Saturday, July 4, 2020

စူပါဟီးရိုးများနဲ့ ကျွန်တော့်ကမ္ဘာ

စူပါဟီးရိုးများနဲ့ ကျွန်တော့်ကမ္ဘာ
-----------------------------
ဟိုး….ခပ်ငယ်ငယ် ပထမတန်းကလေးဘဝမှာ “ငါတို့ညီအစ်ကိုဆီမှာ လိပ်နင်ဂျာဝတ်စုံတွေရှိတယ်ကွ၊ ငါတို့က ညမိုးချုပ်ရင် အဲဒါတွေဝတ်ပြီးကင်းလှည့်တာ” ဆိုတဲ့ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ရဲ့ကြွားလုံးတွေကို ကလေးပီပီ အဟုတ်မှတ်ပြီး အထင်တကြီးအားကျခဲ့ဖူးတယ်။ သူငယ်ချင်းတွေအချင်းချင်း အပြိုင်အဆိုင်ပြောကြ၊ ငြင်းကြခုန်ကြ၊ မဟုတ်တာတွေအဟုတ်လုပ်ကြွားကြရင်းကနေ ကျောမှာဝတ်ရုံတပ်၊ လေအရမ်းတိုက်ချိန်မှာ အတင်းပြေးပြီးခုန်လိုက်ရင် စူပါမင်းလိုပျံနိုင်လိမ့်မယ်လို့ တွေးခဲ့ကြဖူးလို့ အဖေတွေရဲ့ပုဆိုးတွေလည်ပင်းမှာချည်၊ စူပါမင်းဝတ်ရုံလုပ်လို့ ခုန်ဆွ ခုန်ဆွနဲ့လဲပြေးခဲ့ကြဖူးတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ တီဗီကနေ The Flash ရုပ်ရှင်လာတော့ ကိုယ့်ကိုယ်ကို The Flash လောက်နီးနီး လျှပ်စီးလက်သလိုမြန်တယ်အထင်နဲ့ သူ့အဖေမောင်းနေတဲ့ကားရှေ့ကနေကပ်ပြီး ဖြတ်ပြေးတဲ့သူငယ်ချင်းတစ်ကောင်အကြောင်းလဲ ကြားဖူးတယ်။ ကလေးတွေတင်မဟုတ်ပါဘူး။ လူကြီးတွေတောင် လူစွမ်းကောင်းလို့ခေါ်တဲ့ စူပါဟီးရိုဆိုကြိုက်ကြလွန်းလို့ အဲခေတ်က မြန်မာစူပါမင်းဆိုပြီး မင်းသားထွန်းလုံရှိန်က ဗီဒီယိုလား၊ ရုပ်ရှင်လားတောင်တစ်ကားရိုက်ခဲ့သေး။ နောက် တရုတ်သိုင်းကားလှိုင်းလုံးကြီး မြန်မာပြည်ကိုဝင်ဆောင့်တော့ စွန်ဝူးခုန်းကွ၊ ပိုးမင်းသားကွ၊ ကျန်ကျောင်းကွတွေဖြစ်ကုန်ကြရော။

အမေရိကန်နိုင်ငံထုတ် ကောမစ် comic ကာတွန်းတွေကဖန်တီးလိုက်တဲ့ စူပါဟီးရိုးတွေထဲမှာ ရှေးအကျဆုံးနဲ့ လူသိအများဆုံး၊ နာမည်အကြီးဆုံးက စူပါမင်းဖြစ်လိမ့်မယ်ထင်တယ်။ လူသားတစ်ယောက်စိတ်ကူးယဉ်ဖို့အကောင်းဆုံး အစွမ်းတွေအားလုံးဖြစ်တဲ့ မသေနိုင်တာ၊ မိုးပေါ်ပျံနိုင်တာ၊ လျှင်မြန်ဖြတ်လတ်တာ၊ အတိုင်းအဆမဲ့ခွန်အားကြီးတာ၊ စတဲ့အစွမ်းတွေကိုပိုင်ဆိုင်တဲ့ စူပါမင်းကို ဂြိုဟ်သားတစ်ယောက်အဖြစ်ပုံဖော်လို့ သူ့အစွမ်းတွေဘယ်လိုရခဲ့တဲ့အကြောင်းရှင်းပြခဲ့ကြတယ်။ နောက်တော့ မိုးကြိုးပစ်ခံရတဲ့ကောင်တွေ၊ ပင့်ကူကိုက်ခံရတဲ့ကောင်တွေ၊ ဓါတုပစ္စည်းတွေနဲ့ထိတွေ့ခဲ့တဲ့ကောင်တွေ အကုန်လုံး စူပါပါဝါတွေရပြီး စူပါဟီးရိုးတွေဖြစ်ကုန်ရော။ ကလေးဘဝမှာဘာမသိညာမသိနဲ့ မိုးကြိုးပစ်ခံရဖို့၊ ပင့်ကူကိုက်ခံရဖို့၊ ဓါတုပစ္စည်းပုံးကြီး ကိုယ့်ပေါ်မှောက်ကျဖို့ ကြိတ်ဆုတောင်းခဲ့တာတွေ မပြည့်ခဲ့တာကံကောင်း။ တစ်ချိန်ထဲမှာပဲ တရုတ်ပြည်က သိုင်းဝတ္ထုတွေထဲက လူစွမ်းကောင်းတွေကလဲ သူ့နည်းသူ့ဟန်နဲ့သူ မခေကြ။ နှစ်တစ်ထောင်ရေခဲတောင်ကြာပွင့်စားမိတဲ့ကောင်နဲ့၊ချောက်ထဲပြုတ်ကျပြီး ပြိုင်ဘက်ကင်းသိုင်းကျမ်းထုပ်နဲ့ညားတဲ့ကောင်နဲ့၊ နှစ်၅၀လောက်ကျင့်လာတဲ့အတွင်းအား သွင်းပေးခံရလို့ တစ်ညထဲနဲ့လူစွမ်းကောင်းဖြစ်သွားတဲ့ကောင်နဲ့ စွမ်းချက်တွေက အားကျစရာ။ ကိုယ့်မှာသာ ချောက်တွေ့ရင်ပဲ ခုန်ချရတော့မလို၊ တွေ့သမျှနွယ်ပင်၊ မြက်ပင်ပဲပြေးစားရတော့မလို၊ ဖုန်းတောင်းယာစကအဖိုးကြီးတွေမြင်ရင်ပဲ ဆရာပြေးခေါ်ရတော့မလိုနဲ့ ရူးခဲ့ရတာ။ စူပါဟီးရိုးရုပ်ရှင်၊ လူစွမ်းကောင်းရုပ်ရှင်ပါ တချို့အကြောင်းအရာတွေက လူကြီးတစ်ယောက်ကသာ ဖေးမရှင်းပြမှုမရှိခဲ့ရင် ကလေးသူငယ်တွေကို အထင်လွဲအမြင်လွဲဖြစ်ဖို့အားပေးနေသလိုလို။ သိပ်ကြိုက်ရတဲ့ အမေရိကန် စူပါဟီးရိုးအများစုကလဲ မတော်တဆဖြစ်မှုတွေကနေ စူပါပါဝါတွေ အချောင်ရလာကြသကိုး။

ဂျပန်ကာတွန်းရုပ်ရှင် anime တွေမှာတော့ လူစွမ်းကောင်းတွေက အမေရိကန်လူစွမ်းကောင်းဇာတ်ကောင်တွေပုံစံကနေသိသိသာသာခွဲထွက်လာတာ သတိထားမိတယ်။ ၁၉နှစ်လောက်ကြာအောင်ထုတ်လွှင့်ပြီး၊ ဟိုတလောလေးကမှဇာတ်သိမ်းသွားတဲ့ နာရူတို naruto ဇာတ်လမ်းတွဲ၊ နှစ်ပေါင်းနှစ်ဆယ်လောက်လွှင့်နေတာတောင် ဇာတ်မသိမ်းနိုင်သေးတဲ့ one piece ဇာတ်လမ်းတွဲနဲ့ တခြားနာမည်ကြီးဂျပန်ကာတွန်းရုပ်ရှင်တော်တော်များများမှာဆိုရင် စွမ်းတဲ့သူတစ်ယောက်ဖြစ်ဖို့ မလျှော့သောလုံ့လနဲ့ အကြီးအကျယ်ကြိုးစားအားထုတ်ဖို့လိုကြောင်း ဂျပန်ကလေးငယ်တွေကိုနမူနာပေးတယ်။ ဂျပန် anime ရုပ်ရှင်တွေထဲမှာ ပထမဆုံးအောင်မြင်သွားတဲ့ Dragon Ball မှာကတည်းက အဓိကဇာတ်ကောင် Goku ဟာပြောစမှတ်ပြုရလောက်အောင် ကြိုးစားအားထုတ်ခဲ့တယ်လို့ဆိုတယ်။ ဂျပန်ကာတွန်းလူစွမ်းကောင်းလောကမှာ ဘာမှ ကြိုးစားအားထုတ်၊ လေ့ကျင့်စရာမလိုပဲ အကောင်ကိုက်ခံရရုံ၊ ဆေးစားမှားရုံ၊ တခြားကမ္ဘာကလာရုံနဲ့ စူပါဟီးရိုးဖြစ်သွားတဲ့ကောင်မျိုးထက် အသည်းအသန်ကြိုးစားအားထုတ်လေ့ကျင့်ပြီး အဆင့်တွေတစ်ဆင့်ပြီး တစ်ဆင့်တက်သွားတဲ့လူစွမ်းကောင်းမျိုးကိုဦးစားပေးတယ်လို့ ဆိုရမှာပေါ့။

နေထိုင်တဲ့နိုင်ငံတွေကွဲပြားကြ၊ လူမျိုးတွေကွဲကြပေမဲ့ ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုလုပ်နိုင်တဲ့ စူပါဟီးရိုးတွေကို ကြိုက်တတ်ကြတာချင်းကတော့ လူတိုင်းအတူတူပဲဖြစ်လိမ့်မယ်ထင်တယ်။ မြန်မာပြည်မှာလဲ ပျူစောထီး၊ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ သမိန်းဗရမ်း၊ လဂွန်းအိမ်ကစလို့ ဒီနေ့ခေတ် ဗိုလ်ချုပ်အောင်ဆန်းတို့သားအဖထိ သမိုင်းပါ၊ ဒဏ္ဍာရီပါ၊ ရာဇဝင်ပါလူစွမ်းကောင်းတွေကို နှစ်သက်သဘောကျကြတုန်းပါပဲ။ သူရဲကောင်းကိုပဲကိုးကွယ်လွန်းတဲ့အခါမှာ သူရဲကောင်းတစ်ယောက်ရဲ့စိတ်သဘောထားကြီးမြတ်မှု၊ ပေးဆပ်ရင်းနှီးခဲ့ရမှု၊ ကြိုးစားလေ့လာခဲ့ရမှု၊ သည်းခံလေ့ကျင့်ခဲ့မှုစတာတွေကိုအားမကျတော့ပဲ လူကြိုက်များမှု၊ ထင်ပေါ်ကျော်ကြားမှုတွေကိုသာအားကျရုံမက တစ်ခုခုဆိုရင်လဲ ကိုယ့်ဖက်ကကြိုးစားအားထုတ်မှုအစား သူရဲကောင်းကိုသာ ပုံအပ်ပြီးအားကိုးလိုတဲ့ သူရဲကောင်းမျှော်ဝါဒမျိုး မသိမသာနဲ့ တဖြည်းဖြည်းစိတ်ထဲမှာစွဲလာကြတော့တယ်။ စိတ်မထားတတ်တဲ့အတွက်ရတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပြောရမယ်ထင်တယ်။
စူပါဟီးရိုးတွေကို ကလေးတွေက ပေါ်ပေါ်တင်တင်သဘောကျတယ်၊ အားကျတယ်။ လူကြီးတွေက မသိစိတ်ထဲကနေစွဲလမ်းအားကျတယ်။ လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေ၊ စူပါဟီးရိုးတွေကိုချစ်သလို၊ အားကျသလို ကိုယ်ကိုယ်တိုင်ရဲ့ စိတ်နေစိတ်ထားနဲ့ ကြိုးစားအားထုတ်မှုကိုလဲမြှင့်တင်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကလေးဘဝတုန်းကလိုမျိုး အကောင်အကိုက်ခံရချင်သလိုလို၊ ကားရှေ့ပြေးဝင်ပြီးအစွမ်းပြချင်သလိုလို၊ ပုဆိုးကျောမှာချည်ပြီး ခုန်ဆွခုန်ဆွလုပ်ချင်သလိုလိုအဆင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ စူပါဟီးရိုးတွေကိုအားကျတဲ့အခါ သူတို့စိတ်နေစိတ်ထားနဲ့ ကြိုးစားအားထုတ်လေ့လာမှုကိုပါအားကျဖို့ပါပဲ။ ။
(ဓါတ်ပုံ : Internet )

မောင်ဇိ
ဇူလိုင်၂၃၊ ၂၀၁၇။
___________________
စူပါဟီး႐ိုးမ်ားနဲ႔ ကြၽန္ေတာ့္ကမာၻ
-----------------------------
ဟိုး….ခပ္ငယ္ငယ္ ပထမတန္းကေလးဘဝမွာ “ငါတို႔ညီအစ္ကိုဆီမွာ လိပ္နင္ဂ်ာဝတ္စုံေတြရွိတယ္ကြ၊ ငါတို႔က ညမိုးခ်ဳပ္ရင္ အဲဒါေတြဝတ္ၿပီးကင္းလွည့္တာ” ဆိုတဲ့ သူငယ္ခ်င္းညီအစ္ကိုႏွစ္ေယာက္ရဲ႕ႂကြားလုံးေတြကို ကေလးပီပီ အဟုတ္မွတ္ၿပီး အထင္တႀကီးအားက်ခဲ့ဖူးတယ္။ သူငယ္ခ်င္းေတြအခ်င္းခ်င္း အၿပိဳင္အဆိုင္ေျပာၾက၊ ျငင္းၾကခုန္ၾက၊ မဟုတ္တာေတြအဟုတ္လုပ္ႂကြားၾကရင္းကေန ေက်ာမွာဝတ္႐ုံတပ္၊ ေလအရမ္းတိုက္ခ်ိန္မွာ အတင္းေျပးၿပီးခုန္လိုက္ရင္ စူပါမင္းလိုပ်ံႏိုင္လိမ့္မယ္လို႔ ေတြးခဲ့ၾကဖူးလို႔ အေဖေတြရဲ႕ပုဆိုးေတြလည္ပင္းမွာခ်ည္၊ စူပါမင္းဝတ္႐ုံလုပ္လို႔ ခုန္ဆြ ခုန္ဆြနဲ႔လဲေျပးခဲ့ၾကဖူးတယ္။ ၁၉၉၀ ျပည့္ႏွစ္ေတြမွာ တီဗီကေန The Flash ႐ုပ္ရွင္လာေတာ့ ကိုယ့္ကိုယ္ကို The Flash ေလာက္နီးနီး လွ်ပ္စီးလက္သလိုျမန္တယ္အထင္နဲ႔ သူ႔အေဖေမာင္းေနတဲ့ကားေရွ႕ကေနကပ္ၿပီး ျဖတ္ေျပးတဲ့သူငယ္ခ်င္းတစ္ေကာင္အေၾကာင္းလဲ ၾကားဖူးတယ္။ ကေလးေတြတင္မဟုတ္ပါဘူး။ လူႀကီးေတြေတာင္ လူစြမ္းေကာင္းလို႔ေခၚတဲ့ စူပါဟီး႐ိုဆိုႀကိဳက္ၾကလြန္းလို႔ အဲေခတ္က ျမန္မာစူပါမင္းဆိုၿပီး မင္းသားထြန္းလုံရွိန္က ဗီဒီယိုလား၊ ႐ုပ္ရွင္လားေတာင္တစ္ကား႐ိုက္ခဲ့ေသး။ ေနာက္ တ႐ုတ္သိုင္းကားလႈိင္းလုံးႀကီး ျမန္မာျပည္ကိုဝင္ေဆာင့္ေတာ့ စြန္ဝူးခုန္းကြ၊ ပိုးမင္းသားကြ၊ က်န္ေက်ာင္းကြေတြျဖစ္ကုန္ၾကေရာ။

အေမရိကန္ႏိုင္ငံထုတ္ ေကာမစ္ comic ကာတြန္းေတြကဖန္တီးလိုက္တဲ့ စူပါဟီး႐ိုးေတြထဲမွာ ေရွးအက်ဆုံးနဲ႔ လူသိအမ်ားဆုံး၊ နာမည္အႀကီးဆုံးက စူပါမင္းျဖစ္လိမ့္မယ္ထင္တယ္။ လူသားတစ္ေယာက္စိတ္ကူးယဥ္ဖို႔အေကာင္းဆုံး အစြမ္းေတြအားလုံးျဖစ္တဲ့ မေသႏိုင္တာ၊ မိုးေပၚပ်ံႏိုင္တာ၊ လွ်င္ျမန္ျဖတ္လတ္တာ၊ အတိုင္းအဆမဲ့ခြန္အားႀကီးတာ၊ စတဲ့အစြမ္းေတြကိုပိုင္ဆိုင္တဲ့ စူပါမင္းကို ၿဂိဳဟ္သားတစ္ေယာက္အျဖစ္ပုံေဖာ္လို႔ သူ႔အစြမ္းေတြဘယ္လိုရခဲ့တဲ့အေၾကာင္းရွင္းျပခဲ့ၾကတယ္။ ေနာက္ေတာ့ မိုးႀကိဳးပစ္ခံရတဲ့ေကာင္ေတြ၊ ပင့္ကူကိုက္ခံရတဲ့ေကာင္ေတြ၊ ဓါတုပစၥည္းေတြနဲ႔ထိေတြ႕ခဲ့တဲ့ေကာင္ေတြ အကုန္လုံး စူပါပါဝါေတြရၿပီး စူပါဟီး႐ိုးေတြျဖစ္ကုန္ေရာ။ ကေလးဘဝမွာဘာမသိညာမသိနဲ႔ မိုးႀကိဳးပစ္ခံရဖို႔၊ ပင့္ကူကိုက္ခံရဖို႔၊ ဓါတုပစၥည္းပုံးႀကီး ကိုယ့္ေပၚေမွာက္က်ဖို႔ ႀကိတ္ဆုေတာင္းခဲ့တာေတြ မျပည့္ခဲ့တာကံေကာင္း။ တစ္ခ်ိန္ထဲမွာပဲ တ႐ုတ္ျပည္က သိုင္းဝတၳဳေတြထဲက လူစြမ္းေကာင္းေတြကလဲ သူ႔နည္းသူ႔ဟန္နဲ႔သူ မေခၾက။ ႏွစ္တစ္ေထာင္ေရခဲေတာင္ၾကာပြင့္စားမိတဲ့ေကာင္နဲ႔၊ေခ်ာက္ထဲျပဳတ္က်ၿပီး ၿပိဳင္ဘက္ကင္းသိုင္းက်မ္းထုပ္နဲ႔ညားတဲ့ေကာင္နဲ႔၊ ႏွစ္၅၀ေလာက္က်င့္လာတဲ့အတြင္းအား သြင္းေပးခံရလို႔ တစ္ညထဲနဲ႔လူစြမ္းေကာင္းျဖစ္သြားတဲ့ေကာင္နဲ႔ စြမ္းခ်က္ေတြက အားက်စရာ။ ကိုယ့္မွာသာ ေခ်ာက္ေတြ႕ရင္ပဲ ခုန္ခ်ရေတာ့မလို၊ ေတြ႕သမွ်ႏြယ္ပင္၊ ျမက္ပင္ပဲေျပးစားရေတာ့မလို၊ ဖုန္းေတာင္းယာစကအဖိုးႀကီးေတြျမင္ရင္ပဲ ဆရာေျပးေခၚရေတာ့မလိုနဲ႔ ႐ူးခဲ့ရတာ။ စူပါဟီး႐ိုး႐ုပ္ရွင္၊ လူစြမ္းေကာင္း႐ုပ္ရွင္ပါ တခ်ိဳ႕အေၾကာင္းအရာေတြက လူႀကီးတစ္ေယာက္ကသာ ေဖးမရွင္းျပမႈမရွိခဲ့ရင္ ကေလးသူငယ္ေတြကို အထင္လြဲအျမင္လြဲျဖစ္ဖို႔အားေပးေနသလိုလို။ သိပ္ႀကိဳက္ရတဲ့ အေမရိကန္ စူပါဟီး႐ိုးအမ်ားစုကလဲ မေတာ္တဆျဖစ္မႈေတြကေန စူပါပါဝါေတြ အေခ်ာင္ရလာၾကသကိုး။

ဂ်ပန္ကာတြန္း႐ုပ္ရွင္ anime ေတြမွာေတာ့ လူစြမ္းေကာင္းေတြက အေမရိကန္လူစြမ္းေကာင္းဇာတ္ေကာင္ေတြပုံစံကေနသိသိသာသာခြဲထြက္လာတာ သတိထားမိတယ္။ ၁၉ႏွစ္ေလာက္ၾကာေအာင္ထုတ္လႊင့္ၿပီး၊ ဟိုတေလာေလးကမွဇာတ္သိမ္းသြားတဲ့ နာ႐ူတို naruto ဇာတ္လမ္းတြဲ၊ ႏွစ္ေပါင္းႏွစ္ဆယ္ေလာက္လႊင့္ေနတာေတာင္ ဇာတ္မသိမ္းႏိုင္ေသးတဲ့ one piece ဇာတ္လမ္းတြဲနဲ႔ တျခားနာမည္ႀကီးဂ်ပန္ကာတြန္း႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာဆိုရင္ စြမ္းတဲ့သူတစ္ေယာက္ျဖစ္ဖို႔ မေလွ်ာ့ေသာလုံ႔လနဲ႔ အႀကီးအက်ယ္ႀကိဳးစားအားထုတ္ဖို႔လိုေၾကာင္း ဂ်ပန္ကေလးငယ္ေတြကိုနမူနာေပးတယ္။ ဂ်ပန္ anime ႐ုပ္ရွင္ေတြထဲမွာ ပထမဆုံးေအာင္ျမင္သြားတဲ့ Dragon Ball မွာကတည္းက အဓိကဇာတ္ေကာင္ Goku ဟာေျပာစမွတ္ျပဳရေလာက္ေအာင္ ႀကိဳးစားအားထုတ္ခဲ့တယ္လို႔ဆိုတယ္။ ဂ်ပန္ကာတြန္းလူစြမ္းေကာင္းေလာကမွာ ဘာမွ ႀကိဳးစားအားထုတ္၊ ေလ့က်င့္စရာမလိုပဲ အေကာင္ကိုက္ခံရ႐ုံ၊ ေဆးစားမွား႐ုံ၊ တျခားကမာၻကလာ႐ုံနဲ႔ စူပါဟီး႐ိုးျဖစ္သြားတဲ့ေကာင္မ်ိဳးထက္ အသည္းအသန္ႀကိဳးစားအားထုတ္ေလ့က်င့္ၿပီး အဆင့္ေတြတစ္ဆင့္ၿပီး တစ္ဆင့္တက္သြားတဲ့လူစြမ္းေကာင္းမ်ိဳးကိုဦးစားေပးတယ္လို႔ ဆိုရမွာေပါ့။

ေနထိုင္တဲ့ႏိုင္ငံေတြကြဲျပားၾက၊ လူမ်ိဳးေတြကြဲၾကေပမဲ့ ကိုယ္မလုပ္ႏိုင္တဲ့အရာေတြကိုလုပ္ႏိုင္တဲ့ စူပါဟီး႐ိုးေတြကို ႀကိဳက္တတ္ၾကတာခ်င္းကေတာ့ လူတိုင္းအတူတူပဲျဖစ္လိမ့္မယ္ထင္တယ္။ ျမန္မာျပည္မွာလဲ ပ်ဴေစာထီး၊ အေနာ္ရထာ၊ က်န္စစ္သား၊ ဘုရင့္ေနာင္၊ သမိန္းဗရမ္း၊ လဂြန္းအိမ္ကစလို႔ ဒီေန႔ေခတ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔သားအဖထိ သမိုင္းပါ၊ ဒ႑ာရီပါ၊ ရာဇဝင္ပါလူစြမ္းေကာင္းေတြကို ႏွစ္သက္သေဘာက်ၾကတုန္းပါပဲ။ သူရဲေကာင္းကိုပဲကိုးကြယ္လြန္းတဲ့အခါမွာ သူရဲေကာင္းတစ္ေယာက္ရဲ႕စိတ္သေဘာထားႀကီးျမတ္မႈ၊ ေပးဆပ္ရင္းႏွီးခဲ့ရမႈ၊ ႀကိဳးစားေလ့လာခဲ့ရမႈ၊ သည္းခံေလ့က်င့္ခဲ့မႈစတာေတြကိုအားမက်ေတာ့ပဲ လူႀကိဳက္မ်ားမႈ၊ ထင္ေပၚေက်ာ္ၾကားမႈေတြကိုသာအားက်႐ုံမက တစ္ခုခုဆိုရင္လဲ ကိုယ့္ဖက္ကႀကိဳးစားအားထုတ္မႈအစား သူရဲေကာင္းကိုသာ ပုံအပ္ၿပီးအားကိုးလိုတဲ့ သူရဲေကာင္းေမွ်ာ္ဝါဒမ်ိဳး မသိမသာနဲ႔ တျဖည္းျဖည္းစိတ္ထဲမွာစြဲလာၾကေတာ့တယ္။ စိတ္မထားတတ္တဲ့အတြက္ရတဲ့ ေဘးထြက္ဆိုးက်ိဳးတစ္ခုလို႔ေျပာရမယ္ထင္တယ္။
စူပါဟီး႐ိုးေတြကို ကေလးေတြက ေပၚေပၚတင္တင္သေဘာက်တယ္၊ အားက်တယ္။ လူႀကီးေတြက မသိစိတ္ထဲကေနစြဲလမ္းအားက်တယ္။ လူစြမ္းေကာင္းေတြ၊ သူရဲေကာင္းေတြ၊ စူပါဟီး႐ိုးေတြကိုခ်စ္သလို၊ အားက်သလို ကိုယ္ကိုယ္တိုင္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ႀကိဳးစားအားထုတ္မႈကိုလဲျမႇင့္တင္ဖို႔ေတာ့ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ကေလးဘဝတုန္းကလိုမ်ိဳး အေကာင္အကိုက္ခံရခ်င္သလိုလို၊ ကားေရွ႕ေျပးဝင္ၿပီးအစြမ္းျပခ်င္သလိုလို၊ ပုဆိုးေက်ာမွာခ်ည္ၿပီး ခုန္ဆြခုန္ဆြလုပ္ခ်င္သလိုလိုအဆင့္ပဲ ျဖစ္ပါလိမ့္မယ္။ ဒီေတာ့ စူပါဟီး႐ိုးေတြကိုအားက်တဲ့အခါ သူတို႔စိတ္ေနစိတ္ထားနဲ႔ ႀကိဳးစားအားထုတ္ေလ့လာမႈကိုပါအားက်ဖို႔ပါပဲ။ ။
(ဓါတ္ပုံ : Internet )

ေမာင္ဇိ
ဇူလိုင္၂၃၊ ၂၀၁၇။

No comments:

Post a Comment