရှားသွားလာပုံ၊ ပြုမူနေထိုင်ပုံများမှာလည်း ကျားမကလေးတစ်ကောင်နှင့်တူသည်။
ကျောကုန်းမှာ အညိုရင့်ရောင်ဖြစ်၍ ချောမောပြောင်လက်နေသည်။ မျက်နှာမှာ ပြည့်ပြည့်လုံးလုံးဖြစ်ပြီး
မျက်လုံးဝိုင်းဝိုင်းစက်စက်လေးများမှာ အသိညဏ်မြင့်သည့်ဟန်ဆောင်သည်။ ကြောင်ချောချောသည့်
ကြောင်မကလေးပင်ဖြစ်သည်။
မိကျားကို ကျွန်တော်တို့အိမ်တွင်ပင်မွေးသည်။ သူ့အမေမှာ ဘယ်ကရောက်လာမှန်းမသိ၊
ဗိုက်ကြီးနှင့်အိမ်သို့ရောက်လာကာ သူတို့တစ်ပြုံကိုမွေး၍ မကြာမီပင်ပျောက်သွားသည်။ မိကျားမှာ
ငယ်စဉ်ကတည်းက ကျွန်တော်တို့နှင့် အတူနေခဲ့၍ လူနှင့်အလွန်ယဉ်ပါးသည်။ သူ့နာမည်ခေါ်လျှင်နားရွက်ထောင်ကြည့်ကာ
ပြေးလာတတ်သည်။ “ကျားကျားရေ” ဟုများ ခေါ်လိုက်လျှင် “ညောင်” ဟု ထူးကာ ရွက်ထောင် အမြှီးကိုထောင်၍ပြေးလာတတ်သည်။
အထူးသဖြင့် ကျွန်တော့အစ်မကိုသူ အလွန်ခင်သည်။ ညဘက် အိပ်လျှင် ကျွန်တော့အစ်မအခန်းထဲတွင်
အိပ်လေ့ရှိသည်။ မမအပြင်က ပြန်မလာမချင်း လှေကားထိပ်တွင် ငုတ်တုတ်ထိုင်ကာ စိတ်ရှည်လက်ရှည်စောင့်တတ်သည်။
မမပြန်လာပါကလည်း တံခါးဝထိ “ညောင်” ဟု အသံပေးကာ ပြေးကြိုတတ်သည်။ မမအိပ်ယာဝင်လျှင် ခုတင်ပေါ်တက်ကာ
ခြေရင်းတွင်နေရာယူသည်။ ညဘက် အပေါ့အလေးသွားချင်လျှင် မမအခန်းတံခါးကိုလက်နှင့်ကုတ်ကာ
အချက်ပေးသည်။ အိပ်နေရာမှထကာ သူ့ကို တံခါးဖွင့်ပေးရသည်။ ထိုအခါမျိုးတွင် ရေချိုးခန့်ရှိရာသို့
သူပြေးသွားကာ သုံးပြီးသားရေများကျသည့်အပေါက်ဝတွင်ထိုင်၍ သူ့ကိစ္စကိုရှင်းလေသည်။ ပြီးလျှင်တစ်ခါ
မမအခန်းရှိရာသို့ပြန်လာပြီး တံခါးကိုကုတ်ပြန်သည်။ မဖွင့်ပေးမချင်း တစ်ညောင်ညောင်အော်၍ကုတ်နေတတ်ရာ
ဖွင့်ပေးရလေသည်။ တံခါးဖွင့်ပေးသည်နှင့် သူ့နေရာသူပြန်တက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါတော့သည်။
မနက်မိုးလင်းလျှင်လည်း မမကို အိပ်ယာမှ ထစေရန် ခြေထောက်ကို မနာစေရန်ဖွဖွလေးကိုက်၍ နှိုးတတ်သေးသည်။
ထိုမျှ လည်ပတ်သောကြောင်မကလေးဖြစ်သည်။
တစ်ရက်တွင် မမခရီးသွားရာ မိကျားလေးမှာအလွန်ပင်သနားစရာကောင်းသည်။
တစ်ညနေလုံး လှေကားထိပ်တွင်ထိုင်စောင့်ရာ မမ မပြန်လာသည်ကိုတွေ့လျှင် လှေကားပေါ်တက်လိုက်၊
ဆင်းလိုက်နှင့် မျှော်ရှာသည်။ သို့နှင့် ညသို့ရောက်သွားသောအခါ တစ်ညလုံး တစ်ညောင်ညောင်အော်လျက်
မမအခန်းရှေ့ တွင် ခေါက်တုံ့၊ ခေါက်ပြန် လမ်းလျှောက်ကာ မအိပ်နိုင်ဘဲ မမကို ရှာဖွေနေလေသည်။
အလွန်ပင်သနားစရာကောင်းသည်။ နောက်ရက် မမ ပြန်လာသောအခါ သူ့ခမျာ ဝမ်းသာအားရနှင့် ပြေးကြိုရှာသည်။
ထိုနေ့တစ်နေ့လုံး မမအနားမှမခွာတော့။ ထိုမှတစ်ပါး မမအိပ်တွင်ရှိစဉ်တစ်လျှောက်လုံးလည်း
မမအနောက်မှ တစ်ကောက်ကောက်လိုက်နေလေတော့သည်။ မမဘုရားကန်တော့လျှင် မမဘေးတွင်လဲလျောင်းလျက်စောင့်သည်။
မမ အိမ်ပေါ်တက်လျှင် နောက်မှအမြှီးတစ်ထောင်ထောင်နှင့် လှေကားမှလိုက်တက်သည်။ မမအိမ်အောက်ဆင်းလျှင်
သူပါ အနောက်မှ အပြေးဆင်းသည်။မမအခန်းထဲဝင်လျှင် သူလိုက်ဝင်သည်။ မမအခန်းထဲမှထွက်လျှင်
လိုက်ထွက်ပြန်သည်။ မမသွားလေရာ တစ်အိမ်လုံးအနှံ့လျှောက်လိုက်နေတော့သည်။ မမက သူ့ကို
“သမီး” ဟုခေါ်ကာစကားပြောလျှင် နားလည်သည့် မျက်လုံးဝိုင်းကြီးများနှင့်ကြည့်ကာ ငြိမ်နားထောင်နေတတ်သည်။
တစ်ခါတစ်ရံ ပြန်လည်းပြောသေးသည်။ ကြောင်စကားနှင့် “ညောင်” ဟုပြောသောကြောင့် ဘာပြန်ပြောမှန်းကိုမူ
ကျွန်တော်တို့နားမလည်ပေ။ သို့သော် ပြောသမျှကို “ဟုတ်ကဲ့” ဟုလိုက်သည်ဟု မမက အခိုင်အမာဆိုလေသည်။
ထိုမျှလိမ္မာရေးခြားရှိပြီး၊ အသိညဏ်ကြီးသောကြောင်ကလေးသည် ကျွန်တော်အဝေးသို့ရောက်နေစဉ်
ဖျားနာ၍ သေသွားရှာသည်။ သူ့ခမျာ အသက်ကလည်း ကြီးပြီဖြစ်သည်။ ကျွန်တော်တို့နှင့်နေခဲ့သော
နှစ်ပေါင်းကပင် ၁၁ နှစ်၊ ၁၂ ခန့်ရှိမည်ဖြစ်သည်။ မိကျားသေသောအခါ မမ အလွန်ငိုသည် ဟုလည်း
သိရသည်။ ငိုရှာပေမည်။ သူနှင့် မခွဲမခွာ၊ အမြဲနေ၍ စကားနားထောင်သော ကြာင်လိမ္မာလေးမဟုတ်ပါလား။
ကြောင်မျိုးပြုတ်ခြင်း
မိကျားသေသွားသဖြင့် အသည်းအသန်ငိုသောမမကို သနားသောကြောင့်
နယ်မှကျွန်တော့ဦးလေးက ကြောင်လေးတစ်ကောင်ယူလာပေးပြန်သည်။ အိမ်တွင်မိကျားအပြင် အခြားကြောင်ထီးလေးတစ်ကောင်လည်းရှိနှင့်ပြီးဖြစ်သည်။
ကြောင်ငပျင်းလေးဖြစ်၍ အားလျှင်အိပ်နေကာ သွားနှိုးပါကလည်း အိပ်ချင်မူးတူးမျက်လုံးကြီးများနှင့်ကြည့်ပြီး
မညောင်တစ်ညောင်သာ ထူးတတ်သည့် ကြောင်ဝတုတ်ဖီးဖြစ်သည်။ ဗိုက်နှင့်ကိုယ်ခန္ဓာတစ်ခုလုံးဖြူဖွေးနေပြီး
ကျောပေါ်တွင် အမည်းကွက်လေးများစပ်ထားသဖြင့် ဖြူစပ်ဟုခေါ်သည်။ စားလိုက်၊ အိပ်လိုက်နှင့်သာ
အပျင်းထူနေသဖြင့် ဝဖီးနေပြီး အလွန်လှသည်။ သဘောလည်းကောင်း၍ အိပ်နေလျှင် မှောက်မှောက်၊
လှန်လှန် ဆက်အိပ်လေ့ရှိသည်။ ဖြူစပ်နှင့် အသစ်ရောက်လာသော ကြောင်ညိုလေးပေါင်းသောအခါ ကြောင်နှစ်ကောင်ဖြစ်လာသည်။
မမသည် တစ်ရက်တွင် ဘယ်လမ်းဘေးမှမှန်းမသိ ကြောင်သားလေးတစ်ကောင်
ကောက်လာပြန်သည်။ သူ့အဆိုအရ လမ်းဘေးတွင် ပိန်ကပ်၍ ကျွေးသူမဲ့ဖြစ်နေသောကြောင့် သနားကာခေါ်လာသည်ဟု
သိရသည်။ မိကျားလည်းမရှိတော့၍ ကြောင်ကလေးကိုလည်းချစ်ရှာသည်။ထိုကြောင်လေးမှာ အိမ်တွင်ရောက်ပြီးမကြာ
ဝဖီးလာတော့သည်။ ထိုမျှမက အိမ်မှရှိပြီးနှစ်ကောင်ကိုပင် ဗိုလ်ကျလာတတ်သည်။ အစာစားလျှင်
လောက်ငအောင် ပိုပိုလျှံလျှံကျွေးထားပါလျက် သူတစ်ကောင်တည်း အစာခွက်အားလုံးကို မောင်ပိုင်စီးချင်သည်။
ဖြူစပ်အိပ်နေကျ ကုလားထိုင်ကို လုအိပ်သည်။ အိမ်တွင်လည်း သတင်းစာများကို ကိုက်၍အမှိုက်ဖွသည်။
ဖြူစပ်မှာထိုသို့မလုပ်တတ်။ သူ့ဟာသူစားပြီးအိပ်၊ အိပ်ပြီးစား အေးအေးချမ်းချမ်းနေသူဖြစ်သည်။
ထိုကြောင်ငပိန်လေးသည် အပြင်မှရောဂါလည်းသယ်လာသေးသည်။ ဖျားနာ၍ တိရစ္ဆာန်ဆေးကုခန်းကို အကြိမ်ကြိမ်သွားကာ
သူ့အသက်ကိုကယ်ရသည်။ မကြာမြင့်မီပင် သူနေကောင်းသွားသော်လည်း သူ့ထံမှရောဂါကူးစက်ခံရသူ
အိမ်မှဖြူစပ်နှင့် နယ်ကရောက်လာသည့်ကြောင်၊ ကြောင်နှစ်ကောင်မှာ မာလကီးယားလေသည်။ သူသာ
သက်ဆိုးရှည်၍ တစ်ကောင်တည်းကျန်ခဲ့သည်။ မောင်သက်ပြင်းလေးလည်း နောက်တစ်ခါ ထပ်ဖျားသောအခါ
အသက်မပြင်းနိုင်တော့ပဲ နတ်ရွာလားလေရာ အိမ်တွင်ကြောင်မျိုးပြုတ်လေသည်။
ကြောင်အသစ်လေးများ
ကျွန်တော် ခရီးဝေးမှ အိမ်ပြန်လာသောအခါ အသစ်ရောက်ရှိနေသော
ကြောင်အသစ်ကလေးနှစ်ကောင်ကိုတွေ့ရလေသည်။ သူတို့နှစ်ကောင်မှမူ လူနှင့်အလွန်စိမ်းကာ လူကြောက်၍
အိမ်အပေါ်ထပ် ဘုရားစင်တွင် ဌာနချုပ်လုပ်ပုန်းအောင်းနေထိုင်ကြလေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့
ထိုကြောင်လေးများသည်လည်း ကျွန်တော်နှင့်ရင်းနှီးလာကြပါလိမ့်မည်။